Monday, July 11, 2011

ကိုယ်တွေ့ကြုံရ မီးရထားခရီးသည်ဘ၀(ခရီးသွား ဆောင်းပါး)

Freedom News Group အွန်လိုင်း စာမျက်နှာပေါ်က ၂၀၀၉ မတ်လ ၁၉ ရက်စွဲနဲ့ တင်ခဲ့တဲ့ ကလန်သံဗျင်ရဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်။

Freedom News မှာ သတင်းလေးတွေ့လို့ သတိရသွားမိတာလေး တစ်ခုကို ပြန်ရေးဖြစ်တာပါ..။ မီးရထားနဲ့ ပတ်သတ်ပြီး လူတွေတော်တော်များများ လက်ရှောင်ကြတာကို ဘာလို့လည်းလို့ကျွန်တော်လည်း နားမလည်မိပါဘူး..။ ရန်ကုန်ကနေသွားရင် နေပြည်တော်ဆို တရားဝင်လက်မှတ်ခက ရိုးရိုးတန်း ၉၀၀၊ အထက်တန်း ၁၈၀၀ ပဲရှိပါတယ်…။ မန္တလေးကို အထက်တန်းမှ ၂၀၀၀ ကျော်လား ၃၀၀၀ ကျော်လားမသိဘူး။ အဲ့လောက်ပါပဲ။ ကားခဟာ ရန်ကုန်-နေပြည်တော် အနည်းဆုံး ၅၀၀၀ ရှိပါတယ်.။ ဒါဟာ တလောလေးကမှ ဆီဈေးတွေကျလို့ အသံတွေထွက်လာပြီး တရားဝင်လျှော့ပေးလိုက်တဲ့ ဈေးနှုန်းပါ.။
ရထားနဲ့သွားရတာ ကြမ်းပိုးတွေကိုက်ပြီး တွဲစောင့်တွေက တင်ချင်သလိုတင်တဲ့ ရိုးရိုးတန်းကလွဲရင် သက်တောင့်သက်သာရှိပါတယ်။
Express ကားတွေမှာ အရပ်ရှည်တဲ့ ကျွန်တော့်အတွက် ထိုင်ရပြုရတာ အဆင်မပြေပါဘူး..။ အစားအသောက်အတွက်ကလွဲရင် ရထားနဲ့သွားရတာ ကျွန်တော့်အတွက်တော့ အဆင်အပြေဆုံး ခရီးသွားခြင်းပါပဲ။ ထိုင်ခုံတွေလည်းကျယ်တယ်.. ညောင်းရင်လည်း ခြေဆန့်လက်ဆန့်လျှောက်လို့ရတယ်..။

သတင်းသမားမဖြစ်ခင်ကတည်းက ရထားလက်မှတ်ဝယ်ဖို့ အခက်အခဲသိပ်မရှိခဲ့ပါဘူး..။ နေပြည်တော်ကို ၁၈၀၀ ဆိုရင် ၂၀၀၀-၂၅၀၀ ထိုးပေးလိုက်တယ်။ တစ်ရက်လောက်ကြိုဝယ်တာနဲ့တင် အဆင်ပြေတာများပါတယ်..။
