Showing posts with label London လန်ဒန်. Show all posts
Showing posts with label London လန်ဒန်. Show all posts
Tuesday, January 17, 2017
၁၉၇၀ လောက်က လန်ဒန် - - ဒဂုန်ခင်ခင်လေး၏ ကမ္ဘာ့ခရီးသွားမှတ်တမ်းမှ (1973 ?)
"မြို့လန်ဒန်၏ ရှုခင်းအလှ"
"သူတို့ဆီမှာဖြင့်"
သို့……                    မှ……
    အယ်ဒီတာ                ဒေါ်ဒဂုန်ခင်ခင်လေး
   ယုဝတီ                     နေရှယ်နယ်ဟိုတယ်
                                     ခေတ္တ၀ါရှင်တန်မြို့
    ယုဝတီ၏ ယုဝတီများထံသို့ ၀ါရှင်တန်မှနေ၍…..
    ဒုတိယအကြိမ်မြောက် စာရေးလိုက်ပါသည်။ ထားခဲ့တဲ့ဂတိအတိုင်း လွန်ခဲ့တဲ့အပါတ်က ဆက်ရန်မှ နေသေးတဲ့ Tower of Lodon,အကြောင်းရေးရအုံးမယ်။
    (Tower of London)တာဝါအော့(ဖ) လန်ဒန်၊ လန်ဒန်ပြတိုက်လို့ ခေါ်နေကြတဲ့ အထက်ပါ အဆောက်အဦးကြီး ကို ရောက်သွားတယ်။ ဆန်းမားဟော်လီဒေး၊ နွေဥတုရက် အားနဲ့သွားတိုးနေလို့ စည်လိုက်တဲ့ လူတွေဟာ မနည်းပါဘူး၊ မမခင်တို့ ရန်ကုန်မှာ တပေါင်းပွဲတော်ကို တောက ဘုရားဖူး လာကြရင်း ကန်တော်ကြီးတို့ တိရိစ္ဆာန်ရဲတို့ကို လျှောက်ကြည့်သလိုပေါ့။ မိန်းကလေးတွေ၊ ယောက်ျား ကလေး တွေ အဖိုးအို အဖွားအို ဘုစုခရုမကျန်လာကြတယ်။ ဟိုကြည့်သည်ကြာည့်….. တချို့ကလဲ လက်စွဲ ကင်မလာလေး တွေနဲ့ တဖြတ်ဖြတ်ရိုက်ကြတာဟာ မမောနိုင်-မပမ်းနိုင်ပါဘဲလေ။
    အဲသည်ရဲတိုက်ကြီးဟာ ရှေးက မေရီဘုရင်မတို့တံခိုးကြီးစဉ်က နေထိုင်သွားတဲ့ ရဲတိုက် နန်းတော်ေ ဟောင်းကြီးဖြစ်တယ်။ သိမ်းမြစ်ကမ်းပေါ်မှာ ကျောက်ချပ်ပြားကြီးတွေနဲ့ ခိုင်ခန့်စွာ မျှော်စဉ်ကြီးတွေ၊ အုတ်နံရံကြီးတွေ ရံဝိုင်းပြီး တဘက်ကလဲ ကျုံးမြောင်းခလုတ် ကတုတ်ရင်တားတွေ ၀ိုင်းလျက် တွေ့ရတယ်။ (bloody tower) ဘလပ်ဒီတာဝါး သွေးသောက်မျှော်စင်ဆိုတဲ့နေရာဟာ နာမည်အဆိုးဆုံးပေါ့။ အဲဒီနေရာမှာ သိမ်းမြစ်ထဲကနေပြီး ရဲတိုက်ထဲ ဒေါက်လျှောက်ဝင်နိုင်တဲ့ ရေတံခါးကြီးရှိတယ်။ ပုန်ကန်တဲ့သူတွေ အပြစ် ကြီးကျယ် တဲ့ ရာဇ၀တ်ကောင်တွေဆိုရင် ရေလမ်းကဖမ်းယူလာပြီး ဒီတံခါးကြီးကနေပြီး သွင်းရသတဲ့။
    အဲဒီရေတံခါးကသွင်းတဲ့ ရာဇ၀တ်ကောင်မှန်ရင်လဲ ဘယ်တော့မှ ပြန်လမ်းမရှိဆိုဘဲ။ နောက်မေရီ ဘုရင်မ ၏ သတ်ဖြတ်သုတ်သင်ခြင်း ခံရတဲ့ မင်းသမီး-မင်းသား၊ ဆွေတော်၊ မျိုးတော်များကို ခေါင်းဖြတ်ရာ ကျောက်ပြားကြီး ကိုလည်း အမှတ်တရ ပြသထားသေးတယ်။
    ရက်ရက်စက်စက် အုပ်ချုပ်ရတဲ့ ရှေးခေတ်တုန်းကဆိုလျှင် ဘယ်နိုင်ငံက ဘုရင်ဖြစ်ဖြစ်၊ သည်နည်း အတိုင်း အနည်းအများတော့ရှိကြတာဘဲ။
