Showing posts with label Asia အာရှနိုင်ငံများ. Show all posts
Showing posts with label Asia အာရှနိုင်ငံများ. Show all posts

Monday, July 1, 2013

အင်ဒိုနီးရှား၊ အမ်းဘောင်မြို့ကိုအလည်တစ်ခေါက် ကိုယ်ရောက်တယ်

မင်းအောင်သက်လွင် (ခရီးသွားဆောင်းပါး)

၂၀၁၁

(နိဒါန်း)
̏ဟေး- မစ္စတာ မင်း၊ မနက်ဖြန် ခရီးထွက်ရမယ်။ အင်စပက်ရှင် စစ်ဆေးရေး သက်သက်ဘဲ။ အရှေ့အင်ဒိုနီးရှားကို သွားရမှာ။ ဟိုမှာ ၂ရက်ဘဲနေပြီး ပြန်လာခဲ့။ ဟောဒီမှာ လေယာဉ် လက်မှတ်၊ လိုအပ်တာ ပြင်ဖို့ ဒီနေ့စောစော အိမ်ပြန်။ ̋  လို့ မန်နေဂျာက ကျနော့်ကို လာပြောပါတယ်။
လေယာဉ် လက်မှတ်ကို ကြည့်လိုက်တော့ ကျနော် သွားရမဲ့နေရာက လျှပ်စစ် ဓါတ်အားပေး စက်ရုံ။ အမ်းဘောင်မြို့ Ambon (မာလုကူMaluku)။ အရှေ့အင်ဒိုနီးရှား ဖြစ်ပါတယ်။
လုပ်ရမဲ့ အလုပ်က အင်တာနေရှင်နယ် ကာတာပေလာ ကုမ္ပဏီ လက်အောက်က ထရန်ကင်ဒို က အင်ဂျင်ကို စစ်ဆေးရမှာဖြစ်ပါတယ်။ အင်ဂျင်က ကာတာပေလာ လုပ် စီအေတီ (ကက်) အင်ဂျင် ဖြစ်ပြီး။ အင်ဂျင် ဘယ်ယာရင် ပေါ့ကက် နံပါတ်ဝမ်း စတတ်ပေါက် အရစ် မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး ပျက်သွားတာ ဖြစ်ပါတယ်။
ကျနော့် တာဝန်က အင်ဂျင် ဘယ်ရာရင် အလိုင်းမန့် မှန်မမှန် လေဆာ နဲ့ စစ်ဆေးပြီး။ ဘယ်ရာရင် ဆိုဒ် ကောင်းမကောင်း တိုင်းထွာပေးရမှာဖြစ်ပါတယ်။
အဲဒီ အင်ဂျင်ကို ကတ်စတာမာတွေက သေချာပေါက် ပြင်မှာမို့ လာပြင်တဲ့ အခါကျရင် တပ်ဆင် ခုတ်စား ပြင်ဆင်ဖို့ လိုအပ်တဲ့ အင်ဂျင်ဘလောက် ကနေရာ တစ်ချို့ကို တိုင်းထွာ စစ်ဆေး ရမှာဖြစ်ပါတယ်။
တနေ့တည်းနဲ့ ပြီးနိုင်တဲ့ သက်သက်သာသာ လုပ်ရမဲ့ အလုပ်ဖြစ်ပါတယ်။ အလုပ်က တစ်ရက်တည်း ပြီးနိုင်ပေမဲ့ သွားရမှာက ဇွန်၉ ရက် ည ၉နာရီမှာ စင်ကာပူ ကနေ ဂျာကာတာကို အဲဒီည သန်းခေါင် အရောက်သွားရမှာ ဖြစ်ပါတယ်။ ဂျာကာတာ အပြည်ပြည် ဆိုင်ရာ လေဆိပ်ကနေ ပြည်တွင်းလေဆိပ်ကို တက္ကစီနဲ့ သွားပြီး အဲဒီကနေ အမ်းဘောင်မြို့ကို ပြည်တွင်းလေကြောင်းနဲ့ ဇွန်၁ဝရက် မနက်စောစော ၁နာရီခွဲမှာ ထွက်ရမှာ ဖြစ်ပါတယ်။ အဲဒီ မနက်စောစော ၇နာရီမှာ အမ်းဘောင်မြို့ကို ရောက်မှာ ဖြစ်ပါတယ်။

(အမှားများနှင့်ကစားခြင်း)
စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ် Terminal 1 ကနေ ထွက်ကတည်းက ကျွန်တော်တို့ အမှားအယွင်းနဲ့ ကြုံရပါတယ်။ ပထမဦးဆုံး အမှားက အင်ဒိုနီးရှား လေကြောင်းလိုင်း ကောင်တာ စာရေးမ ရေးပေးလိုက်တဲ့ လက်မှတ်ဖြတ်ပိုင်းပါဘဲ။ ဂျာကာတာမြို့ကို သွားမဲ့ ကျွန်တော်တို့ လေယာဉ်ဟာ Gate 33 လို့ရေးထားတဲ့ အတွက် ကျွန်တော် အဲဒီ ဂိတ်ကို သွားခဲ့ပါတယ်။ ည ၉နာရီခွဲံမှာ လေယာဉ်ထွက်မှာ ဖြစ်တဲ့ အတွက် ဂိတ်ထဲကို တခြားခရီးသည်တွေနဲ့ ရောရောနှောနှော တိုးဝင် လာခဲ့ပါ တယ်။ လေဆိပ် အဆောက်အဦက Renovation လုပ်နေတဲ့အတွက် မြေအောက်ထပ် ထဲကို ဆင်းရပါတယ်။ တိုင်မှာ ကပ်ထားတဲံ နာရီတစ်လုံးက ညနေ ၂နာရီကို ပြနေတဲ့ အတွက် လက်ရှိည ၉နာရီခွဲ ရှိပြီမို့ ကျွန်တော့်ရှေ့မှာရှိနေတဲ့ ယူရုတ်(Europe) က လာတဲ့ အဖြူကောင် လင်မယားက တဟားဟားနဲ့ တအားအော်ရယ်ပြီး မင်းတို့ အာရှ သားတွေ အမြဲတမ်းမှား နေတယ်လို့ပြောပါတယ်။
မင်းတို့ အာရှသားတွေလို့ သိမ်းကြုံး ပြောလို့ ကျွန်တော် သူတို့နဲ့ လိုက် မရယ်နိုင်ပါဘူး။ နာရီကလေး မှားတာ ရယ်စရာလား။ သူများကို မယုံရင် ကိုယ့် လက်ပါတ် နာရီနဲ့ကိုယ်၊ ကိုယ့် ဟန်းဖုန်းထဲက နာရီနဲ့ ကိုယ့်ကိုကိုယ် အားကိုးပါလားလို့ အသံ မထွက်တဲ့ စကားနဲ့ စိတ်ထဲကနေ အဖြူကောင် လင်မယားကို ပြန်ပြောနေမိ ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်လဲ ̏ မင်းတို့ အာရှနိုင်ငံတွေ အမြဲတမ်းမှား ရခြင်း ̋ ကို ကိုယ်တိုင် ကြုံရပါတော့တယ်ခင်ဗျာ။
ဟုတ်ကဲ့ ဒီခရီးစဉ်ကတော့ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းမှာ ရှိတဲ့ အမ်းဘောင်  (Ambon) မြို့လေးကို သွားရမဲ့ ခရီးစဉ် အစဘဲ ဖြစ်ပါတယ်။
ဂိတ် အဝက လေကြောင်းတာဝန်ခံက ကျွန်တော့် လက်မှတ်ကို ကြည့်ပြီး ခေါင်း တယမ်းယမ်း လုပ်နေပါတယ်။ ဘာများ မှားလို့လဲပေါ့။ မင်းလက်မှတ်က မှားနေ တယ်တဲ့။ ကျွန်တော် သေသေချာချာ ပြန်ကြည့်ပါတယ်။ ̏ ချန်ဂီလေဆိပ်။ တာမယ်နယ် ဝမ်း။ ဂိတ် ၃၃။ ည ၉နာရီခွဲ။ အရှေ့ အင်ဒိုနီးရှား၊ အမ်းဘောင်မြို့။ အားလုံး မှန်နေတာဘဲ။ ̋ ဆိုတော့ သူက ဟုတ်တယ်။ မင်းလက်မှတ်ထဲမှာ မှန်တယ်။ ဒါပေမဲ့ လေယာဉ်ရုံးက နောက်ဆုံး ဝင်လာ တဲ့ သတင်းအရ မှားနေတယ်။ မင်းက ဂျာကာတာ သွားမှာဆိုတော့ ဂိတ် ၃၃ မဟုတ်ဘူး။ ဂိတ် ၄၅ကို သွားရမှာတဲ့။ အဲဒီတော့မှ အဖြူကောင် လင်မယား ပြောသွားတဲ့ အားလုံး မှားနေတယ် ဆိုတဲ့ စကားကို ကျွန်တော် သဘော ပေါက်လိုက်မိပါတော့တယ်။
နာရီကို ကြည့်တော့ ညကိုးနာရီကျော်နေပြီ။ လေယာဉ်က ၉နာရီခွဲ။ နာရီဝက်ဘဲ  အချိန်ရ တော့တယ်။ လူအုပ်ကြီးကို နောက်ပြန်တိုး။ Excuse me. Sorry ဆိုတဲ့ နိုင်ငံတကာ နားလည်တဲ့ စကားလုံးကို အကြိမ်ပေါင်း မြောက်များစွာ တတွတ် တွတ်ရွတ် သွားသုံးရင်း လူစီးကြောင်းကို နောက်ပြန်ဆန်ပြီး အပြင်ကို ပြန်တိုးထွက် ရပါတယ်။ ကျောပိုးအိတ်နဲ့ ဟန်းကယ်ရီအိတ်ကို မြဲမြဲဆွဲပြီး ဂိတ် ၃၃ ကနေ ၄၅ ကို အူယားဖါးယား ပြေးလာခဲ့ ရပါတယ်။ ဟောတွေ့ပြီ ဂိတ်၄၅။ အဲ- မတွေ့တာက ခရီးသည် တွေဘဲ။ ဂျာကာတာကို သွားရမဲ့ ည၉နာရီခွဲံ လေယာဉ်၊ ဂိတ် ၄၅ မှာ ခရီင်္းသည် တစ်ယောက်မှ မရှိပါ။ ဂိတ်ရှေ့မှာလဲ ဝန်ထမ်းတွေ တစ်ယောက်မှာ မရှိ။ သူရဲ ခြောက် မှာတောင် စိုးရိမ်ရပါတယ်။ ခရီးသည်တွေအားလုံး လေယာဉ်ပေါ် တက်ကုန်ကြပြီလား။
ဘေးနားကို ကြည့်လိုက်တော့မှ တူညီ ပါတိတ် အဝါရောင် ဝတ်ထားတဲ့ သက်ကြီးပိုင်း ဘုရားဖူး အပြန် အင်ဒိုနီးရှားနိုင်ငံသား လူအုပ်ကြီးက လေဆိပ် ကော်ဇော ကြမ်းပြင်ပေါ် အေးအေးလူလူ ထိုင်နေကြတာကို တွေ့လိုက်ရပါတယ်။ ဘိုလို မေးလိုက်တယ်။ ဂျာကာတာ သွားမဲ့ လေယာဉ် အမှတ်၁၅၉ က ဘယ်မှာလဲလို့။ သူတို့ အားလုံးက ကျွန်တော့်ကို အသားညိုညိုနဲ့ လူမို့ သူတို့လို အင်ဒိုနီးရှား နိုင်ငံသား ထင်ပြီး တတော်တော် တတီတီနဲ့ စကားလာပြောပါတယ်။ Can you speak English? လို့ အော်လိုက်တော့မှ ဘေးနား ၀ိုင်းးနေတဲ့ အန်တီကြီးတွေ ရှဲသွားပြီး  ယောကျာ်း တစ်ယောက် လူအုပ်ထဲက ထွက်လာပြီး ကျွန်တော်သွားမဲ့ ဂျာကာတာ ည၉နာရီခွဲ လေယာဉ် ၁၅၉ နဲ့ သူတို့ လေယာဉ်ဟာ အတူတူဖြစ်ကြောင်း လာပြောပါတယ်။ ဒါဆို ၉နာရီခွဲနေပြီး ဂိတ်ထဲ မဝင်သေးဘူးလားဆိုတော့ နောက်က ရောက်နေတဲ့ စင်ကာပူ နိုင်ငံသား လေဆိပ် ဝန်ထမ်းက မိတ်ဆွေ ကျွန်တော်တို့ ဂျာကာတာ လေယာဉ် ခရီးစဉ် တစ်နာရီ နောက်ကျမှာ ဖြစ်ပါတယ်တဲ့။ ည ဆယ်နာရီခွဲမှ ထွက်မှာတဲ့လေ။ မှားပြန်ပြီပေါ့။
ညဆယ်နာရီခွဲချိန်မှာ လေယာဉ်ပေါ်ကို ရှောရှောရှုရှု တက်လာခဲ့ပါတယ်။ ဘာမှ မမှားတော့ပါဘူး။ ထိုင်ခုံ နေရာကအစ အဆင်ပြေပါတယ်။ ပျံသန်းချိန် တစ်နာရီခွဲဘဲ ကြာမှာ ဆိုတော့ သက်သက် သာသာပါဘဲ။ လေယာဉ် ကောင်းကင်ပေါ် အမြင့်ပေ သောင်းဂဏန်း ထိရောက်ပြီး ပျံသန်းချိန် တစ်နာရီကျော် ကြာလာတော့ အာခေါင် ခြောက်လာတဲ့အတွက် လေယာဉ်မယ်ကို ကိုကာကိုလာ တောင်းသောက် မိပါတယ်။ ကောင်မလေးက သောက် ရေသန့် တစ်ပုလင်း လာပေးပြီး အင်ဒိုနီးရှားငွေနဲ့ ရူပီ တစ်သောင်း (S$1.10) နီးပါး တောင်းပါတယ်။ ဘေးနားက အင်ဒိုနီးရှားနိုင်ငံသား ကောင်လေးကို ကျတော့ ပိုက်ဆံ မတောင်းဘဲ အလကား ပေးလိုက်တာ မြင်ရပါတယ်။ စိတ်ထဲမှာတော့ ငါက နိုင်ငံခြားသား မို့လို့လား။ ဟိုကောင်လေးလောက် ရုပ်မချော လို့လား။ အင်ဒိုစကား မတတ်လို့ ငွေတစ်သောင်း တောင်းတာလားလို့ တွေးနေမိ ပါတယ်။