အခုပြောမှာကတော့ ဖေဖော်ဝါရီ (၈)ရက်နေ့မနက်က နေပြည်တော်ကနေရန်ကုန်ကို ပြန်လာတဲ့အချိန်မှာ တွေ့ကြုံရတာလေး တစ်ခုပါ။ အကယ်ဒမီပွဲကိုသွားတက်ရင်း ပွဲပြီးနောက်နေ့မနက် ရန်ကုန်ကိုပြန်ပြီးတန်းဆင်းတာပါ။ လက်မှတ်ရောင်းတဲ့နေရာကို စရောက်တော့ မနက်လေးနာရီလောက်ပေမဲ့ တန်းစီနေတဲ့သူတွေ တော်တော်လေးများတာကို တွေ့ရပါတယ်။ ဘူတာရုံက လက်မှတ်ရောင်းတဲ့နေရာမှာလည်း လူပါးဝတာလေးတွေ မြင်ခဲ့ရပါတယ်..။ အထက်တန်းလက်မှတ်တန်းစီနေတဲ့ သူတွေကို ”အထက်တန်းလက်မှတ်ကုန်သွားပြီ တန်းစီနေလည်း အလကားပဲ” လို့လိုက်ပြောနေတဲ့သူ တစ်ယောက်ရှိတယ်.။ မီးရထားဝန်ထမ်းဝတ်စုံနဲ့ပါပဲ..။ ကျွန်တော့်ကိုတည့်တည့်ကြီးပြီးလာပြောလို့ ”ခင်ဗျားကဘယ်သူလည်း နာမည်ဘယ်သူလည်း လက်မှတ်ကုန်မကုန်ခင်ဗျားဘယ်လိုပြောနိုင်လည်း” လို့ မေးလိုက်တော့ ပြန်ထွက်သွားပါတယ်..။ တိုတိုပြောရရင်တော့ နောက်ဆုံး အထက်တန်းလက်မှတ်ကို ၂၀၀၀ နဲ့ ရလိုက်ပါတယ်..။ ၂၅၀၀ ပေးတာတောင် မယူဘူးခင်ဗျာ..။
ရထားပေါ်ကိုတက်လိုက်တယ် ။ အဲ့ဒီမှာစတွေ့တာပါ။ ကျွန်တော်လည်း အိတ်တွေကိုတင်နေရော ရထားတွဲအိမ်သာဘက်ကိုထွက်တဲ့ နားက အခန်းလေးမှာ အဖိုးကြီးအဖွားကြီးနှစ်ယောက်တွေ့တယ်။ နှစ်ယောက်လုံး ၆၀ ကျော်တွေပါ။ ကျွန်တော်ကို မရဲတရဲကြည့်ပြီး လာမေးတယ်။ ထိုင်ခုံနဲ့ထိုင်စီးတာ ဘယ်လောက်ပေးရလည်းတဲ့..။ ကျွန်တော်ကပြောပြလိုက်တော့ အဖွားကြီးမျက်ရည်လည်သွားတယ်ဗျာ..။ ဘာဖြစ်တာလည်းဆိုတာ မနေနိုင်လို့မေးမိတော့ ည ဆယ်နာရီလောက်ကတည်းက ရောက်နေတယ်တဲ့။ ရိုးရိုးတန်းရော ၊ အထက်တန်းရော လက်မှတ်ကုန်သွားပြီပြောလို့ ဘူတာက၀န်ထမ်းတွေကိုမေးကြည့်ရာကနေ… သူတို့အကူအညီပေးမယ်ပြောပြီး ဒီရထားပေါ်တက်ခိုင်းတယ်။ ကျွန်တော်မတက်လာသေးမီကပဲ တစ်ယောက်ကို (၄၅၀၀) ပေးရမယ်လို့ တွဲစောင့်ကလာပြောသွားတယ် ဆိုတာတွေအပြင် နှစ်ယောက်ပေါင်းမှ ပိုက်ဆံ (၅၅၀၀) ပဲပါတယ်၊ ရန်ကုန်ကနေ လက်ပံတန်းဘက်ကို ဆက်ပြန်ရဦးမယ် ဆိုတာတွေအားလုံးကို ပြောပြပါတယ်..။