    မြန်မာပြည်က သီပေါမင်းလက်ထက်ကို အင်မတန်ဆိုးဝါးရက်စက်တယ်လို့ တချို့အင်္ဂလိပ်များက နှာခေါင်း ရှုံ့ချင်ကြလျှင် အင်္ဂလန်မှာလဲ ဒါမျိုးမကင်းတဲ့ ခေတ်ရှိခဲ့သေးတယ် ဆိုတာ ကိုယ်ချင်းစာတို့ ကောင်း ပါတယ် နော်။
    ဒီရဲတိုက်အလယ် လူသတ်ကျောက်ပြားနှင့် မနီးမဝေးမှာ မြက်ခင်းပြင်ကလေးတခုရှိတယ်။ အဲဒီ မြက်ခင်း စိမ်းလဲ့လဲ့ ကလေးပေါ်မှာ ဧရာမကျီးကန်းကြီး သုံးလေးကောင်ကို တွေ့ရသေးတယ် တကောင်လျှင် မမခင် တို့ မြန်မာပြည်က ကျီးကန်းကြီးသုံးကောင်စာလောက် ကြီးမားတယ်။ သူတို့အနီးအပါးမှာ ခိုတွေ စာကလေး တွေလဲ ရှိတယ်။
    တခါတခါ ကျိးကန်းတွေက ခိုလေးတွေ၊ စာလေးတွေကို နှုတ်သီးကြီးတွေနဲ့ ထိုးဖေါက်ပြီး စားပစ် လိုက်တာဘဲတဲ့။ ဗမာပြည်က ကျီးကန်းတွေလို ဟိုပျံလိုက်…ဒီနားလိုက် ကျီးကန်းတောင်းမှောက် မျက်လုံးမျိုး နဲ့ ပြာယီးပြာယာ ရုပ်လက္ခဏာမျိုး မရှိဘူး။ ဘေးက၀ိုင်းကြည့်တဲ့လူတွေကိုလဲ သိပ်ဂရုမစိုက်လှဘူး။ ခပ်တည်တည် ဘဲ မြက်ခင်းပေးမှာ နားနေကြတယ်။
    သူတို့ရဲ့ ထူးဆန်းတဲ့သဘောတရားကို မေးကြည့်တော့မှ….
ရှေးအခါက ရာဇ၀တ်သားတွေ သတ်ဖြတ်ပြီးတဲ့အခါ… အဲဒီ ကျီးကန်းတွေ ထိုးဖောက်စားကြမြဲဖြစ်တယ်။ ရဲတိုက်ကြီး မှာ အစဉ်အဆက်အတိုင်း မှီခိုနေထိုင်ပြီး ပေါက်ဖွားလာကြတဲ့ ကျီးမျိုးအဆက်ဖြစ်တယ်။
    ဒီရဲတိုက်မှာ ကျီးတကောင်မှမရှိလျှင် အင်္ဂလန်ထီးနန်း အဆက်ပြတ်သွားတယ်လို့ အင်္ဂလိပ်လူမျိုး တချို့ အယူသီး ကြသတဲ့….။
    ဒါကြောင့်ဒီကျီးတွေကို အမြဲတန်းခြောက်ကောင်ရှိအောင် မွေးကျွေးထားတယ်။ သူတို့ကိုကျွေးမွေးရန် သားငါး စတဲ့ စားစရိတ်နဲ့ အထိန်းတော်တယောက်ကို အမြဲလခပေးထားရ တယ်လို့ သိရတယ်။ တကောင် တလေ သေသွားရင်လည်း အစားရှာပြီး ထားရသတဲ့။
    လန်ဒန်မှာ ထူးဆန်းတာက မြို့ပေါ်မှာ ကျီးတကောင်မှမရှိဘူး။ တောဘက်မှာ သွားရှာမှ ကျီးကို တွေ့ရတယ်။ သူတို့မှာ ဘာတခုမှ လွှင့်ပစ်စရာနေရာမရှိဘူး။ အမှိုက်ပုံးထဲရောက်အောင် ထုတ်ပြီး ပို့ကြတယ်။ အမှိုက်ပုံးတွေကလည်း အဖုံး တွေနဲ့။ ဗမာပြည်မှာလို အစားအစာ အကျွင်းအကျန်တွေ စွန့်ပစ်ပုံ မသရမ်းအောင် စည်းကမ်းကြီးတယ်။
    မေခင်တို့ဆီမှာဖြင့် အမှိုက်ပုံတွေမှိုလိုပေါက်…. ကျီးတသောသော…. ခွေးဝဲစားတွေ တရုန်းရုန်း…… ယင်ကောင်တွေ တ၀ုန်းဝုန်းနဲ့……။ ဒါကြောင့် မမခင်တို့ဗမာပြည်မှာ ရောဂါအန္တရာယ် ထုပ်ထပ် ပေါများ သလောက် သူတို့ဆီမှာ လေကောင်းလေသန့်နဲ့ အစားအသောက်တွေ အချိန်မှန်မှန် အနေအထိုင် သန့်ရှင်း သပ်ရပ်ခြင်းတွေကြောင့် ရောဂါအန္တရာယ်ကင်းပြီး အသက်ရှည်ကြတယ်လို့ ဆိုင်ရင် မှားမယ် မထင်ဘူး။