(အင်ဒိုနီးရှားနိုင်ငံသို့ဝင်ရောက်ခြင်း)
ဂျာကာတာ အပြည်ပြည်လေဆိပ် ရောက်တော့ ညသန်းခေါင်ကျော် ၁၂နာရီခွဲ နေပါပြီ။ နောက်ဆုံး လေယာဉ် ဖြစ်တာမို့ လူဝင်မှု စစ်ဆေးရေးအရာရှိတွေနဲ့ ရဲတွေ ဝန်ထမ်းတွေ အားလုံးက ခရီးသည်တွေကို စောင့်နေပါတယ်။ တာဝန်ပြီးရင် အိမ်ပြန် တော့မယ့် ပုံတွေပါဘဲ။ ကျွန်တော်တို့က အရှေ့အင်ဒိုနီးရှားက ကျွန်းမြို့လေးဖြစ်တဲ့ အမ်းဘောင်(Ambon)မြို့ကိုသွားမဲ့ နောက်လေယာဉ် တစ်စီးကို မနက်စောစော ၁နာရီခွဲမှာ ပြောင်းစီးရမှာမို့ Transit နေရာကို သွားရမှာ ဖြစ်ပါတယ်။ International air port ကနေ Domestic Air port ကိုသွားရမှာဖြစ်လို့ Immegration counter ကိုလဲ ဖြတ်ရမှာ ဖြစ်ပါတယ်။ ခရီးဖော်အဖြစ် အတူတူပါလာတဲ့ သူက နိုင်ငံတကာကို အလုပ် ကိစ္စနဲ့ အကြိမ်ကြိမ်သွားဖူးနေတဲ့ စင်ကာပူနိုင်ငံသား (အိန္ဒြိယနိုင်ငံသား အဖြစ်မှ စလုံးနိုင်ငံသား ပြောင်းလဲခံထားသူ) ဖြစ်တာမို့ သူ့ကို ဆရာ တင်ပြီး ကျွန်တော် က Follow လုပ်နေရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က စင်ကာပူနဲ့ မလေးရှားက လွဲရင် တခြား နိုင်ငံတွေကို တစ်ခါမှ မရောက်ဖူးတဲ့အပြင် အလုပ်ကိစ္စနဲ့လဲ တစ်ခါမှ ပြည်ပ ခရီး မသွားဖူးတဲ့ အတွက် ခရီးဖော်ကိုဘဲ အားကိုးနေရပါတယ်။ Transit ဆိုင်းဘုတ်နဲ့ အင်မီဂရေးရှင်း ဆိုင်းဘုတ်ကို မြင်နေရလို့ ဟေ့လူ ဒီမှာလို့ လှမ်းပြော တော့ သူက ဆရာကြီး ပုံစံနဲ့ No No လို့ပြန်ပြောပါတယ်။ သူ့စကားအတိုင်း နောက်က လိုက်တော့ လုံခြုံရေးဝန်ထမ်းက မင်းတို့ မှားနေပြီ အင်မီဂရေးရှင်းကို မဖြတ်ရသေးဘူး လေ။ နောက်ပြန်ဆုတ်လို့ ပြောပါတယ်။ ထင်တဲ့အတိုင်းပါဘဲ ကျွန်တော် ပြောခဲ့တဲ့ Transit နဲ့ အင်မီဂရေးရှင်း နေရာကို ပြန်သွားရတာပါဘဲ။
အင်မီဂရေးရှင်း အရာရှိက ဘယ်သွားမလို့လဲ။ ဘာသွားလုပ်မှာလဲ။ ဘယ် လောက်ကြာ မှာလဲလို့ မေးပါတယ်။ အရှေ့ အင်ဒိုနီးရှားက အမ်းဘောင်မြို့ကို သွားမှာ ဖြစ်ကြောင်း၊ ၅ရက်နေမှာ ဖြစ်ကြောင်းနဲ့ Amaris ဟိုတယ်မှာ တည်းမဲ့အကြောင်း ပြောပြ လိုက်ပါတယ်။ ဘာသွားလုပ်မှာလဲ ဆိုတော့ ကယ်မီကယ်ပလန့် က အင်ဂျင်ကို သွားစစ်ဆေး ပေးမလို့လို့ ပြန်ဖြေလိုက်ပါတယ်။ အရာရှိက ဘာမှ ထပ်မပြောတော့ဘဲ ရက် ၃၀ တုံး ထုပေးလိုက်ပါတယ်။ နောက်မှ သိရတာက ကျွန်တော်တို့ သွားစစ်ဆေး ပေးရမဲ့ နေရာက အမ်းဘောင်မြို့ ကျွန်းမြို့လေးက ဓါတ်အားပေးစက်ရုံ ပါဝါပလန့် က ဂျင်နရေတာ အင်ဂျင်ဘဲ ဖြစ်ပါတယ်။ ခပ်တည်တည်နဲ့ ကယ်မီကယ် စက်ရုံလို့ မှားပြော မိပေမဲ့ ကိုယ့်နိုင်ငံ ဘယ်မြို့မှာ ဘာစက်ရုံရှိမှန်းတောင် မသိရှာတဲ့ အင်မီ ဂရေးရှင်း အရာရှိလဲ ယောင်တောင်ပေါင်တောင်နဲ့ ခွင့်ပြုလိုက်ပါတယ်။ အမှား ကောင်းလေးပေါ့။
(အညာသားနှင့်တွေ့ဆုံခြင်း)
အင်မီဂရေးရှင်းက လွန်တော့ Transit လေယာဉ်စီးဖို့ ပြည်တွင်း လေဆိပ်ကို သွားရမှာ ဖြစ်ပါတယ်။ စင်ကာပူက အထွက်မှာ တစ်နာရီ နောက်ကျခဲ့တဲ့အတွက် ပြည်တွင်းလေယာဉ် (ဂျာကာတာ - အမ်းဘောင်) ခရီးစဉ်က မနက်စောစော ၁နာရီခွဲ ထွက်မှာ အခုက ည သန်းခေါင်ကျော် နာရီဝက်ရှိနေပြီဆိုတော့ တစ်နာရီဘဲ အချိန် ရပါတော့တယ်။ လေဆိပ် အပြောင်းအလဲ တက္ကစီ စီးဖို့ လေယာဉ်လက်မှတ် ပြန်လဲ ဖို့ အပေါ့အပါးသွား၊ ကော်ဖီသောက်ဖို့ တစ်နာရီဘဲ အချိန်ရပါတယ်။ နေရာက တစ်ခါမှ မရောက်ဖူးတဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ အပြည်အပြည် ဆိုင်ရာ လေဆိပ် ထဲမှာပါ။ အချိန်က ညသန်းခေါင်ကျော်မို့ ကြောင်တောင်တောင်ဖြစ်နေပါတယ်။ အရေးထဲမှာ အတူပါလာတဲ့ လုပ်ဖော်ကိုင်ဘက် ကျနော့် အဖေါ်က ( အိန္ဒြိယပြည်ပေါက် စင်ကာပူ နိုင်ငံသား ပြောင်းလဲ ခံယူထားတဲ့ တမီးလ်ကုလား ဖြစ်ပါတယ်။)
ကျွန်တော်တို့ရဲ့ ခရီးဆောင် အိတ်ကြီး ၄ အိတ်ကို ဂျာကာတာမှာ ယူရ မလား။ အမ်းဘောင် ကျမှ ယူရမ လားဆိုတာ ဇဝေဇဝါ ဖြစ်နေပါတယ်။ စင်ကာပူ လေဆိပ်မှာ ကတည်းက လေဆိပ် ကောင်တာ စာရေးမက အမ်းဘောင်မြို့ရောက်မှ ထုတ်ယူရမှာ ဖြစ်ကြောင်း Transit လေယာဉ် ဖြစ်တဲ့အတွက် လေကြောင်းက စီစဉ်ပေးမှ ဖြစ်လို့ ဂျာကာတာ ရောက်ရင် အိတ်တွေ သွားရွေးစရာမလိုဘဲ လူချည်း သက်သက်နဲ့ လက်ဆွဲအိတ်တွေဘဲ လေဆိပ်ပြောင်း လေယာဉ် ပြောင်းစီးဖို့ ပြောခဲ့တာကို မှတ်မိတဲ့ ကျွန်တော်က မလိုကြောင်း တက္ကစီနဲ့ ပြည်တွင်းလေဆိပ်ကို သွားမဲ့အကြောင်း ပြောပေမဲ့ ကိုရွှေ ကုလားက Double confirm ဆိုတဲ့ စကားလုံးနဲ့ ( အဲဒီအချိန်မှာ စင်ကာပူ Channel 5 TV  အစီစဉ်မှာ We are Singaporean ဆိုတဲ့ Game တစ်ခု စတင် ခေတ်စားနေချိန်မို့ စင်ကာပူ ဟာသမင်းသား တစ်လက်ဖြစ်တဲ့ စုတ်ချွန်းချွန်းနဲ့ တရုတ်က Double confirm ဆိုပြီး ခနခန ကြော်ငြာ နေကျ ဖြစ်ပါတယ်) နှစ်ထပ်ကွမ်း သေချာအောင် ဂျာကာတာ ရုံးစိုက် လေကြောင်းက တာဝန်ခံနဲ့သွားတွေ့ပြီး ခရီးဆောင် အိတ်တွေ အမ်းဘောင်မြို့ထိ ရောက် မရောက် သွား မေးဖို့ လုပ်နေပါတာယ်။ ခရီးဆောင်အိတ် ၄လုံး ရှိတဲ့ အထဲက ၂လုံးဟာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အဝတ်အစားတွေ ဖြစ်ပေမဲ့ နောက်နှစ်လုံး ကတော့ အင်ဂျင်ကို လေဆာ အလိုင်းမန့် စစ်ဆေးပေးဖို့အတွက် လိုအပ်တဲ့ စက်မှု လုပ်ငန်းသုံး တိုင်းတာရေး လေဆာနဲ့ တပ်ဆင်ပစ္စည်း အီကွင့်မန့် တွေ ဖြစ်ပါတယ်။
ဟော - တွေ့ပါပြီ ကျွန်တော်တို့ စီးလာတဲ့ လေကြောင်းက တာဝန်ခံ အင်ဒို နိုင်ငံသား အသက် ၃ဝ ဝန်းကျင် ယူနီဖေါင်းဝတ် လူငယ်က ပြုံးရွှင်ရယ်မောစွာဖြင့် ̏ဟဲလို ကျွန်တော် -- လေကြောင်းကပါ။ ကူညီပါရစေ ̋ တဲ့။ သူရဲ့ အမူအယာ၊ ယူနီဖေါင်း နဲ့ အင်္ဂလိပ်စကား ပြောပုံက ကျွန်တော်တို့ နှစ်ယောက်ကို ရင်အေး စိတ်ချသွားစေပါတယ်။ ပြည်ခြား နယ်မြေမှာ မိတ်ဆွေ ဆွေမျိုးရင်းချာကို တွေ့လိုက်ရသလိုပါဘဲ။ သူက ကျွန်တော့်ကို ကြည့်ပြီး အင်ဒိုစကား တတ်သလားလို့မေးပါတယ်။ ကျွန်တော်က အသားညိုညို မြန်မာရုပ် ဆိုတော့ သူတို့ အင်ဒိုနီးရှားနိုင်ငံသားတွေနဲ့ အသားအရောင် ချင်းတူ။ မျက်လုံး နှာခေါင်း ကျပုံချင်း တူတဲ့အတွက် နိုင်ငံခြားသားလို့ ထင်မိပုံ မပေါ် ပါဘူး။ ကျွန်တော်က ငါ နိုင်ငံခြားသားပါ။ ဘိုလိုဘဲ ပြောပါလို့ပြောတော့။ ကျနော့် အဖေါ်က ဆရာကြီး လုပ်ပြီး ဂျာကာတာ ကနေ အမ်းဘောင်သွားမဲ့ လေယာဉ်ပြောင်း ခရီးစဉ်မှာ အိတ်တွေ ရွေးသယ်ဖို့ လိုမလို ဘယ်လိုသွား ရွေးရမယ်ဆိုတာ Double confirm နေပါတယ်။ လေကြောင်း တာဝန်ခံက သူ ကူညီပေးမဲ့အကြောင်း ပြောပါတယ်။ သူ့နောက် လိုက်ဖို့လဲ ပြောပါ တယ်။ စိတ်ချစွာ သူ့နောက် လိုက်လာချိန်မှာ လူပြတ်တဲ့ တစ်နေရာရောက်တော့ သူက အိတ်တွေ အမ်းဘောင်မြို့ အထိရောက်ဖို့ အင်ဒိုနီးရှားငွေ ရူပီယာ ၃သိန်း (စင်ကာပူငွေ ဒေါ်လာ ၅ဝခန့်) ထပ်ပေးရမဲ့အကြောင်း ပြောပါတယ်။
ငွေက များလွန်းတဲ့အတွက် ကျွန်တော်တို့ နှစ်ယောက် ဇဝေဇဝါ ဖြစ်နေပါ တယ်။ ပေးဖို့ အင်တင်တင် ဖြစ်နေချိန်မှာ တာဝန်ခံက အချိန်မရှိတော့ကြောင်း ပြည်တွင်း လေယာဉ် ထွက်တော့မှာ ဖြစ်ကြောင်း လော နေပါတယ်။ ငွေမပေးရင် အိတ်တွေ မရောက်တဲ့အကြောင်း ထပ်ပြောလာတာ့ အလုပ်လုပ်ရမဲ့ စက်မှုလုပ်ငန်းသုံး လေဆာ စစ်ဆေးရေး ပစ္စည်းတွေ ကျန်ခဲ့မှာ စိုးတာကြောင့် ကျနော့် အဖေါ်က ငွေထုတ် ပေးလိုက် ပါတယ်။ ကျွန်တော်က မပေးသင့်ကြောင်း  ငါတို့ကို လိမ်နေတာဖြစ်ကြောင်း မျက်ရိပ် မျက်ခြည်နဲ့ ပြောပေမဲ့ အဖေါ်က ပစ္စည်းတွေ မရောက်ရင် မင်းတာဝန် ယူရမယ်လို့ ပြန်ပြောတော့ ကျွန်တော်လဲ နိုငံခြားခရီးစဉ် အလုပ်ကိစ္စနဲ့ တစ်ခါမှ မထွက်ဖူး တဲ့ အတွက် မင်းသဘောဘဲလို့ ပြောလိုက်ပါတယ်။ အရင်အခေါက်တွေတုံးကလဲ ဒီလိုဘဲ ပေးရတယ်လို့ အဖေါ်က ထပ်ပြောပြန်ပါတယ်။ သေချာအောင်တော့ ငါငွေပေး ပြီးရင် မင်းငါ့ကို ငွေဖြတ်ပိုင်းပြန်ပေးရယ် ဒါမှ ဒီငွေတွေ သူဌေးဆီမှာ ပြန်တောင်းရမဲ့ အကြောင်း အဖေါ်က ပြောတော့ တာဝန်ခံက စိတ်ချ ပေးပါ့မယ်။ သူကိုယ်တိုင်လဲ ပြည်တွင်း လေဆိပ်အထိ လိုက်ပို့ပေးပါ့မယ် ဆိုတော့ ပို စိတ်ချ သွားပါတယ်။ တက္ကစီငှားပြီး သွားရပါ တယ်။ ၅မိနစ်အတွင်း ရောက်ပုံထောက်တော့ လေဆိပ် နှစ်ခု တော်တော်နီးးပုံ ရပါတယ်။ ညသန်းခေါင်းကျော် မှောင်နေတဲ့ အတွက် ဘယ်လိုသွားရမှန်း မသိပါ။ နောက်မှ သိရတာက အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ပြည်တွင်း Doemestic လေဆိပ်ကို အခမဲ့ ဘတ်စ်ကားတွေနဲ့ ပို့ပေးနေကြောင်းပါ။
တာဝန်ခံက ပြည်တွင်း လေဆိပ် ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ကို ထားခဲ့ပြီး ငွေဖြတ်ပိုင်း သွားလုပ်ပေးမယ်၊ ပြီးရင်ပြန်လာခဲ့မယ်လို့ ပြောပါတယ်။ လေယာဉ်ထွက်ဖို့ကလဲ အချိန်အရမ်း နီးနေပြီမို့ ဘာလုပ်ရမှန်း မသိပါ။ နောက်ဆုံး ကျနော့် အဖေါ်က တာဝန်ခံရဲ့ လည်ပင်းမှာ ချိတ်ဆွဲ ထားတဲ့ ဝန်ထမ်းကဒ်ကို ဓါတ်ပုံ ရိုက်ယူထားလိုက်ပါတယ်။ ထင်တဲ့အတိုင်း တာဝန်ခံ ပြန် မလာပါဘူး။ သူလိမ်တော့မယ် ဆိုတာ သိပေမဲ့ ငွေဖြတ်ပိုင်း ပြန်လာပေးခဲ့ရင် ဘာဘဲ ဖြစ်ဖြစ် သူဌေးဆီက ငွေပြန် တောင်းလို့ ရနိုင်တာမို့ လူကြားထဲ ရုတ်ရုတ်သဲသဲ မဖြစ်လို တာကြောင့် အသာငြိမ် နေလိုက်ကြပါတယ်။ ပြည်တွင်းလေဆိပ်က ဝန်ထမ်းတွေကို ရိုက်ထားတဲ့ သူ့ဓါတ်ပုံပြပြီး ငွေလိမ်သွားတဲ့အကြောင်း သူ့ကိုပြန်ခေါ်ပေးဖို့ မန်နေဂျာ ဖုန်းနံပါတ် ပေးဖို့ တောင်းဆို ပေမဲ့ ကျွန်တော်တို့ နှစ်ယောက်ဟာ နိုင်ငံခြားသားမှန်း သိသွားတဲ့အပြင် လေယာဉ် ထွက်ချိန် ဆယ်မိနစ်ခန့်သာ လိုတော့တဲ့ အတွက် ကျန်တဲ့ လေဆိပ် ဝန်ထမ်းတွေလဲ ဝေ့လည်ကြောင်ပတ်နဲ့ လူလိမ် တာဝန်ခံဘက်က ကာကွယ် ပြောဆို ပေးနေကြပါတယ်။ ကျွန်တော်တို့ နှစ်ယောက် လက်လျော့လိုက်ပြီး အမ်းဘောင် ကို ထွက်မဲ့လေယာဉ်ပေါ် တက်လာခဲ့ကြပါတယ်။
ဂျာကာတာမြို့ကနေ အမ်းဘောင်မြို့ကို လေယာဉ်က ပျံသန်းချိန် ၄နာရီနီးပါး ကြာပါတယ်။ အချိန်က ညသန်းခေါင်ကျော် မနက်စောစော တစ်နာရီခွဲမို့ အိပ်ပြီး လိုက်လာခဲ့ကြပါတယ်။ ဂျာကာတာနဲ့ အမ်းဘောင်က စံတော်ချိန် ၂နာရီကွာပါတယ်။ အမ်းဘောင်က အရှေ့ဘက် ပိုကျတာမို့ အချိန်စောပါတယ်။ လေယာဉ်က အရှေ့စူးစူး နေစတင် ထွက်ရာ မိုးကုပ်စက်ဝိုင်းကြီးဆီ တည့်တည့်ပျံသန်းနေတာမို့ မနက် မိုးလင်းခါ နီးချိန်မှာ နေလုံးကြီးကို စတင်တွေ့လိုက်ရပါတယ်။ အမြင့်ပေ သုံးသောင်းကျော် ကနေ တစ်နာရီ ကီလိုမီတာ ၈ဝ၀ နှုန်းနဲ့ ပျံသန်းနေတဲ့ လေယာဉ်အောက်မှာ တိမ်တိုက်တွေကို ပုံစံ အမျိုးမျိုးနဲ့တွေ့ရပါတယ်။ တစ်ခါတစ်ရံမှာ တိမ်တိုက်တွေဟာ ၂နှစ်သား ကလေး ငယ်လေး တစ်ယောက်က ဂွမ်းစတွေကို ပရမ်းပတာ ဖြန့်ထားတဲ့ပုံစံ မညီမညာ တွေ့ရ တတ်သလို။ တစ်ခါတလေမှာတော့ အပျိုပေါက်မလေးတစ်ယောက်က ဂွမ်းစတွေကို စနစ် တကျ အစီအရီ စီတန်းထားသလို ညီညီညာညာတွေ့ရပြန်ပါတယ်။
ကြက်အိပ်ကြက်နိုးနဲ့ မနက် စောစော ၇နာရီလောက် အချိန်မှာ  နောက်ဆုံး ခရီး ဖြစ်တဲ့ အမ်းဘောင်မြို့ကို ကျွန်တော်တို့ ရောက်လာခဲ့ပါတော့တယ်။ အမ်းဘောင် ကျွန်း တစ်ကျွန်းလုံးဟာ မဲမှောင်နေတဲ့ တိမ်တိုက်ကြီး ဖုံးထားတာကို ကြောက်လန့်စရာ မြင်ကွင်းမျိုးနဲ့ လေယာဉ်ပေါ်ကနေ မြင်နေရပါတယ်။