ကျွန်တော်တော်တော်လေး စိတ်တိုသွားမိတယ်။ ပထမစိတ်တိုတာ အဖိုးကြီးအဖွားကြီးကို ဂရုဏာဒေါသောနဲ့ပါ။ ဒီလောက်တုံးရလားပေါ့ ။ မြန်မာလူမျိုးဆိုတာကလည်း နှပ်ချခံရရင် ကိုယ့်ဘာသာကိုယ်ဒေါသဖြစ်၊ ကိုယ့်လူကိုယ်စိတ်တိုမိတဲ့သဘောရှိတာကိုး။ ပိုက်ဆံကနှစ်ယောက်ပေါင်း လေးထောင်ပေးပြီးသွားပြီတဲ့..။ ရထားထွက်ရင် ထပ်ပေးရမယ်လို့ပြောသွားသတဲ့..။ အ၀တ်အစားနွမ်းဖတ်ဖတ်နဲ့ အိုကြီးအိုမ လင်မယားကို ဒီလောက်တောင် လုပ်ရက်တယ်ဆိုပြီး … ကဲ..အမေ..ပေးပြီးတာတော့ထားလိုက်တော့.. လာထပ်တောင်းရင် ကျွန်တော့်ကိုလာခေါ်..။ အမေတို့ စီးတာက လက်မှတ်မပါတော့ တရားမ၀င်ဘူး..။ လက်မှတ်စစ်လာရင် ဒီကောင်ကရှင်းပေးမှာ..။ သူလာရင်ကျွန်တော့်ကိုလာခေါ် ..။ အမေတို့ တူနဲ့တွေ့တယ်..။ သူပေးမယ်ပြောတယ်ဆိုပြီး ကျွန်တော့်လာခေါ်ဆိုပြီးနေလိုက်တယ်..။ ကျွန်တော်လည်း အလုပ်ကိစ္စနဲ့လာတာရယ် ပြန်ဖို့အတွက်ပဲချန်ပြီးထားတဲ့ ငွေရယ်ကြောင့် ပိုက်ဆံသိပ်များများမကျန်ပါဘူး..။ အဖိုးကြီးအဖွားကြီးကို ငွေ (၂၀၀၀) ထပ်လှူခဲ့ပြီးတော့ လက်ထဲမှာ (၁၅၀၀) ပဲကျန်တယ်..။
ရထားတောင်မထွက်ရသေးပါဘူး..။ ခရီးသည်တွေ စုံတော့ သကောင့်သားက တက်လာတယ်..။ လာမခေါ်ရပါဘူး ကျွန်တော်မြင်နေတာနဲ့ သွားပြောလိုက်တယ်..။ ဒီမှာလို့… ခင်ဗျားသူတို့ဆီကပိုက်ဆံထပ်မတောင်းနဲ့တော့..။ ဒီလောက်ရရင်တော်လောက်ရောပေါ့ လို့ပြောလိုက်တယ်။ ခင်ဗျားကိစ္စလားတဲ့ ခင်ဗျားဘယ်သူလည်းတဲ့ သကောင့်သားက ပြန်မေးတယ်ခင်ဗျ ။ကျွန်တော်ကလည်း
”ငါ့နာမည်ဘယ်သူလည်း၊ ငါဘာကောင်လည်း သိချင်ရင် ဟောဒီပိုက်ဆံအိတ်ထဲမှာ ငါ့ကတ်ရှိတယ်..။ သိချင်ရင်ဖွင့်ကြည့်.. မင်းဖွင့်ကြည့်ပြီးရင်တော့ ငါ့အလွန်တစ်ခုမှမပါဘူး.. မင်းသမိုင်းမင်းရွေး နိုင်တယ် ”လို့…ပြောချလိုက်တယ်…။