    အသက်ရှည်တဲ့ လူတွေဘယ်လောက် ပေါသလဲဆိုရင် လူဦးရေရှစ်သန်းလောက်ရှိတဲ့ လန်ဒန်မြို့ တမြို့ ထဲမှာဘဲ ဘယ်နေရာသွားသွား…. ရှစ်ဆယ်ကျော် အဖွားကြီးအိုကြီးတွေကို တိုက်မိမှာဆိုးလို့ ရှောင်ရှား သွားရတာ အမောပါဘဲ။ အင်းလေ….. ရဲတိုက် အကြောင်းရေးရင်း က အမယ်ကြီးတွေဘက် လှည့်သွားလို့ မဖြစ် ချေ သေးဘူး။
    ရဲတိုက်ထဲမှာ မေရီဘုရင်မ နေထိုင်သွားတဲ့ အဆောင်တွေ တခြားနိုင်ငံက သိသမ်းပိုက်ရရှိဘူးသမျှ လက်နက် မျိုးစုံတွေ သိုလှောင်ပြသထားတဲ့ အဆောင်ကြီးတွေ၊ ဘုရားကျောင်းနှင့် မျှော်စင် အရပ်ရပ် တို့အပြင် မျှောက်စင်တခုမှာတော့ အင်္ဂလန်ပြည်မင်းတို့နှင့် ပြုလုပ်ထားသည့် သရဖူအမျိုးမျိုး အဆောင် အယောင် တံဆိပ် ဘယက်အမျိုးမျိုးတွေကို အလှပြထားသည်။
    အစောင့်အရှောက်တွေလဲ ရှေးနန်းတွင်း အ၀တ်အဆင် တိုင်းလုလင်တို့ အ၀တ်အတိုင်း ၀တ်ထားတဲ့ အတွက် သူတို့လူမျိုး နောင်လာနောက်သားလေးတွေက ရှေးဖြစ်ဟောင်းအောင့်မော့ ဘွယ်ဖြစ်လာပြီး အဲဒီ မင်းလုလင်ကြီး တွေနဲ့ ဓါတ်ပုံတွဲရိုက်တဲ့ လူမရှား၊ သူတို့ပြောဟောတဲ့ ရာဇ၀င်တွေကို စိတ်ဝင်စားစွာ စူးစိုက် နားထောင်ကြနဲ့ မမခင်တို့ ငယ်ငယ်က မန္တဘေလးနန်းတော်ကြီးထဲ ရောက်သွားတဲ့အခါ…. သက္ကလပ် အနီစလွယ် မှာ အလယ်ကကြေး ဒိုင်းခွက်ကြီးတွေနဲ့ နန်းတော်စောင့်ဗမာ ပြာတာကြီးတွေကို သွား သတိရမိတယ်။
    ဒါကမှန်ဆောင်ကွဲ့။ ဟောဒါက ပွဲကြောင့်ဆောင်ကွဲ့။ ဒီဟာက သီဟာသန ရာဇပုလ္လင်ခေါ် တယ်။ သွားမတက် နဲ့နော် ၀မ်းကျပြီး သေသွားမယ်နဲ့ မှတ်မိပါသေးရဲ့၊ အောင်ဗလလိုတော့ မကျိန်ပရစေနဲ့နော်။
    ဒါပေမဲ့ ယခုအခါ၊ ရှုစရာ၊ နန်းတော်တခုသာ ကျန်တော့တယ်ဆိုတဲ့ သီချင်းကို တော်လှန်လိုက်ပြီ ရှုစရာ နန်းတော်လဲ မရှိတော့ပြီ၊ ပြာပုံနှင့် မြို့ရိုးပျက် ကျုံးပတ်လည်မျှသာ ရှိပါတော့ကလားဟု နောက်တခေတ် လူများ အဘို့ ၀မ်းနည်းကြေကွဲစရာ ကောင်းလှပေတော့သည်။
    အဲဒီအဘိုးတန် စိန်ကျောက်ရတနာတွေ စီချယ်တဲ့ သရဖူတွေပြထားရာ၊ ပြခန်းကြီးကို ၀င်ကြည့်ရာတွင် ၀င်လိုသော လူတန်းကြီးမှာ ၂ယောက်တတွဲစီနှင့် တမျှော်တခေါ်ကြီး နေ့စဉ် နေ့စဉ် ဤသို့နှင်နှင် တည်း ဆိုသလိုပေါ့။
    နွေဥတုနားရက်ကြောင့်၊ တောလူသိုက်ကျ၍ချည်းမဟုတ်။ စာသင်ကျောင်းတွေက ကျောင်းသား တွေ ကလဲ ရာဇ၀င်သင်ခဏ်းစာကို ဆရာတွေနဲ့ လက်တွေ့ဆည်းပူးလာကြသည်မှာ တနေ့လျှင် ၄၊၅ ကျောင်း အလှည့်ကျ ပေးထားတာတောင် ကျောင်းတွေကများလွန်းတော့ ရက်မလောက်မငှ ဖြစ်ရသတဲ့၊ ဗမာနိုင်ငံ က ကျောင်းသားလေးတွေရဲ့ အခြေနဲ့မကွာဘူးလားနော်။