(အမ်းဘောင်မြို့ကို အလည်တစ်ခေါက် ကိုယ်ရောက်တယ်)
လေယာဉ်ပေါ်ကနေ မြေပြင်ပေါ်ဆင်း လမ်းလျှောက်ပြီး လေဆိပ်ခန်းမထဲကို ဝင်လာခဲ့ ကြပါတယ်။ ရာသီဥတုက မြန်မာပြည်လိုပါဘဲ။ နေ့လည်ခင်း အပူချိန် ၃၅ ဒီဂရီ ဆဲလ်ဆီးရက်စ် ဖြစ်ပါတယ်။ မထင်မှတ်ဘဲ ခရီးဆောင်အိတ်လေးလုံး ထဲက အရေး အကြီးဆုံး အလုံး ဖြစ်တဲ့ လေဆာ အီကွင့်မန့် ထည့်ထားတဲ့ အိတ် ပါမလာပါဘူး။ ခရီး ဆောင်အိတ်တွေ အမ်းဘောင်မြို့ထိရောက်ဖို့ ဂျာကာတာမှာ လေကြောင်း တာဝန်ခံနဲ့ တွေ့ခဲ့၊ ငွေပေးခဲ့ရဲ့သားနဲ့ အရေးကြီးတဲ့အိတ် ပါမလာခဲ့ပါ။ တကယ်တော့ အိတ်တွေ အားလုံးက အပိုငွေ ထပ်ပေးစရာမလိုဘဲ Transit အဖြစ်နဲ့ လေကြောင်းက တာဝန်ယူပြီး ပို့ပေးမှာ ဖြစ်ပါတယ်။ Double confirm တတ်တဲ့ ကျနော့် အဖေါ်ရဲ့ စပ်စပ်စုစု ကောင်းမှု ကြောင့်သာ အခုလိုဖြစ်သွားခဲ့တာပါ။ အမ်းဘောင်လေဆိပ် Lost & Found ဌာနမှာ အိတ် ပါမလာတဲ့ အကြောင်း သွားသတင်းပို့တော့ အဲဒီဌာနမှာ ဘိုစကား တတ် တဲ့သူ မရှိလို့