ဘာကောင်မှမဟုတ်ပဲ သက်သက်ဖြဲလိုက်တာပါ..။ ဒါပေမဲ့ ဒင်း နည်းနည်းလေးဖြုံသွားတယ်..။လေသံလည်းပျော့သွားတယ်.။ ကျွန်တော်ကကူညီတာပါတဲ့…။ ကျွန်တော်ခပ်တည်တည်ပဲ ဆက်ပြောလိုက်ပါတယ်..။ ”မင်းကူညီတယ်ဆိုရင် ကူညီရာရောက်အောင်ကူညီလိုက်..။ ကြားဘူတာမှာ ခုံလွတ်သွားရင် အဖိုးကြီးအဖွားကြီးကို နေရာပေးဖြစ်အောင်ပေးလိုက်ပါ..။ ငါလည်းရန်ကုန်အထိသွားမှာ ။ ရန်ကုန်မရောက်မီ အဖိုးကြီးအဖွားကြီး ပျောက်သွားရင် ငါရုံပိုင်နဲ့ပဲ စကားပြောမယ်..။ လက်မှတ်စစ်လာရင် မင်းဟာမင်းပြေလည်အောင်ရှင်း ။ သူတို့လမ်းမှာ တစ်ခုခုဖြစ်ရင် မင်းတာဝန်ပဲ” လို့…။ ကျွန်တော်ဘာကောင်မှမဟုတ်ပဲ သက်သက်ပြောလိုက်တာပါ..။ တကယ်လို့ တစ်ခုခုဖြစ်လာရင်လည်း တစ်ခုခုတော့ ထိထိရောက်ရောက်ပြန်လုပ်ဖို့ စဉ်းစားထားပါတယ်..။
ဒီလောက်ပါပဲ…။ တွဲစောင့်ကဘာမှကို ပြန်မပြောပဲ နောက်ဆုံးတော့ အဆင်ပြေသွားပါတယ်..။ တောင်ငူဘူတာကထွက်တော့ အဖိုးကြီးအဖွားကြီးမှာ ခုံလေးနဲ့ပေါ့..။ တန်ရာတန်ကြေးပါပဲ..။ အစိုးရကိုပေးရတာမဟုတ်ပေမဲ့.. ဒီလောက်တော့သူတို့ရသင့်ပါတယ်..။
ကျွန်တော်လမ်းမှာ စဉ်းစားမိပါတယ်..။ ကျွန်တော်တို့လူမျိုးက ကြောက်တတ်တာ.. မ၀ံ့မရဲရှိတာ… မအူမလည်လုပ်တတ်တာတွေကြောင့်
ကိုယ့်လူမျိုးချင်းတောင် အနိုင်ကျင့်တာခံနေရပါတယ်..။ နောက်ပြီး မတရားလုပ်တဲ့သူတွေလည်း သူတို့အပေါ်ပြန်ပြီး ဗိုလ်ကျတဲ့သူရှိတဲ့အခါ မချင့်ချိန်နိုင်တော့ပါပဲ… ကြောက်တတ်ကြတယ်ဆိုတာကိုလည်း တွေးမိပါတယ်..။ အဖိုးကြီးအဖွားကြီးက သွားမဲ့ခရီးအတွက် တန်ကြေးကို ပေးရတယ်။ မဆိုင်တဲ့သူကို ပေးတော့ တရားမ၀င်ဘူး.။ တွဲစောင့်က ငွေယူတယ် ။ တရားမ၀င်ဘူး။ ဒါပေမဲ့သူ့မှာ စီးခိုင်းနိုင်တဲ့ အခွင့်အာဏာရှိတယ်..။ တရားမ၀င်ပါဘူး။ တရားမ၀င်တဲ့ ကိစ္စတွေကြားမှာ ကျွန်တော်နည်းနည်း မခံချင်စိတ်နဲ့ လူလည်ဝင်လုပ်တာကိုလည်း စဉ်းစားမိတယ်..။ တရားမ၀င်ဘူး ဒါလည်း..။ နောက်ဆုံးတော့ ဖြေလိုက်နိုင်တာလေးတစ်ခုရှိပါတယ်..။ တရားမ၀င်တဲ့ လူတွေ လည်သလိုလုပ်နေတဲ့ နိုင်ငံမှာ လည်သလိုလုပ်ခဲ့တဲ့ ကျွန်တော်လည်း မတရားရာမကျပါဘူုးလေ…လို့ပါ။

0 comments:

Post a Comment