    ရတနာရောင်တဖြတ်ဖြတ်နဲ့ စင်းဝင်းလက်နေတဲ့ သရဖူတွေကို တအံ့တသြအထဲရောက် တဲ့အခါ မြင်ရတော့တာပါဘဲ…။ အင်္ဂလန်ပြည်မှာ တဆက်ပြီးတဆက် နန်းတက်သွားကြတဲ့ ရှင်ဘုရင်များ၏ သရဖူ တွေပေါ့။
    အဲဒီအထဲမှာ ပဉ္စမမြောက် ဂျော့ဘုရင်နဲ့ မိဖုယားဆောင်းတဲ့ သရဖူ ၂ခုကို သဘောအကျဆုံးဘဲ။ ဂျော့ဘုရင် မင်းဆက်မှာ ၀ိတိုရိယဘုရင်မကြီး လက်ထက်ကစပြီး သားဧဒွက် ဘုရင်မြေးဂျော့ဘုရင် (ပဉ္စမ) တိုင်အောင် အကြီးပွားဆုံး အတိုးတက်ဆုံးခေတ်ဖြစ်လို့ သရဖူတွေမှာ စိန်ကောင်း ကျောက်ကောင်း အလုံးကြီး တွေ အဘိုးတန်တွေ ပါဝင်တယ်လို့ ယူဆရန်ရှိတယ်။
    ယခုအချိန်မှာဆိုလျှင်။ စီးပွားရေး အခြေနိမ့်နေခိုက်ဖြစ်လို့ ဒီထက်ကောင်းတဲ့ သရဖူမျိုးကို မလုပ်နိုင်တဲ့ အတူတူ အယ်လီဇဘက် ဘုရင်မ ဘိသိတ်ခံလျှင် ဘိုးတော်ဘွားတော်များရဲ့ သရဖူကိုဘဲ တော်တဲ့ဟာ ယူဆောင်း တော့မယ်လို့ ရည်ရွယ်ထားကြသတဲ့။
ခေတ္တ၀ါရှင်တန်မြို့။
xxxxxxxxxxxxxxxxxxxxxxxx
သို့……                    မှ……
    အယ်ဒီတာ                ဒေါ်ဒဂုန်ခင်ခင်လေး
    ယုဝတီ                       နေရှယ်နယ်ဟိုတယ်
                                     ခေတ္တ၀ါရှင်တန်မြို့
    နယူးယောက်မြို့ကြီးရဲ့ ရှုကွင်းအလှတွေကလဲ အံ့သြကုန်နိုင်ဘွယ်လေတည့်မှ ဆိုသလိုပါဘဲ။ အရင် တပါတ်က ကျန်နေသေးတဲ့ ရေးစရာများကို ဆက်ရေးချင်ပါသည်။ လန်ဒန်မြို့ သိမ်းမြစ် တဘက်ကမ်း မှာ ရှိတဲ့ Hampton coupt palage (ဟမ္မတန်ကုတ်ပဲလေ့စ်)ခေါ်တဲ့ နန်းတော်ဟောင်းကြီးကို သွားကြည့်  သည်
    အဌမမြောက် ဟင်နရီဘုရင်တို့အဆက် စံမြန်းခဲ့တဲ့နန်းတော်ဟောင်းကြီးပေါ့။ အင်္ဂလိပ် သက္ကရာဇ်၊ တထောင့်ငါးရာကျော်ဆီလောက်က ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦးကြီးမှာ အခန်းခန်း အဆောင်ဆောင် အရောင် မပျက် ယခုထက်တိုင် ဖိတ်ဖိတ်လက်တွေ့ရတယ်။ နန်းတော်ကြီး၇ဲ့ ပမာဏကို မှန်းဆရမယ်ဆိုရင် မမခင်တို့ ရန်ကုန်က အတွင်းဝန်များရုံလို အဆောက်အဦးမျိုးများ ၄ခု ယှဉ်ကပ်ထားသလိုပါဘဲ။ သို့သော် လည်း ကြီးမားတဲ့ ဒုဒယ်ချင်းတော့ နန်းတော်ကြီးကပိုလိမ့်မည်။ 
    သာယာတဲ့ ပန်းမျိုးစုံ၊ သစ်ပင်ကြီးငယ် မြက်ခင်းပြင်၊ ရေယဉ်စမ်းတွေနဲ့ ကျယ်ဝန်းတဲ့ ဥယျာဉ်ကြီးကတော့ လျှောက်လို့ မဆုံးနိုင်ပါဘူး။ အကြည့်လာကြတဲ့ ပရိတ်သတ်ကလဲ တသဲသဲဘဲ။ ဥယျာဉ်ထဲမှာ စားစရာ ရောင်းတဲ့ ဟော်တယ်ကလေးကလဲ ပရိတ်သတ်ကို ဖွေးနေတာပါဘဲ။