တခြားဌာနက လူကို သွားခေါ်လာကာ စကားပြန်နဲ့ပြောရပါတယ်။ လာကြိုမဲ့ Customer ဘက်က လူကလဲ ဖုန်းနဲ့လှမ်းခေါ်တာ ဖုန်းမကိုင်တဲ့အတွက် အိတ် ပျောက်တဲ့ ပြသနာ အပြင် ဘာသာစကား အခက်အခဲပြသနာနဲ့ပါ ကျွန်တော်တို့ နှစ်ယောက် ပြသနာတက် နေပါတော့တယ်။ နောက်ဆုံး စကားပြန် ရောက်လာပါတယ်။ ပျောက်သွားတဲ့ အိတ်ကို မေးတော့ ကျွန်တော်က Laser mersuring equipment လို့ပြောပေမဲ့ ကျနော့်အဖေါ်က Laser Instrument လို့ ထပ်ပြောလိုက်တော့ စကားပြန် က Laser musical instrument လို့ နားကြားလွဲ ဘာသာလွဲပြန်ပေးလိုက်တဲ့အတွက် Lost & Found ဌာနက အင်္ဂလိပ်စကား မတတ်တဲ့ တာဝန်ခံက အင်ဒိုစကားနဲ့ တူရိယာ ပစ္စည်းထဲ့တဲ့ အိတ်လို့ Form ထဲမှာ ရေးထည့်လိုက်ပါတယ်။ ကျွန်တော်တို့ ကလဲ အင်ဒိုစာ မဖတ်တတ်တဲ့ အတွက် ဘာရေးထားမှန်း မသိပါဘူး။ ခနနေတော့ Customer ဘက်က လာကြိုတဲ့ သူနဲ့ ဆက်သွယ်မိပြီး အဆင်ပြေသွားပါတယ်။

(အင်ဒို ရဲသား)
အဆင်ပြေကာမှ နောက်ကနေ လူတစ်ယောက် လိုက်လာပြီး စကား တတွတ် တွတ် လာပြောပါတယ်။ ဆံပင် နီကြောင်ကြောင် ဆေးဆိုးထားတဲ့ လမ်းသရဲလိုလို။ ဂိုဏ်းစတားလိုလို၊ အခြောက်လိုလို နားကွင်း ဖေါက်ထားတဲ့သူမို့ ကားသမား လူလိမ် ထင်ပြီး ကျနော် စကားအပြောမခံတော့ သူက စိတ်ဆိုးပြီး လာကြိုတဲ့ လူခံကို အင်ဒိုလို တကွိကွိ သွားပြောတော့မှာ သူဟာ အရပ်ဝတ် ရဲသားမှန်း သိလိုက် ရပါတယ်။ အမှန် တကယ်က ဒီရဲသားနဲ့ သူ့အရာရှိဟာ ကျနော်တို့ဆီက ငွေညှစ်ချင်လို့ သူတို့ ရုံးခန်းထဲ ခေါ်သွားပြီး အာရှက ဘာသာရေးအယူသီး သောင်းကျန်းသူတွေ၊ ဗုံးဖေါက်ခွဲသူတွေ၊ လူလိမ်တွေ၊ နိုင်ငံတကာ လှည့်ပတ်ပြေးနေတဲ့ လူဆိုးတွေအကြောင်း စီကာပတ်ကုံးပြော၊ ဝရမ်းစာရွက်တွေ ထုတ်ပြပါတယ်။ လူခံက ဒီလူနှစ်ယောက် (ကျနော်တို့နှစ်ယောက်) ဟာ စင်ကာပူက လာတဲ့ တက္ကနင်ရှင် အင်ဂျင်နီယာတွေ ဖြစ် ကြောင်း၊ အမ်းဘောင်မြို့က လျှပ်စစ်ဓါတ်အားပေး စက်ရုံက ဂျင်နေရေတာ အင်ဂျင် ပျက်လို့ လာပြင်တာ၊ စစ်ဆေးတာ ဖြစ်ကြောင်း၊ လျှပ်စစ်ဓါတ်အားပေး စက်ရုံဟာ နိုင်ငံတော်ပိုင် ဖြစ်တဲ့အတွက် နိုင်ငံတော် အစိုးရ အလုပ်ကိစ္စနဲ့လာခြင်းဖြစ်တဲ့အတွက် ငွေ မပေးနိုင်ကြောင်း၊ ငွေ လိုချင်လျှင် အထက်အရာရှိမှ တဆင့်ပေးမည်ဖြစ်ကြောင်း ပညာသားပါပါ ပြန်ပြောတော့ ရဲနှစ်ယောက် ပါးစပ် ပိတ်သွားပါတော့တယ်။
လာကြိုတဲ့ကားနဲ့ အမ်းဘောင်မြို့ထဲကို ၄ဝကီလိုမီတာ လောက် စီးပြီး လာခဲ့ ရပါတယ်။ လမ်းမှာ ဒေသဖြစ် ဖုန်းကဒ် ဝင်ဝယ်ပြီး။ တည်းခိုရာ Amaris hotel ကိုလာခဲ့ ကြပါတယ်။ ဟိုတယ်မှာ တရေးအိပ် ထမင်းစားပြီး ညနေ ၂နာရီမှာ Power plant က အင်ဂျင် အပျက် ရှိရာကို ရောက်သွားကြပါတယ်။ တိုင်းတာရေး လေဆာ ကိရိယာ ပါမလာတဲ့အတွက် ဘာမှ လုပ်ဖို့မရဘဲ လိုအပ်တာမှာ ကြားပြီး ရုံးခန်းက မန်နေဂျာနဲ့ ဝင်တွေ့ကာ အိတ်ပျောက်သွားကြောင်း ပြောပြတော့ သူတို့ ကိုယ်တိုင် ဂျာကာတာ လေဆိပ်ကို ဖုန်းလှမ်းဆက်ပါတယ်။ မကြာခင် ကျွန်တော်တို့ အိတ်လို့ ယူဆရတဲ့ အိတ်တစ်လုံး ဂျကာတာလေဆိပ်မှာ တွေ့တဲ့ အကြောင်း အိတ်ပုံစံ အမှတ်အသား အသေးစိတ်ကို ထပ်ပြောပြတော့ သေချာကြောင်း အိတ်မှာ ကပ်ထားတဲ့ လေဆိပ်က နံပါတ် ပြုတ်ပြီး ကွာသွားတဲ့အတွက် စင်ကာပူကနေ ဂျကာတာ အရောက်မှာ အိတ်ကို ဘယ်မှ မပို့ဘဲ Lost & Found ဌာနမှာ ထားထားကြောင်း သတင်းရခဲ့ပါတယ်။ နေ့လည် လေယာဉ်နဲ့ ပို့ပေးလိုက်မယ်လို့ ပြောပေမဲ့ အိတ်က ရောက်မလာဘဲ နောက်နေ့ မနက်မှ အမ်းဘောင်လေဆိပ်ကို ရောက်လာပါ တော့တယ်။


အဲဒီညက ညလုံးပေါက် အိပ်ရေးပျက်ထားတဲ့အတွက် ဟိုတယ် အခန်းထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတယ်။ နောက်နေ့မနက်မှာတော့ အိတ်ရောက် လာပြီ ဖြစ်လို့ လေဆိပ်ဆင်းပြီး အိတ်သွားရွေးရပါတယ်။ လေဆာ တိုင်းတာရေး အိတ် ရောက်လာတဲ့ အတွက် အဲဒီနေ့ နေ့လည်မှာ အင်ဂျင် စစ်ဆေးရေး အလုပ် စလုပ်ဖို့ ပြင်ဆင် ရပါတယ်။ တစ်နေကုန် အလုပ် လုပ်ကြ ပါတယ်။ လိုအပ်တဲ့ အရာတွေကို လေဆာ အလိုင်းမန့် နဲ့ တိုင်း၊ အင်တာနယ် မိုက်ခရီုမီတာ နဲ့တိုင်း ထွာပြီး သွားတော့ ညနေ စောင်းသွားပါပြီ။ ညနေပိုင်းမှာ အရောင်းတာဝန်ခံ မိုက်ကယ်က အမ်းဘောင်မြို့ရဲ့ Nature park လို့ခေါ်တဲ့ ပင်လယ် ကမ်းခြေကို ခေါ်သွားပါတယ်။ အမ်းဘောင် ဒေသ ထွက် သဘာဝ အုန်းရည်ကို နီု့ဆီ ထည့်ထားတဲ့ အမ်းဘောင် အုန်းရည်ကို သောက်ကာ သစ်သီးစုံ ထန်းလျက် ငရုတ်သီးထောင်း သွားရည်စာကိုလဲ စားခဲ့ရပါတယ်။ ဂွေးသီး။ နာနတ်သီး။ ပန်းသီး၊ စောင်းလျားသီးတွေကို ထန်းလျက် မြေပဲ ငရုတ်သီးနဲ့ ရောထောင်းပြီး စားရတဲ့ အရသာကို တစ်ခါမှ မစားဖူးဘဲ စားခဲ့ရတဲ့ အင်ဒိုနီးရှားက အမ်းဘောင် စားသောက် ကုန်ပါဘဲ။

နောက်နေ့ မနက်မှာ စင်ကာပူပြန်ဖို့ လေဆိပ်မှာ ရက်သွားပြောင်းပါတယ်။ လေဆာအိတ် ကျန်ခဲ့တဲ့ အတွက် တစ်ရက် နောက်ဆုတ်ပြီး ပြန်ရမှာဖြစ်လို့ လေဆိပ် စာရေးမကို Form သွားပြတဲ့ အချိန်မှာ လေဆိပ် စာရေးမက မင်းတို့ရဲ့ lost & found form ထဲမှာ ပျောက်တဲ့အိတ်အမျိုးအစားက Laser musical instrument လို့ ရေးထား တယ်။ မင်းတို့ပြောတော့ Engineering လုပ်ငန်းသုံး Laser measuring equipment ဆို။ မင်းတို့က musical instrument လို့ရေးထားလို့ တို့ဘက်က အရေးမကြီးဘူး ထင်ပြီး စင်ကာပူ အပြန် ဂျာကာတာမှာ ဝင်ယူဖို့ စီစဉ်ထားတာတဲ့။ ကောင်းရော။ ဘာသာ စကား နားမလည်မှုရဲ့ ရလဒ်လေးတွေပါဘဲ။

( အမ်းဘောင် ဆိုသည်မှာ - )
အမ်းဘောင်မြို့လေးဟာ စိတ်ဝင်စားစရာ မြို့လေး ဖြစ်ပါတယ်။ အမ်းဘောင်ကို မာလုကူ လို့လဲ အခြားနာမည်နဲ့ ခေါ်ကြပါသေးတယ်။ အမ်းဘောင်မြို့ဟာ လွန်ခဲ့တဲ့ ရာစုနှစ် တွေက ဟော်လန် နိုင်ငံရဲ့ နဲ့ ဖက်စစ်ဂျပန် တို့ရဲ့ နယ်ချဲ့ လက် အောက်ခံ ကိုလိုနီနိုင်ငံဖြစ်ခဲ့ဖူးပါတယ်။ နယ်ချဲ့ ကျူးကျော် စော်ကားသူ ဟော်လန် လူမျိုးတွေနဲ့

စစ်ဘီလူး ဂျပန် ငပု တွေကို အမ်ဘောင်းမြို့ရဲ့ သမီးပျို သူရဲကောင်းမ ခရစ္စတီးနာ က ဦးဆောင်ပြီးတော်လှန်တိုက်ခိုက် လွတ်လပ် ရေး ရခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတီးနားကို ဂုဏ်ပြုတဲ့အနေနဲ့ အမ်းဘောင်မြို့ အမြင့်ဆုံး တောင်ကုန်းပေါ်မှာ အမြင့်ပေ ၁၅ ပေနီးပါးရှိတဲ့ ကြေးရုပ်တုကြီးကို အမှတ်တရ ထုလုပ် ထားရှိ ထားပါတယ်။ နောက် စိတ်ဝင်စားစရာ တစ်ခုကတော့ အမ်း ဘောင်မြို့ လယ်ကောင်မှာ တစ်ကမ္ဘာလုံး ဆိုင်ရာ ငြိမ်းချမ်းရေး မောင်း (World Peace Gaung) ကို ထုလုပ် ဆောက်လုပ် ထားပါတယ်။ အဲဒီ ငြိမ်းချမ်းရေး မောင်း ကို ကမ္ဘာ့ကုလ သမဂ္ဂက အမ်းဘောင်မှာ လာဆောက်ထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ စစ်ပွဲဖြစ်တဲ့နေရာ သုံးခု အနက်က ဘာသာရေးစစ်ပွဲ စတင်ရာ အမ်းဘောင်မြို့ ကိုရွေးပြီး ငြိမ်းချမ်းရေးမောင်း ဆောက်ထား တာ ဖြစ်ပါတယ်။ မောင်းပေါ်မှာ ကမ္ဘာပေါ်က ရှိရှိသမျှ နိုင်ငံပေါင်းစုံရဲ့ ကိုယ်စားပြု နိုင်ငံတော် အလံတွေကို ရိုက်နှိပ်ထားပါတယ်။ ကျွန်တော်နဲ့ ပါတ်သက်တဲ့ မြန်မာနိုင်ငံ အလံနဲ့ စင်ကာပူနိုင်ငံအလံတွေကို တွေ့ခဲ့ရလို့ ဓါတ်ပုံရိုက်ယူခဲ့ပါယတ်။ မောင်းရဲ့ အလယ် ကောင် မှာ ငြိမ်းချမ်းရေးမောင်း လို့ ရိုက်နှိပ်ထားပြီး ဘေးပတ်ပတ် လည်မှာ နိုင်ငံတကာ ဆိုင်ရာ ဘာသာတရားပေါင်းစုံရဲ့ အမှတ်တံဆိပ် လက္ခဏာ တွေကိုလဲ တွေ့ရမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးမောင်းရဲ့ အမှတ်လက္ခဏာ သဘောတူညီချက်က နိုင်ငံတကာ ဘာသာတကာ ဘာအငြင်းပွားမှုမှ မလုပ်ရ။ ရန် မဖြစ်ရ။ စစ်မဖြစ်ရ အငြင်းမပွားရဘဲ ဆိုတဲ့ အချက်တွေဘဲ ဖြစ်ပါတယ်။ သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေသောသူသည် မင်္ဂလာရှိ၏ လို့ ကျမ်းစကားအရ နိုင်ငံတကာ ခိုက်ရန်ဖြစ်ခြင်းကို ငြိမ်းစေတဲ့ ငြိမ်းချစ်ရေး မောင်း တည်ရှိရာ အမ်းဘောင်မြို့လေးဟာ မင်္ဂလာရှိတဲ့ မြို့လေးပါဘဲ။
လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၇ ခုနှစ် အထိ ၈နှစ်တိုင်တိုင် ဖြစ်ပွားခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဘာသာရေးပြည်တွင်းစစ် ကထိကရုဏ်း စစ်ပွဲမှာ အင်ဒိုနီးရှားနိုင်ငံက အင်အားကြီး ဘာသာ နှစ်ဘာသာ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ အဲဒီ စစ်ပွဲဟာ အမ်းဘောင်မြို့က စခဲ့တာဖြစ်ပြီး အင်ဒိုနီးရှား တစ်နိုင်ငံလုံးကို ကူးစက်ပြန့်ပွားသွားတာ ဖြစ်ပါတယ်။ အမ်းဘောင်မြို့မှာ ခရစ်ယာန်ဘာသာဝင် ၇ဝ ရာခိုင်နှုန်း နေထိုင်တာမို့ ခရစ်ယာန် လူအင်အားကြီးတယ်လို့ ဆိုရာမှာ ဖြစ်ပါတယ်။ ဘာသာရေးစစ်ပွဲဖြစ်တုံးက အမ်းဘောင်မှာ စစ်ရေးနိမ့်ခဲ့တဲ့ အခြား ဘာသာဝင်တွေဟာ တခြားမြို့။ တခြား ကျွန်းပေါ်က သူတို့လူတွေကို စစ်ကူတောင်းပြီး ဘာသာရေး စစ်ပွဲဆင်နွှဲခဲ့ ရတာ ဖြစ်ပါတယ်။ အခုတော့ စစ်မဖြစ်ရ။ သဘောတူညီချက်နဲ့ ငြိမ်းချမ်းစွာ ပြန်လည် သင့်မြတ်ပြီး အဆင်ပြေပြေ နေထိုင်ခဲ့တာ ၄နှစ်တိုင်ခဲ့ပါပြီ။ စစ်ပွဲအတွင်း စာ ကောင်းကောင်း သင်ကြားခွင့် မရခဲ့ကြ၊ အလုပ်ကောင်းကောင်း လုပ်ခွင့်မရခဲ့ကြဘဲ အခုမှ ပြန်လည်ထူထောင်ရေး လုပ်ခါစ နိုးထလာတဲ့ ကျွန်းမြို့လေး ဖြစ်ပါတယ်။ စစ်ပွဲပြီးသွားလို့ ဘာသာနှစ်ခု ငြိမ်းချမ်းရေးယူပြီးသွားပေမဲ့ ဒီနေ့ထိတိုင်အောင် အမ်းဘောင်မြို ထဲက တိုက်အမြင့် တစ်ချို့ဟာ ကျည်ဆန်ရာ။ လောင်ချာရာ တွေကို မပြုပြင်နိုင်သေးဘဲ ပျက်ဆီးနေတဲ့ အတိုင်း ထားရှိနေပါသေးတယ်။
ကျနော် တည်းခိုတဲ့ Amaris hotel နားက တိုက်မြင့်မြင့်တစ်လုံးရဲ့ နံရံမှာ ကျည်ဆန်ရာတွေကို တွေ့နေရပါတယ်။ ခရစ်ယာန်ဘာသာဝင် အများစု ၇ဝ ရာခိုင်နှုန်း နေထိုင်တဲ့ မြို့လေးဖြစ်တဲ့အတွက် ဂိုဏ်းပေါင်းစုံ အသင်းတော် အဆောက်အဦးတွေကို မြို့အနှံ့ ကားလမ်းမကြီးတလျှောက်မှာ တွေ့ရပါတယ်။ အသင်းတော်အများစုဟာ ကောင်းမွန် လှပ ခိုင်ခံ့တဲ့ အဆောက်အဦးတွေဖြစ်ပါတယ်။ ခရစ်ယာန်အများစု နေထိုင်တဲ့ ရပ်ကွက်ရယ်လို့လဲ သီးသန့် ရှိနေပါတယ်။ ဘာသာရေးစစ်ပွဲကာလ အတွင်းမှာ ခရစ်ယာန် ရပ်ကွက်တစ်ခုနဲ့ အသင်းတော်အဆောက်အဦး တစ်ခု ကြီးကြီးကျယ်ကျယ် ပျက်ဆီးသွားတာကို ပြန်မပြုပြင်ဘဲ ဒီအတိုင်း ထားခဲ့ပါတယ်။
ဒေသခံလူ ဖြစ်တဲ့ မိုက်ကယ် က စက်ရုံပိုင်ကားနဲ့ လိုက်ပြလို့ စစ်ဒဏ်ခံခဲ့တဲ့ ခရစ်ယာန်ရပ်ကွက်ကို မီးလောင်ပြင် အတိုင်း လူသူမနေတဲ့ သချိုင်းတစပြင်လို ဖြစ်နေတာ တွေ့ခဲ့လို့ မှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။
အမ်းဘောင်မြို့ဟာ ပထဝီအနေအထားအရ အင်ဒိုနီးရှားနိုင်ငံရဲ့ အရှေ့ဘက် အပိုင်းမှာ ရှိတဲ့အတွက် နေရောင်ခြည် စောစောရတဲ့ မြို့လေးဖြစ်ပြီး စင်ကာပူနိုင်ငံထက် စံတော်ချိန် တစ်နာရီ စောသလို အမိမြန်မာပြည်ထက် နှစ်နာရီခွဲ စောတဲ့ မြို့လေး ဖြစ်ပါတယ်။ အင်ဒိုနီးရှားမြို့တော် ဂျကာတာထက် ၂နာရီစောပြီး နေရောင်ခြည် ရတဲ့ မြို့လေးလဲ ဖြစ်ပါတယ်။ ကျွန်း တစ်ကျွန်းလုံးပေါ်မှာ လူဦးရေ ထူထပ်တဲ့နေရာကတော့ မြန်မာ အက္ခရာ ဂငယ် လိုလို ရောမ အက္ခရာ အိုမီဂါ ပုံစံ နေရာလေးမှာ နေထိုင်လို့ ကောင်းတဲ့အတွက် လူဦးရေ ထူထပ်ပါတယ်။ မြို့ရဲ့ပုံစံလေးက ရေအနည်းငယ် ထဲ့ ထားတဲ့ ဒယ်အိုးကြီးကြီးနဲ့ တူပါတယ်။
ပင်လယ်ရေက ဂငယ်ပုံစံ ကျွန်းမြေထဲမှာ မြန်မာပြည်က  အင်းလေးအိုင်လို ရှိနေပြီး ပင်လယ်ရေ ပတ်ပတ်လည်မှာ တောင်စောင်းက ပတ်ပတ်လည် ဝိုင်းရံထားသလို အိမ်တွေတိုက်တာ အဆောက်အဦး တွေကလဲ တောင်စောင်း ပတ်ပတ်လည်မှာ ဆောက်ထားတဲ့ အတွက် ကြည့်လိုက်ရင် နေရာတိုင်းမှာ အနိမ့်အမြင့်နဲ့ ကွေ့ပတ်နေတဲ့ အနက်ရောင် ကတ္တရာ မြို့ပတ်လမ်း ကို တွေ့ရသလို ဆင်ခြေလျှော တောင်စောင်း တလျှောက် လူနေအိမ် တစ်ထပ်တိုက်ပုလေး တွေ အစီအရီ ဆောက်ထားတာဟာဖြင့် ကျနော့် မျက်စိထဲမှာ လှပ လို့နေပါတယ်။ မြို့ရဲ့ အမြင့်ဆုံး တောင်ကုန်း တစ်နေရာမှာ အမ်းဘောင် သူရဲကောင်း ခရစ္စတီးနာ ရုပ်ပုံကို ထုလုပ်ပြီး အမှတ်တရ ဂုဏ်ပြု ထားရှိပါတယ်။ ရာသီဥတုကတော့ မိုးများသော လများနဲ့၊ မိုးနဲသော လများ ရယ်လို့ သတ်မှတ်ရမလို မိုးရာသီနဲ့ နွေရာသီ နှစ်မျိုးဘဲ ရှိပါတယ်။ မြေ ငလျင်ဒဏ်။ ဆူနာမီလှိုင်း ဒဏ်တွေ မရှိလို့ အေးချမ်းသာယာတဲ့ မြို့လေးလို့ ဆိုရပါမယ်။ မြို့ထဲက အဓိက စားသောက်ကုန်တွေကတော့ ငါးမျိုးစုံကို ဈေးပေါပေါနဲ့ အလွယ်တကူ ဝယ်ယူ ရနိုင်သလို တုတ်ထိုး ငါးကင်တွေကို လမ်းဘေးဈေးဆိုင်အစ အဆင့်မြင့် စားသောက် ဆိုင်။  ဟော်တယ် အဆုံး ဈေးပေါပေါနဲ့ အလွယ်တကူ တွေ့မြင် စားသုံးရမှာ ဖြစ်ပါ တယ်။ ငှက်ပျောသီးနဲ့ အုန်းသီးကိုလဲ နေရာတိုင်းလိုလိုမှာ တွေ့နိုင်ပါတယ်။ လေယာဉ် ကွင်းနဲ့ မြို့လယ်ကောင်ဟာ ကီိလိုမီတာ ၄၀ကျော် ရှည်တဲ့ တစ်ခုတည်းသော ကျွန်းပတ် မော်တော်ကား ကတ္တရာလမ်းနဲ့ ဆက်သွယ်ထားပါတယ်။ ပင်လယ် အကျဉ်း ဆုံး နေရာမှာ ဖယ်ရီလို့ခေါ်တဲ့ ပြည်တွင်းသွား သင်္ဘော (ဇက်) နဲ့ မော်တော်ကား ဆိုင်ကယ် တွေကို ဖြတ်လမ်းသဖွယ် ပေါင်းကူး သွားလာနိုင်ပါတယ်။ အစိုးရက မကြာခင် ပင်လယ် အကျဉ်းဆုံးနေရာကို ဖြတ်ပြီး ဆောက်မဲ့ တံတား တစ်ခုကို ဆောက်လုပ်ဖို့ စီစဉ် ထားတယ် လို့ သိရပါတယ်။
အမ်းဘောင်ကို မသွားခင်တုံးက အင်ဒိုနီးရှားနိုင်ငံဟာ ခရစ်ယာန် ဘာသာ ဝင်တွေနဲ့ အခြားဘာသာဝင်တွေ ပြသနာ မကြာခန တက်တတ်တယ်လို့ သတင်း ကြားထားဖူးတဲ့အတွက် ကျနော်သာ ခရစ်ယာန်ဖြစ်မှန်း အင်မီဂရေးရှင်းက လူတွေ သိသွားရင် ပြည်ဝင်ခွင့် တုံး မထုပေးမှာ စိုးတာရယ်။ အလုပ် သွားလုပ်ရမဲ့ အလုပ်ရှင်နဲ့ ဒေသခံလူတွေက အလုပ် လုပ်ခွင့် မပေးမှာ၊ နှောက်ယှက်မှာကို စိုးရိမ်တာရယ်ကြောင့် ဝတ်နေကျ အသင်းတော်မှာ ရောင်းတဲ့ လက်ဝါးကပ်တိုင်ပုံပါတဲ့ Youth camp က သင်တန်း တီရှပ်တွေကို သတိထား ပြီး ယူမသွားခဲ့ပါဘူး။ လက်ဝါးကပ်တိုင်ပုံ ပါတဲ့ ဆွဲကြိုး ကိုလဲ မဝတ်မိဖို့ သတိထားရပါ တယ်။ ကျနော် ခရစ်ယာန်မှန်း အမ်းဘောင်က လူတွေ သိသွားရင် အလုပ်အကိုင် အဆင် မပြေမှာစိုးလို့ပါ။
ဒါပေမဲ့ အလုပ်ကိစ္စ တစ်ခုတည်း အဆင်ပြေဖို့၊ ဒေါ်လာရဖို့လောက်နဲ့ ဘုရားကို ငြင်းပယ်ဖို့ ပြင်ဆင်မိတဲ့ ကျနော့်ရဲ့ အထင်နဲ့ အမြင်ဟာ ဟိုရောက်မှ တက်တက် စင်အောင် လွဲနေတာကို တွေ့ရပါတယ်။ အမ်းဘောင် မြို့ပေါ်မှာ ဆိုက်ကား သမားက အစ လမ်းဘေး ဓါတ်ဆီဆိုင်က အရောင်း သမားတွေ အဆုံး လက်ဝါးကပ်တိုင် အမှတ်အသား ဆွဲကြိုးလေးတွေ ဆွဲထားကြပြီး တနင်္ဂနွေ နေ့ညနေ ဆိုရင် လူတိုင်းနီးပါး ဘုရားကျောင်းသွားတက်ကြလို့ မြို့လယ်က ဆိုင်တွေ စားသောက်ဆိုင်တွေ KFC ဆိုင်တွေမှာ စားသုံးသူ မရှိသလောက် တွေ့ရပါတယ်။ ကျနော်တို့ကို လာကြိုတဲ့ အရောင်း ကိုယ်စားလှယ် ကိုယ်တိုင် ခရစ်ယာန်ဖြစ်သလိုက သူတို့ ကုမ္ပဏီက ဝန်ထမ်း တွေကလဲ ခရစ်ယာန်တွေဖြစ်နေပါတယ်။ ကျနော် တည်းတဲ့ ဟိုတယ် ဝန်ထမ်းတွေ အားလုံးလဲ ယုံကြည်သူတွေဖြစ်နေတာကို တွေ့ရပြန်ပါတယ်။ အမ်းဘောင် ဆိုတဲ့ အင်ဒိုနီးရှား ကျွန်းမြို့ သေးသေးလေးမှာနေထိုင်သူအားလုံးထဲမှာ ယုံကြည်သူ ဦးရေ ၇ဝ ရာခိုင်နှုန်း ရှိနေပြန် ပါတယ်။
အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကို ဝန်ခံအံ့။ ထိုသူကို ကောင်းကင်တမန်တို့ ရှေ့မှာ ငါဝန်ခံမည်။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကို ငြင်းပယ်အံ့။ ကောင်းကင် တမန်တို့ ရှေ့တွင် ထိုသူကို ငါငြင်းပယ်မည်။ ဆိုတဲ့ ကျမ်းစကားကို သတိရမိတဲ့ အချိန်မှာတော့ ကိုယ် ဒေါ်လာငွေရဖို့လောက်။ အလုပ်အကိုင် အဆင်ပြေဖို့လောက်  အတွေး တိမ်တိမ်လေးနဲ့ ဘုရားကို ငြင်းပယ်ဖို့ ပြင်ဆင်ထားတဲ့ ကျနော့်ရဲ့ စိတ်ဓါတ်တွေ အငွေ့ပျံ ပျောက်ကွယ် သွားပါတော့တယ်။
အစေခံလမ်းမှ -
မင်းအောင်သက်လွင်
(ဝန်ခံချက်။ ဤဆောင်းပါးသည် ခရီးသွား အတွေ့အကြုံ ဆောင်းပါးဖြစ်ပါသည်။ ဆောင်းပါးပါ အချက်အလက်များသည် စာအုပ်စာတမ်းများမှ ကူးယူ ရေးသား ထားခြင်း မဟုတ်ဘဲ ဒေသခံများ၏ ပြောပြချက်များနှင့် စာရေးသူ ကိုယ်တိုင်မြင်ခဲ့ ကြားခဲ့သော အကြောင်းအရာများကို ရေးသားထားခြင်းဖြစ်သောကြောင့် အမှားအယွင်း အနည်းငယ် ရှိနိုင် ပါသည်။ အမှားအယွင်း နှင့် ထိခိုက် နစ်နာမှုများ ရှိပါက ခွင့်လွှတ်ပါရန် ကြိုတင် မေတ္တာရပ်ခံအပ်ပါသည်)။
----------------------------------------------------------------------------
ဓါတ်ပုံများ (အမ်းဘောင်မြို့) အင်ဒိုနီးရှား
၁) ငြိမ်းချမ်းရေးမောင်း နှင့် နိုင်ငံတကာအလံများ
၂) ရိုးရာ အစားအစာများ
၃) အမ်းဘောင်ကမ်းခြေအလှ
၎) အမ်းဘောင်မြို့တွင်းနှင့်ဈေးရှုခင်း
၅) အမ်းဘောင်မြို့တွင်းမှ ဂိုဏ်းပေါင်းစုံ ဘုရားရှိခိုးကျောင်းများ
၆) အမ်းဘောင်မြို့တွင်း ဖယ်ရီသဘောင်္နှင့် ကမ်းခြေရှုခင်း