    နန်းတော်၇ဲ့ အ၀င်ပေါက်အတွင်းဘက်မှာ ရှေးအခါက အင်မတန်လက်စွမ်းမြောက်ခဲ့တဲ့ နာရီကြီးတခုကို တွေ့ရတယ်။ နာရီလက်တန်ဟာ အချိန်ကိုပြရုံမက နေ့ရက်လရာသီ နက္ခတ်တာရာကိုပါ သိနိုင်အောင် နာရီရဲ့ မျက်နှာပြင်မှာ တခါတည်း ပြထားတယ်။
    ယခုတော့ နာရီကြီးဟာ စက်မသွားနိုင်တော့ပါဘူး။ နောက်ဟင်နရီ ဘုရင်ရဲ့စားတော်ကဲများ ချက်ပြုတ်ရာ ပွဲတော်ဖို မီးဖိုချောင်ပေါ့လေ။ အိုးတွေခွက်တွေ အသားကင်တဲ့ ကြေးတံစို့ကြီးတွေဟာ လက်ရာ ခြေရာ မပျက်သိုပြထားတယ်၊ ဘာသွားသတိရသလဲဆိုရင် ရော်ဘင်ဟုဒ်ဇာတ်ကားထဲမှာ နန်းတော် အတွင်း သောက်စားကြတဲ့ ပုံသဏ္ဍာန်တွေကို သွးသတိရမိတယ်၊ ရှင်ဘုရင်၏ ၀ိုင်အရက် သိုလှောင်ရာ အခန်းကြီးလဲ တွေ့ရသည်။
    တောကစားထွက်ရာက ပစ်ခတ်ရလာတဲ့ သားကောင်များ၏ချိုနှင့်ငှက်ကောင်လေးများ ချိတ်ဆွဲ ထားရာက အရိုးချည့်ဖြစ်နေဒါ ယခထိကြည့်နိုင်သေးတယ်။ ဟင်နရီဘုရင်ဟာ စိတ်ဆတ်သလောက် အစားလဲ ကြူးဟန်တူပါရဲ့၊ ဗမာ့ရာဇ၀င်မှာ နာမည်ကြီးခဲ့တဲ့ နရသီဟပတေ့ ဘုရင်လိုပေါ့၊ နန်းတော်ကြီး၏ အပေါ်ထပ် များမှာတော့ မရေတွက်နိုင်တော့သလောက် များပြားတဲ့ အဆောင်တွေမှာ နံရံနှင့် မျက်နှာ ချက် ရှိသမျှလူ၏ နှစ်ကိုယ်စာလောက်ရှိတဲ့ ဆေးရောင်စုံ ပန်းချီရုပ်ဇာတ်နိပါတ်နဲ့ ချည်းနှင်နှင် ရေးချယ် ထားတာ ကို အရောင်မပျက် ဖုံးမတင် မြူမကပ်ဘဲ၊ လတ်လတ်ဆတ်ဆတ် မြင်ရတော့ သူတို့ရဲ့ ရှေးကျတဲ့ သုခုမတို့ ငါ့ခုမတို့ ကွယ်ပျောက်မတတ် ဖြစ်နေလို့၊ ယခုလွတ်လပ်တဲ့၊ ဘ၀ရောက်မှ ရသမျှကလေး လိုက်လံ သိမ်းကောက်စ ပြုနေရတယ်။ 
ပန်းချီဆေးမျယ်တဲ့ နံရံတွေမှာ ဆိုရင်လဲ "ဟမ္ပတန် နန်းတော်ကြီးမှာ စံနေသွားကြတဲ့ ရှင်ဘုရင် မိဖုယား မင်းသား မင်းသမီးတွေရဲ့ ပုံတူဆီးဆေးကားတွေ ကမ္ဘာကျော် စာရေးဆရာကြီးတွေ ကဗျာဆရာကြီးတွေ၊ ပန်းချီဆရာကြီးတွေရဲ့ ပုံတူဆီဆေးကားကြီးတွေလဲ ဆွဲချိတ်ထားတာ ခန်းလုံး ပြည့်ကြည့်မကုန်နိုင်ပါ။
    စက်ရာသလွန်လို့ ဗမာလိုခေါ်ကြတဲ့ သူတို့ရဲ့ရှင်ဘုရင် မိဖုယားတွေ အိပ်သွားတဲ့ သူတို့ရဲ့ ရှင်ဘုရင် မိဖုယား တွေ အိပ်သွားတဲ့ ခုတင်တွေမှာ ဟိုခေတ်အခါက အသုံးပြုသွားတဲ့ ပိုး,ဖဲ, ကတ္ထီပါ, ကမ္ဗလာ ခင်းထည်တွေ အတိုင်း ခင်းကျင်းပြင်ဆင်လျှက်သား ထိုင်သွားတဲ့ ကုလားထိုင် လှုံသွားတဲ့ မီးလင်းဖို စားသွားတဲ့ ထမင်းစားခန်း ရေးသွားတဲ့ စားပွဲနည်းတဲ့ စာတန်းတွေမဟုတ်ပါဘူး။ သူ့ဘုရင်နဲ့ သူ့မိဖုယား အမျိုးမျိုး အစားအစားပေါ့။ 