၁) ငြိမ်းချမ်းရေးမောင်း နှင့် နိုင်ငံတကာအလံများ



၂) ရိုးရာ အစားအစာများ








၃) အမ်းဘောင်ကမ်းခြေအလှ





၎) အမ်းဘောင်မြို့တွင်းနှင့်ဈေးရှုခင်း


၅) အမ်းဘောင်မြို့တွင်းမှ ဂိုဏ်းပေါင်းစုံ ဘုရားရှိခိုးကျောင်းများ








၆) အမ်းဘောင်မြို့တွင်း ဖယ်ရီသဘောင်္နှင့် ကမ်းခြေရှုခင်း





Sunday, May 26, 2013

စင်္ကာပူမှာ လည်စရာ၊ စားစရာ

စင်္ကာပူအကြောင်း ဓာတ်ပုံတွေနဲ့တကွ ခရီးသွားဆောင်းပါးတပုဒ် ကိုညီလင်းသစ် ဘလော့ဂ်မှာ တွေ့လို့ ဓာတ်ပုံအနည်းငယ် ပြန် ရှယ်ပါတယ်။ သူက စာအရေးကောင်းသူဖြစ်သလို ဓာတ်ပုံ အရိုက်ကောင်းသူမို့ ဖတ်လို့လည်းကောင်း ကြည့်လို့လည်း ကောင်းလှပါတယ်။ စင်္ကာပူက ကိုယ်မရောက်ဖူးသေးတဲ့ နေရာတချို့လည်း ပါလို့ ဖတ်လို့ ပိုကောင်းပါတယ်။ အပြည့်အစုံကို သူ့ဘလော့မှာပဲ ဖတ်ရှုနိုင်ကြပါတယ်။










ဒီဝက်ဘ်ဆိုက်က ခရီးသွားအကြောင်းပဲမို့ နံပါတ် ၃ ဖြစ်တဲ့ စာပေဟောပြောပွဲအကြောင်းကိုတော့ လင့်ခ် မတင်ထားပါဘူး။

Tuesday, January 1, 2013

ဗုဒ္ဓဂါယာ (သံဝေဇနိယလေးဌာန) နီပေါ - လုမ္ဗနီ - 11 Day Trip


အိန္ဒိယနိုင်ငံ ကာလကတ္တား ဗုဒ္ဓါဂါယာ (သံဝေဇနိယလေးဌာန) နီပေါနိုင်ငံလုမ္ဗနီ
(10 Nights,11 Days Trip)

ပထမနေ့
စုရပ်မင်္ဂလာဒုံလေဆိပ်သို့ Check In ၀င်ရပါမည်။ India Airline ဖြင့်ထွက်ခွာလာရာ ညနေပိုင်းတွင် ကာလကတ္တားမှ ဂါယာမြို့သို့ညအိပ်ကားဖြင့် ထွက်ခွာပါမည်။

ဒုတိယနေ့
နံနက်ဂါယာမြို့သို့ရောက်ရှိရာတည်းခိုဆောင်များတွင် နေရာချထားပြီးအနားယူကြပါမည်။ နံနက်စောစော (၉း၀၀)နာရီခန့်တွင် ဗောဓိပင်နှင့်ရွှေပလ္လင် ဒုက္ခစရိယာအား ဖူးမြော်ကြပါမည်။ ညနေပိုင်း ကိုယ်ပိုင်အချိန်ပေးပါမည်။ ဂါယာမြို့ရှိမဟာအောင်မြေဘုန်းတော်ကြီးကျောင်းတည်းခိုဆောင်တွင် ညအိပ်အနားယူမည်။

တတိယနေ့
နံနက်သုဇာတာဃနာနို့ဆွမ်းကပ်ရာနေရာနှင့်မင်းတုန်းမင်းဇရပ်၊ International ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် ဂျပန်ကမာကူရဘုရားအားဖူးမြော်ကြပြီး နေ့လည်ပိုင်းတွင် ကိုယ်ပိုင်အချိန်ပေးပါမည်။
ဂါယာမြို့ရှိ မဟာအောင်မြေဘုန်းတော်ကြီးကျောင်းတည်းခိုဆောင်တွင် ညအိပ်အနားယူမည်။

စတုတ္ထနေ့
နံနက်ဂါယာမှဗာရာဏသီသို့ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် ရောက်ရှိပြီး ပဉ္စ၀ဂီငါးဦးအား တရားဦးဟောကြားတော်မူရာ မိဂဒါဝုန်တောနှင့်ဓမေခစေတီတော်အား ဖူးမြော်ကြပါမည်။
ဗာရာဏသီမြို့ရှိ မိဂဒါဝုန်မြန်မာဘုန်းကြီးကျောင်းတည်းခိုဆောင်တွင် ညအိပ်အနားယူမည်။

ပဉ္ဖမနေ့
နံနက်ချောက်ခန္ဒီစေတီတော်အား ဖူးမြော်ပြီးနောက်ဂင်္ဂါမြစ် Sightseeing အား သွားရောက်ကြည့်ရှုကြပြီး သာဝတ္ထိသို့ထွက်ခွာပါမည်။ ညနေပိုင်းတွင်ဇေတ၀န်ကျောင်းတော်ရာဟောင်းနှင့် အာနန္ဒာဗောဓိသာဝတ္ထြိမို့
ဟောင်းသို့ သွားရောက်ဖူးမြော်ကြပါမည်။ သာဝတ္ထိမြို့ရှိ မြန်မာဘုန်းကြီးကျောင်းတည်းခိုဆောင်တွင် ညအိပ်အနားယူမည်။