Hall ဟောလ်ခေါ်တဲ့ ခမ်းမကြီးတွေကလဲ တဋ္ဌာနပြင် ညီလာခံခန်း၊ သံတမာန်တွေ လက်ခံတဲ့အခန်း။ သံတမာန်တွေ လက်ခံတဲ့အခန်း။ လက်ဆောင်ပဏ္ဏာယူတဲ့အခန်း။ လက်နက်ဓါးလှံသေနတ် စသည်ဖြင့် ဟိုခေတ် က ရှိခဲ့သမျှ မိမိရရနှင့် အပူဓါတ်အအေးဓါတ်ပေးပြီး သကာလ၊ အခန်းတွင်မှာရှိတဲ့ အသုံးအဆောင် တို့ကို ရှေးကအရောင်အသွေးအတိုင်း မပျက်စီးမဟောင်းနွမ်းရအောင် အင်မတန်အကုန်ခံပြီး စီမံ ဖန်တီး ထား တာပါဘဲ။
    ဒါကြောင့်လဲ လန်ဒန်မြို့ကြီးဟာ ရှေးဟောင်းလက်ရာတွေ စုဝေးရာဌာနကြီး တခုအဖြစ်နဲ့ ထင်ရှား ကျော်ကြား ခဲ့ပေတာဘဲ။ 'စိန်ပေါဘုရားရှိခိုးကျောင်းကြီး'ဆိုပြန်ရင်လဲ ရှေးကအနုပညာာရှင် လက်ရာမွန် တွေ နဲ့ အခဲနက်ပြည့်စုံလှတဲ့ အဆောက်အဦးပါဘဲ။
    အဲဒီကျောင်းကြီးထဲမှာ နယ်လဆင်, ၀ယ်လင်တန်, စတဲ့ ဥရောပမှာ ရာဇ၀င်ပြောင်ခဲ့တဲ့ စစ်ဗိုလ်ကြီးတွေရဲ့ အလောင်းတွေ မြှုပ်နှံရာ ဌာနကြီးတခုလဲဖြစ်တယ်။ ဂူပေါ်တင် ထုလုပ်ထားတဲ့ ပူံတူ ကျောက် ရုပ်ကြီး များကလဲ လက်မြောက်ပါပေတယ်။ 
    အရိုး၊ အဆစ်အကြော၊ အရေပြားကလေးတွေများ တွန့်နေသည်မှာ တကဲ့လူနှင့် တထေရာထည်း ထပြီး စကား ပြောတော့မည့်အတိုင်းပင်။
    "၀င်ဆာရဲတိုက်ကြီး" လန်ဒန်ကနေပြီး ထိုရဲတိုက်ကြီးကို ကားနှင့် တနာရီကျော်ကျော်သွားရတယ် တောင်ကုန်မို့မို့ပေါ်မှာ ကျောက်ချပ်ပြားကြီးတွေ အထပ်ထပ်နဲ့ မြင့်မတ်တဲ့ နံရံမျှော်စင်ကြီးတွေ ခြံရံပြီး ရဲတိုက်အ၀င်ဝနားမှာ ရှိတဲ့ ၀င်ဆာဘုရားရှိခိုးကျောင်းကြီး အတွင်းမှာတော့ ဥရောပမင်းဆက်တွေရဲ့ အလောင်း မြှုပ်နှံ ဂူသွင်းထားရာ ဋ္ဌာနကြီးတခုလို့ဆိုကြပါစို့၊ ကျောင်းဆောင်တခုလုံး သွားလေသူ ဘုရင် များ ရဲ့ ဂူကျောက်ရုပ်မှတ်တိုင်၊ ကျောက်ပြားတွေ တွက်ရေမဆုံးနိုင်ပါ။
    "ပါလီမန်မှာ" ဥရောပနိုင်ငံကြီးနဲ့တကွ။ အင်ပါရာတခုလုံးကို သြဇာအာဏာဖုံးလွှမ်းရာ ဌာနကြီး တခုဖြစ်တဲ့ ပါလီမာန် အဆောက်အဦးကြီးကိုလဲ ရောက်ခဲ့တယ်။ ထိုနေ့ကလွှတ်တော် အစည်းအဝေးလဲ ရှိနေသည်နှင့် သတင်းစာ တိုက်တွေက သတင်းထောက်, ဧည့် သည်တော်များ ကိုတွေကို သူ့နေရာနှင့်သူ အသင့်ပေါ့ အက်တလီနှင့် ချာချီဟာ သူ့ပါတီသမားအမတ်တွေ ခြံရံပြီး တဘက်နှင့်တဘက် မျက်နှာချင်း ဆိုင် ထိုင်ခုံတွေမှာထိုင်လို့ လွှတ်တော်အစည်းအဝေးလဲ ရှိနေသည်နှင့် သတင်းစာတိုက်တွေက သတင်း ထောက်, ဧည့်သည်တော်များတွေကို သူ့နေရာနှင့်သူ အသင့်ပေါ့ အက်တလီနှင့် ချာချီဟာ သူ့ပါတီသမား တွေ ခြံရံပြီး တဘက်နှင့်တဘက် မျက်နှာချင်းဆိုင် ထိုင်ခုံတွေမှာ ထိုင်လို့ လွှတ်တော်ဥက္ကဋ္ဌကြီးက အလယ်မှာ တဘက် နှင့်တဘက် အခြေအတင်ပြောကြနဲ့ ဦးချာချီကြီးဟာ ဆေးပြင်းလိပ်ကြီး ခဲရက်က တဘက်က ပါတီ ကိုစ,တယ် ဟိုတဘက်ကဘာမှ စကားပြန်မရှည်တော့မှ၊ သူ့,စဒါကို ဖွင့်ချပြီး ပြုံးပြုံးကြီး ပြန်ထိုင်လိုက်တယ်။ သိပ်လယ်တဲ့အဘိုးကြီးပေဘဲ။ 
    "ကြူဝါဒင်"ခေါ်တဲ့ ပန်းခြံကြီးကိုလဲ ရောက်ခဲ့ပါရဲ့။ ဖြူနီဝါပြာပန်းပဒေသာတွေ အသွေးအရောင် အကန့် အကန့် နဲ့ အကွက်ချပြီး စိုက်ပျိုးမွမ်းမံထားတဲ့ ဒီပန်းခြံကြီးကို ရောက်တော့ မမခင် ၀ါသနာအိုး…နှင်းဆီပင် ရူးများ အတွက် ပန်းခြံကြီးထဲက မထွက်နိုင်အောင်ပေါ့ ကမ္ဘာအရပ်ရပ်ကသစ်ပင် ပန်းမာလ်မျိုးတွေကိုလဲ 'မှန်အိမ်'ကြီး တွေထဲမှာ အပူငွေ့ပေးပြီး စိုက်ပျိုးပြသထားတယ်။ အုန်းပင်,ထန်းပင်,ကြီးတွေဟာ မှန်အိမ်ကြီး တွေထဲမှာ အသီးအခိုင်တွေ ထွက်လို့ဝက်မလွတ် ငှက်ပျောခိုင်ကြီးများ မှည့်ဝင်းနေလိုက်တာ ကြက် ဟင်းခါး, ဘူး, ဖရုံ, ငြုပ်, သခွါး, စားစရာတွေ မြေဇူပန်း၊ ငွေပန်းဆယ့်နှစ်ရာသီပန်းက အစသူတို့ အအေး လွှမ်းရာ နိုင်ငံ သားများ အဘို့ မမြင်ဘူးတဲ့ အပင်ထူး အပန်ဆန်းတွေပေါ့။ အတွေ့အကြုံဗဟုသုတများမှာ ဘာမှ လိုလေသေးမရှိအောင် ဖန်တီးထားရှာတဲ့ သတို့အစိုးရကို ချီးကြူးစရာဘဲ ဒါတောင်ပြည်ကို ဘယ်နေရာမှာ ရှိမှန်ခးမသိတဲ့လူတွေ အများကြီးရှိကြတယ်။
    ဒီကိစ္စကတော့ သူတို့နိုင်ငံကျောင်းတွေမှာ ပထ၀ီသင်ကြားမှု မစုံလင် ညံ့ဖျင်းသေးတယ်လို့ ယူဆရမယ်။ ဗမာပြည်က ၅တန်းကျောင်း ကျောင်းသားကလေးတွေ ဆိုရင် တကမ္ဘာလုံး ရှိတဲ့ နိုင်ငံတွေကို သိနေကြပြီ။ ဒါဟာထူးခြားမှုတရပ်။ အရှုံးထဲကအမြတ်လို့ မှတ်ကြပေတော့။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
"မရိုးနိုင်မအီနိုင်တဲ့ လန်ဒန်ဟင်းများ"
သို့……                    မှ……
    အယ်ဒီတာ                ဒေါ်ဒဂုန်ခင်ခင်လေး
    ယုဝတီ                      ဟင်နရီဟတ်ဆင်ဟိုတယ်
                                     နယူးယောက်မြို့
    ရောက်သည့်အခိုက်ကြည့်ရှု စုံစမ်းထိုက်တန်သည်မှန်သမျှ သေချာဂန ကြည့်ရှုစုံစမ်း လှည့်ပတ် ရသည့် အလုပ် ကြောင့် ယုဝတီနှင့်အဆက်ပြတ်လျက်ရှိခဲ့ရပေသည်။
    ယခုတဖန် လန်ဒန်မြို့မှနေစဉ် တည်းခိုခဲ့ရသော ရဲင်ဗရင့်(Rembrandt)ဆိုတဲ့ ကမ္ဘာကျော် အနုပညာ သည် ပန်းချီဆရာကြီး၏ အမည်ကို အစွပြုပြီး မှည့်ခေါ်ထားတဲ့ ထို'ရဲင်ဗရင့်ဟိုတယ်'ကြီး ရဲ့ ဂုဏ်အင်္ဂါ ကို မချီးမွမ်းဘဲ မနေနိုင်သည့်အလျှောက် ရေးလိုပေသေးသည်။ ၄င်းဟိုတယ်ကြီးသည် လန်ဒန် လူထုအဘို့ ဣနြေ္ဒ အရဆုံး အငြိမ်းသက်ဆုံး ဟိုတယ်ကြီးဟု အသိအမှတ်ပြုကြလေသည်။