ဆဋ္ဌမနေ့
နံနက်သာဝတ္ထိမြို့မှဆက်လက်ထွက်ခွာလာရာ အိန္ဒိယနိုင်ငံ-နီပေါနှစ်နီုင်ငံ နယ်စပ်ထွက်ပေါက်မှတဆင့် လုမ္ဗနီသို့ထွက်ခွာပါမည်။ မြန်မာရွှေကျောင်းတော်ကြီးတည်းခိုဆောင်(လုမ္ဗနီ)တွင် ညအိပ်အနားယူမည်။

သတ္တမနေ့
နံနက်နယ်စပ်ထွက်ပေါက်မှတဆင့် အိန္ဒိယနိုင်ငံသို့ပြန်လည်ဝင်ရောက်ပြီး ကုသိန်ရုံသို့ ထွက်ခွာကြပါမည်။ မြတ်စွာဘုရားပရိနိဗာန်စံတော်မူသည့်ရုပ်ပွားတော်နှင့် တေဇောဓာတ်လောင်ကျွမ်းတော်မှုသည့်
နေရာရှိ အင်္ဂါရစေတီတော်အား ဖူးမြော်ကြပါမည်။ ကုသိနာရုံမြန်မာဘုန်းကြီးကျောင်းတည်းခိုဆောင် (ကုသိနာရှံ)တွင် ညအိပ်အနားယူမည်။

အဋ္ဌမနေ့
နံနက်စောစောရာဇဂြိုလ်သို့ထွက်ခွာကြပါမည်။ ပတ္တနားမြို့ကိုဖြတ်ကျော်ပြီးလမ်းတွင် ဝေသာလီမြို့ဟောင်းသို့ ကြည့်ရှုလေ့လာကြပါမည်။ ရာဇဂြိုလ်မြို့ရှိရခိုင်ဘုန်းတောင်ကြီးကျောင်း တည်းခိုဆောင်
တွင် ညအိပ်အနားယူမည်။

န၀မနေ့
နံနက်ဂိဇ္စုကုဋ်တောင်ဗိမိသာရအကျဉ်းထောင်၊ ဝေဘာရတောင်ရေပူစမ်း၊ နာလန္ဒာတက္ကသိုလ်နှင့် အခြားဖူးမြော်စရာများအား ဖူးမြော်ပြီး ညနေပိုင်းကာလကတ္တားမြို့သို့ ညအိပ်ကားဖြင့်ပြန်လည်ထွက်ခွာပါမည်။

ဒဿမနေ့
နံနက်စောစောကာလကတ္တားမြို့သို့ရောက်ရှိအနားယူကြပါမည်။ နေ့လည်ပိုင်းမှညပိုင်းအထိ Sience City ။ဧဒင်ဥယျာဉ်။ New Market နှင့်ကာလကတ္တားမြို့ပေါ် Shopping များသို့ လေ့လာကြည့်ရှုကြပါမည်။ ဗောဓိသုခဘုန်းတော်ကြီးကျောင်း တည်းခိုဆောင်(ကာလကတ္တား)တွင် ညအိပ်အနားယူမည်။

ဧကဒဿမနေ့
နံနက်ပိုင်းတွင် ကာလကတ္တားမှရန်ကုန်သို့ India Airline ဖြင့်ပြန်လည်ထွက်ခွာရာ မြန်မာစံတော်ချိန်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့သို့ချောမောစွာ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။
ဈေးနှုန်းတယောက်လျှင် ၈၅၀,၀၀၀ ကျပ်
ဝန်ဆောင်မှုတွင် ပါဝင်သောအရာများ
၁။လေယာဉ်လက်မှတ်(ရန်ကုန်-အိန္ဒိယနိုင်ငံ-ရန်ကုန်)
၂။ခရီးစဉ်တစ်လျှောက်ကားအကြိုအပို့
၃။ခရီးစဉ်တွင်ပါဝင်သည့်အတိုင်းနံနက်စာ၊နေ့လည်စာနှင့်ညစာ
၎။အိန္ဒိယနိုင်ငံဝင်ခွင့်ဗီဇာနှင့်ဝန်ဆောင်မှုစရိတ်
၅။ခရီးစဉ်ဝင်ကြေးများ
၆။တည်းခိုစရိတ်
၇။မြန်မာစကားပြန်နှင့်ဧည့်လမ်းညွှန်
ဝန်ဆောင်မှုတွင် မပါဝင်သောအရာများ
၁။ ဖော်ပြပါခရီးစဉ်တွင် မပါဝင်သောလည်ပတ်မှုများ
၂၊။ ရေသန့်ဘူးနှင့်အချိုရည်များ
၃။ လေယာဉ်အတွက် ၀န်ပိုသယ်ဆောင်စားရိတ်

အခြားအလားတူခရီးစဉ်များ
၁၊ ဘန်ကောက် အယုဒ္ဒယ ပတ္တရား ၄ညအိပ် ၅ ရက်ခရီးစဉ်
၂။ စင်္ကာပူ၊ မလေးရှား(ကွာလာလမ်ပူ) ၆ညအိပ် ၇ ရက်ခရီးစဉ်






Sunday, January 1, 2012

ဗုဒ္ဓဂါယာ ခရီးစဉ်

ကျွန်မတို့ ဗုဒ္ဓဂါယာကို ၁ရ၊ ၃၊ ၂၀၀၈ မှာ ဘုရားဖူးအဖွဲ့နဲ့ ထွက်ခဲ့ပါတယ်။ ရန်ကုန်လေဆိပ်က အထွက် အပေါ်အဖြူအောက် ယောဂီနဲ့ တူညီဝတ်စုံတွေနဲ့ လေယာဉ်ပေါ်ကို တက်ရပါတယ်။ လေယာဉ် တစ်စီးလုံးက ဗုဒ္ဓဂါယာသို့ သွားမည့် သူများပါပဲ၊ ဂါယာသို့ နေခင်းလောက်မှာရောက်ပါတယ်။ ဂါယာသို့ တိုက်ရိုက်လေယာဉ်ပါ၊ ဂါယာလေဆိပ်ကတော့ ခပ်သေးသေးရယ်ပါ။ Immigration ကိုဖြတ်ပြီးတာနဲ့ လာကြိုနေတဲ့ ကားတွေက အဆင့်သင့်ပါပဲ။ ကားတွေက အဲယားကွန်းနဲ့ လေအိပ်ကားတွေပါ။ တစ်လျှောက်လုံးကား စီးရတာ အဆင်ပြေပါတယ်။ အိန္ဒိယမှာ ၂၈ ပြည်နယ်ရှိတဲ့ အထဲက ၄ ပြည်နယ်ကို ရောက်ခဲ့ပါတယ်။

ဗုဒ္ဓဂါယာအမည်က ဂယာမြို့ အနီးမှာ တည်ရှိမှုကို အစွဲပြုပြီး ဖြစ်လာတာပါ။ ဗီဟာပြည်နယ်အတွင်းမှာ တည်ရှိတာပါ။ ကာလကတ္တား ဂယာမြို့ဟာ ကီလိုမီတာ ၄၅၀ကျော်ကွာဝေးပါတယ်။ ဗုဒ္ဓဂါယာမှာက မြန်မာဘုန်းကြီးကျောင်းနှစ်ကျောင်း ရှိတယ်လို့ ကြားပါတယ်၊ အသစ်နဲ့ အဟောင်းပါ။ ကျွန်မတို့ တည်းရတာက ဘုန်းကြီးကျောင်းအဟောင်းမှာပါ။ မဟာဗောဓိစေတီနဲ့ နီးပါတယ်၊ လမ်းလျှောက်သွားရင်လဲ အနီးလေးပေါ့၊ ကုလားဆိုက်ကားနဲ့သွားလို့ ရပါတယ်။ ၅ ရူပီး လောက်ပဲပေးရပါတယ်။ ဗုဒ္ဓဂါယာမှာ ၄ညအိပ် ၅ရက်လောက်ကြာပါတယ်။ မဟာဗောဓိစေတီကြီးက အင်မတန်မှ သပ္ပယ်ပါတယ် ကြည်ညိုလို့ မ၀နိုင်အောင်ပါပဲ။ စေတီတော်ကြီးမှာ ဖိနပ်တော် ၄၈-ပေ၊ ဉာဏ်တော်အမြင့် ၁၇၀-ပေ ရှိပါသည်။

ဗုဒ္ဓဂါယာမှာ ဖူးမျှော်လေ့လာနိုင်စရာ တွေကတော့-
-မဟာဗောဓိစေတီတော်
-ဗောဓိပင်
-အပရာဇိတပလ္လင်
-သတ္တဌာန ခုနှစ်ဌာန
-မင်းတုန်းမင်းဇရပ်
-မဟန့်နန်းတော်
-သုဇာတာ အိမ်နေရာ
-သုဇာတာ ဃနာနို့ ဆွမ်းကပ်သည့် နေရာ
-ဘုရားအလောင်း ရွှေခွက်မျောရာ နေရာ
-ဒုက္ကရစရိယကျင့်ရာဂူ
-International ဘုန်းကြီးကျောင်းများ
-နေရဉ္စရာမြစ်
လေ့လာစရာတွေကတော့ အများကြီးကျန်ပါသေးတယ်။ ကိုယ်မှာရှိတဲ့ ပုံတွေနဲ့ အွန်လိုင်းမှ ရှာထားသော ပုံများကို ရောကာ ကုသိုလ်ယူနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

(က) မဟာဗောဓိစေတီ
ိ

ဒါကတော့ မဟာဗောဓိစေတီ အ၀င်ဝပါ။


ဒါကတော့ ဘုရားဝင်းအတွေင်းပါ။


ဒါကတော့ မဟာဗောဓိစေတီ ကြီးပါ ကျောက်တုံးတွေနဲ့ ဆောက်တယ်လို့ ဆိုပါတယ်။ အင်မတန်မှ သပ္ပယ်သလို ခဏခဏ ဖူးမျှော်ချင်နေတဲ့ စေတီကြီးပါ။

Resigzed ImageClick this bar to view the full image.


Resigzed ImageClick this bar to view the full image.


Resigzed ImageClick this bar to view the full image.


မဟာဗောဓိစေတီ အတွင်းရှိ International image ပါ။ အလွန်သပ္ပာယ် သလိုနေ့စဉ်နှင့်အမျှ သင်္ကန်းတော်ကို လဲလှယ်ဆက်ကပ်သူ များဟာနိုင်ငံပေါင်းစုံကပါပဲ။ ကျွန်မ တွေခဲ့တဲ့ အဖွဲ့တွေကတော ထိုင်း၊ တိဘက်၊ ဂျပန်၊ တရုတ်၊ ကိုရီးယား ဘယ်နိုင်ငံကမှန်းမသိရတဲ့ အဖွဲ့တွေကလည်း အများကြီးပါ။
Resigzed ImageClick this bar to view the full image.


(ခ) ဗောဓိပင်

မြတ်စွာဘုရားသည် ဗောဓိပင်ကို နောက်မှီပြု၍ ဗောဓိပင်ရင်းရှိပလ္လင်တော်၌ သဗ္ဗညုတ ဉာဏ်တော်ကို ရတော်မူပါတယ်။ ဗောဓိပင်မှ ဗောဓိရွက်ကြွေကို စောင့်ပြီးကောက်သူတွေကလည်း အများအပြားပါ။ တစ်ရွက်ကြွေရင် လုကောက်ရပါတယ်။ ကံကောင်းချင်တော့ တစ်ရက်မှာ လေတွေတအားတိုက်ပြီး ဗောဓိရွက်တွေကြွေတာဟာ မကောက်နိုင်အောင်ပါပဲ။

Resigzed ImageClick this bar to view the full image.


Resigzed ImageClick this bar to view the full image.


(ဂ) သတ္တဌာန ခုနှစ်ဌာန

မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဖော်ပြပါ ၇-ဌာနတို့၌ ၇-၇က်စီစံတော်မူသည်။

၁။ ဗောဓိပင်နင့် ပလ္လင်တော် (ဖော်ပြပြီး)
ဘုရားအဖြစ်သို့ ရောက်တော်မူပြီး နောက် မဟာဗောဓိနှင့် ပလ္လင်တော်ထက်တွင် ထက်ဝယ်ဖွဲ့ခွေလျက် ခုနှစ်ရက်ပတ်လုံး ဖလသမာပတ်ကို ချမ်းသာကို ခံစားတော်မူသည်။

၂။ အနိမိသစေတီ။
ဤစေတီတော်နေရာတွင် ဘုရားရှင်သည် ရပ်တော်မူလျက်ဗောဓိပင်နှင့် ရွှေပလ္လင်ကို ခုနှစ်ရက်ပတ်လုံး တစိမ့်စိမ့်ရှုစား တော်မူသည်။

၃။ ရတနာ စင်္ကြဌာန
မြတ်စွာဘုရားသည် ပလ္လင်တော်ကို ခုနှစ်ရက်တိုင်တိုင် စိုက်ကြည့်တော်မူနေရာ နတ်ဗြဟ္မာတို့က မြတ်စွာဘုရားသည် ပလ္လင်တော်ကို တွယ်တာမူရှိသည်ဟု အထင်မှားကြကုန်၏။ ထိုအထင်မှားမူကိုပယ်ဖျက်ရန် ကောင်းကင်တွင် ရတနာစင်္ကြ ဖန်ဆင်းကာ ကြွတော်မူသည်။

Resigzed ImageClick this bar to view the full image.


၎။ ရတနာ ဃရဌာန
နတ်တို့ဖန်ဆင်းသော ရတနာ ဃရ (ရွှေအိမ်)တွင် ထက်ဝယ်ဖွဲ့ခွေထိုင်တော်မူ၍ အဘိဓမ္မာခုနှစ်ကျမ်းကို သုံးသပ်တော်မူရာ နောက်ဆုံးဖြစ်သော ပဋ္ဌာန်းကျမ်းတော်ကြီးရောက်သော အခါမြတ်စွာဘုရားသခင်ကိုယ်တော်မှ ရောင်ခြည်တော်ခြောက်သွယ် ပေါ်ထွက် ကွန့်မြူး၍ အဆုံးမရှိသော အနန္တ အာကာသထဲသို့ ပျံ့နှံ့သွားရာ ယနေ့အထိုရောင်ခြည်တော်များသည် အာကာသထဲသို့ရှေ့ဆက်ပြေးနေဆဲဖြစ်သည်။

၅။ အဇပါလနိဂြောဓ ဌာန
(အဇ=ဆိတ်+ပါလ=ထိန်းကျောင်း+နိဂြောဓ=ညောင်ပင်) ဆိတ်ကျောင်းညောင်ပင်ရင်း၌ တရားကိုဆင်ခြင်သုံးသပ်ခြင်း၊ အရဟတ္တဖိုလ် ချမ်းသာကိုခံစားခြင်းပြုတော်မူသည်။

၆။ မုစလိန္ဒ ဌာန
မုစလိန္ဒ အိုင်အနီး ကျည်းပင်ရင်း၌ ခုနစ်ရက်တိုင်တိုင် ဖလသမာပတ်ကို ၀င်စားတော်မူသည်။ မုစလိန္ဒ နဂါးမင်းက မြတ်စွာဘုရားရှင်ကို ခုနစ်ပတ်ရစ်ခွေ၍ အပေါ်မှ ပါးပျဉ်းအုပ်မိုးလျက်ပူဇော်သည်။ မုစလိန္နအိုင်မှာ အတော့်ကို ကြီးတဲ့ငါးကြီးတွေရှိပါတယ်။ သူတို့ကို ပေါင်မုန့်တွေကျွေးတာ ကျွေးလို့မလောက်နိုင်အောင်ပါပဲ။

Resigzed ImageClick this bar to view the full image.


၇။ ရာဇာယတ ဌာန
မဟာဗောဓိပင်တော်ဘက် လင်းလွန်းပင်ရင်း၌ ခုနစ်ရက်တိုင်တိုင် ဖလသမာပတ်ကို ၀င်စားတော်မူ၏။

(ဃ) မင်းတုန်းမင်းဇရပ်
မင်းတုန်းမင်းဇရပ် ဖျက်ဆီးခံရ၍ မရှိတော့ပါ မင်းတုန်းမင်းကျောက်စာသာလျှင် ကျန်ပါတော့တယ်။ ကျောက်စာကိုမူ တဖြည်းဖြည်းဖျက်ဆီးရန် စာကြောင်းများကို ပွတ်တိုက်ထားသည်။

(င) သုဇာတာ အိမ်နေရာ
ဤအုပ်ပုံကို သုဇာတာ အိမ်နေရာဟု ဆိုကြသည်။

Resigzed ImageClick this bar to view the full image.


(စ) နေရဉ္စရာမြစ်
မြစ်ပြင်တစ်ခုလုံးက ရွံ့နွံမရှိပဲ သဲပြင်တွေချည်းပါပဲ၊ မိုးတွင်းသာ ရေရှိပြီး နွေနှင့်ဆောင်းတွင် သဲမျှသာရှိသည်။

Resigzed ImageClick this bar to view the full image.


(ဆ) ဒုက္ကရစရိယာကျင့်ရာဂူ
ဗုဒ္ဓဂါယာမှ ၄မိုင်ခန့်သွားရသည်။ မနက်အစောကြီးရောက်သွားလို့ လားတော့မသိဘူး တော်ခြေနဲ့ တောင်ဝန်းကျင်က အင်မတန်သာယာပါတယ်။ တောင်းရမ်းနေသူကလည်း အများအပြားပါ။ ကိုယ်ကတောင်တက်ရမှာဆိုတော့ သူတိုကိုတွဲခိုင်း၊ သူတို့ပေးတဲ့တောင်ဝှေးကို ယူမိရင် ပိုက်ဆံအတင်းတောင်းတော့ တာပါပဲ။ တစ်ယောက်ကို ပေးမိရင် ကုလားလေးတွေ၊ အဖွားကြီးတွေ၊ အဖိုးကြီးတွေက ၀ိုင်းအုံလာတော့တာပါပဲ။ အရမ်းကိုဆင်းရဲကြပြီး သနားစရာလည်း ကောင်းပါတယ်။

ဂူအတွင်းရှိ ရုပ်ပွါးတော်
Resigzed ImageClick this bar to view the full image.


တောင်ပေါ်သို့တက်ရာလမ်းပါ
Resigzed ImageClick this bar to view the full image.


တောင်တန်းသွယ်ကြီးပါ
Resigzed ImageClick this bar to view the full image.


လိုင်ဂူဝပါ။ တောင်ပေါ်မှာပါ တောင်ပေါ်မှာ တိဘက်ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိပါတယ်။ ခဏခဏဓားမြတိုက်ခံ ရတယ်လို့ကြားပါတယ်။ တော်ပေါ်တက်ရင်လည်းတစ်ယောက်ကို တစ်ယောက်စောင့်ပြီးတက် ရပါတယ်။ လုံခြုံမှု မရှိလို့ပါ။
Resigzed ImageClick this bar to view the full image.


(ဇ) နိုင်ငံတကာ ဘုန်းကြီးကျောင်းများပါ။

ထိုင်းဘုန်းကြီးကျောင်းပါ


ထိုင်းဘုန်းကြီးကျောင်းအတွင်းရှိ ရုပ်ပွားတော်ပါ
Resigzed ImageClick this bar to view the full image.


ဂျပန် ဘုန်းကြီးကျောင်းဘေးနားရှိ ရုပ်ပွားတော်ပါ။ ဂျပန်သွားချင်လို့ ဆုတောင်းရင်ပြည့်တယ် လို့ဆိုပါတယ်။ ဘယ်ရမလဲ ကျွန်မလဲဆုတောင်းခဲ့ပါတယ်။ ဂျပန်ရှိ ကမာကူရုပ်ပွားတော်နှင့် ထုထည်တူတည်တယ်လို့ ဆိုပါတယ်။
Resigzed ImageClick this bar to view the full image.


တိဘက်ကျောင်းပါ။
Resigzed ImageClick this bar to view the full image.


တိဘက်ကျောင်းရှိ ရုပ်ပွားတော်ပါ။
Resigzed ImageClick this bar to view the full image.


[မောင်အံ့ (မဟာဝိဇ္ဇာ - ဘုံဘေ) ၏ မြတ်ဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာကို ကိုးကားသည်။] ဆက်လက်ဖော်ပြပါမည်။

ဗုဒ္မ္မဂါယာ ခရီးစဉ်(၂)

မိဂဒါဝန်သို့
ဗာရာဏသီမြို့မှ ၆မိုင်ခန့် ကွာဝေးတဲ့ မိဂဒါဝန်သို့ ခရီးဆက်ခဲ့ပါတယ်။ မိဂဒါဝန်သည် မိဂဒါယမှ ပြောင်းရွှေ့ လာသောစကားဖြစ်သည်။ (မိဂ=သမင်၊ ဒါယ=တော) သမင်တို့ကို ဘေးမဲ့ပေးရာတော။ မိဂဒါဝန်သည် မြတ်စွာဘုရား ပထမ၀ါကပ်တော်မူသည်၊ ပဉ္စ၀ဂ္ဂီငါးဦးတို့ ရဟန္တာဖြစ်တော်မူခဲ့သည်၊ ယသသဌေးသားနှင့် သူငယ်ချင်း ၅၄-ဦးတို့ ပထမ၀ါတွင်းမှာပင် တို့ ရဟန္တာဖြစ်တော်မူကြသည်။ မြတ်စွာဘုရားသည် မိဂဒါဝန်သို့ နောက်ထပ် ၃-ကြိမ်ခန့်ကြွတော်မူခဲ့သည်။ဖူးမြော်လေ့လာရန် ဌာနများကတော့-

(၁) ဓမ္မေခ စေတီ၊
(၂) မူလ ဂန္နကုဋိဝိဟာရ၊

(၃) ချောက်ခဏ္ဍီစေတီ၊

လေ့လာစရာတွေ ကတော့ ကျန်ပါသေးတယ်။ ကျွန်မမှတ်မိ သလောက်ဘဲဖော်ပြထား ခြင်းပါ။ ဒါကတော့ မိဂဒါဝန်ဘုန်းကြီးကျောင်းအ၀င်ဝပါ

Resigzed ImageClick this bar to view the full image.


ဘုန်းကြီးကျောင်းက သမင်တွေဘေးမဲ့ပေးထားတဲ့ ဥယျာဉ်ဘေးမှာပါ။ အခန်းကနေကြည့်ရင် သမင်တွေကို ဒီအတိုင်း မြင်နေရပါတယ်။

ဒါကတော့ ဓမ္မေခ စေတီတော်ပါ။ ဉာဏ်တော်မှာ ၁၄၀-ခန့်မြင့်၍ တမိုင်ပတ်လည်ကပင်ကောင်းမွန်စွာ မြင်တွေ့နိုင်ပါတယ်
Resigzed ImageClick this bar to view the full image.


မူလ ဂန္နကုဋိဝိဟာရ အတွင်းရှိ ရုပ်ပွားတော်ပါ။
Resigzed ImageClick this bar to view the full image.


မူလ ဂန္နကုဋိဝိဟာရပါ။ မြောက်ဘက်ထိပ်တွင် ဗုဒ္ဓရုပ်ပွားတော်နှင့် ဓာတ်တော်တိုက် ရှိသည်။ ကျောင်းတော်နှစ်ပတ်လည် အထိမ်းအမှတ်နေ့ ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် ဓာတ်တော်ဖွင့်ပွဲပြုလုပ်သည်။
Resigzed ImageClick this bar to view the full image.


Resigzed ImageClick this bar to view the full image.


သာဝတ္တိသို့

ဆက်လက်၍ သာဝတ္တိသို့ ခရီးဆက်ခဲ့ပါတယ်။ ဗာရာဏသီမြို့မှ သာဝတ္တိသို့ကားငှား၍ သွားလျှင်ကီလိုမီတာ ၃၃၀-ကွာဝေးသည်။ ဖူးမြော်ကြည့်ရှုရန်ဌာနများကတော့ -

(၁) ဇေတ၀န်ကျောင်းတော်ရာ၊

(၂) ဒေ၀ဒတ်မြေမျိုသည့်နေရာ၊

(၃) အာနန္ဒာဗောဓိ၊


ဒါကတော့ ဇေတ၀န်ကျောင်းတော်ရာပါ။ ဇေတ၀န်ဆိုသည်မှာ (ဇေတ၀န=ဇေတ=မင်သား၏အမည်။ ၀န=ဥယျာဉ်ပန်းခြံ) ဇေတမင်းသားပိုင်သော ဥယျာဉ်ဟု ဆိုလိုသည်။ အာနန္ဒာဗောဓိပင်သည် ဇေတ၀န်ဥယျာဉ် အတွင်းတွင် တည်ရှိသည်။
Resigzed ImageClick this bar to view the full image.


Resigzed ImageClick this bar to view the full image.



http://chitsanoe.blogspot.com မှ တဆင့် ကူးယူ မျှဝေခြင်း ဖြစ်ပါတယ်။ Posted 2010