    လန်ဒန်မြို့သူမြို့သားတွေဟာ လူဘယ်လောက်များများ စည်းကမ်းတကျ ငြိမ်သက်တိတ်ဆိတ်စွာ နေလေ့ ရှိသည်။ အချင်းချင်းစကားပြောကြရာတွင်ပင် တီးတိုးပြောတတ်သော အလေ့ရှိသည်။ မိမိ အသံ ကျယ်မှု ကြောင့် သူတပါးအား အနှောင့်အယှက်ဖြစ်မှာ အလွန်စိုးရိမ်သည်။
    သည်မျှ တိတ်ဆိတ်ငြိမ်သက်ကြရာတွင် ရဲင့်ဗရင့်ဟိုတယ်ကြီးက ပိုလို့ပင် တိတ်ဆိတ်ငြိမ်သက်မှုကို ဂုဏ်ယူ ထားပြန်လေရာ သို့ကြောင့် အပ်ကျသည်ကိုပင် ကြားရတော့မလောက် ငြိမ်သက်လွန်းလှသဖြင့် ကမ္မဋ္ဌာန်း ထိုင်ဘို့ပင် ကောင်းလှတော့သည်။
    ထမင်းစားခန်းရှိ စားသောက်ကြရာမှာလည်း ၀တ်ကောင်းစားလှတွေ ကျကျနန၀တ်ပြီးမှ သွားစား ကြသည်။ မနက်စာ…. နေ့လည်စာ….ညစာ၊ ၃-ခါစား ၃-ခါဆင်း 3-ခါ အ၀တ်ဝတ်ရသည်မှာ နေ့စဉ်နှင့် အမျှ ဆိုတော့…. ပျင်းစရာပင် သိုကပေမင့် သူတို့မှာ မပျင်းကြပါ။ ဒါဘဲအလုပ်ရှိသည်။
    ထမင်းစားခန်း ဆင်းရှိ အဆောင်မှူးတို့ စားပွဲထိုးများခဗျာတို့မှဲာ နောက်မြီးရှည် အကျိံတွေနှင့် အင်မတန် သပ်သပ် ယပ်ယပ် စမတ်ကျကျဝတ်ထားရသည်။ စားမည့်သူအခန်းဝင်လာလျှင် ဆီးကြိုနှုတ်ဆက် ကုလားထိုင် ထိုးပေး။ 'မိနု'ခေါ်တဲ့ စားစရာစာရင်း ချပေး…. စားမည့်သူက ကြိုက်ရာမှာ လိုက်တော့သည်။
    အဲဒီ ယူလာတဲ့ စားဖွယ်သောက်ဖွယ်တို့ကတော့ အများအားဖြင့်  ဆိတ်သား ပါးပါးလွှာလွှာ နှစ်ဖတ်နှင့် ကြက်ဥကြော် တခုသော်၎င်း။
အမဲသား ပါးပါးလွှာလွှာနှင့် အာလူးအသီးအနှံတခုခုပြုတ် ခြံရံ၍ သော်၎င်း...။ အသီးအရွက်ခြံရံထားတဲ့ နှစ်လက်မခန့် ငါးသေတ္တာနှစ်ကောင်သော်၎င်း။ ၆-လက်မခန့်ရှိ ငါးကောင်လုံးကျော်သော်၎င်း။ ကြက်သား ကော်ရည်ဟင်း နှင့် ထမင်းအနည်းငယ်... စသည့် ၎င်းအစာမျိုးတွေသာ မုန့်လုံးစက္ကူကပ်သီချင်းပမာ တ၀ဲ လယ်လယ် ဖြစ်နေပြီး သည်အစား မျိုးတွေကို မ တည်လျက် ပေါင်မုန့်... ထောပတ်တု သစ်သီးပူတင်း... အိုက်စကရင်း... ဂျုံမုန့် ဆန်းကျွတ်ကျွတ်ပြင် နွားနို့...ဆွတ်ပြုတ်... စတဲ့ အဖုံးအပိတ် အစသိပ် စားစရာ တွေပါဘဲ။
စားပွဲခင်းတွေ... ဇွန်းခက်ရင်း...ငွေစလုံ...ငွေခွက်...ငွေသံလေး..အရောင်ဖွေးဖွေးလျှံလျှံ အရှိန်ဟတ်ပုံ နှင့် စာလျှင် စားရတဲ့အရသာပေါ့ပျက်ပျက်က မကာမိပါဘူး။ ဒါတွေက သူတို့ လူမျိုးများ နေ့စဉ်နှင့်အမျှ သာယာ နှစ်ချိုက် စွာ မညည်းနိုင်၊ မရိုးနိုင်အောင် စားသောက်နေထိုင်ကြတယ်။
ဗမာတွေသာဆိုရင် ဒီလောက်အမယ်နည်းတဲ့ အစာကို အချာချာတလယ်လယ်စားနေရရင် ဖြစ်နိုင်မယ် မထင်ပါ။
အမျိုးအမည် စုံလှသော ဗမာပြည်ဖြစ် အစားအစာတွင်မက တခါတခါ တရုပ်တန်းကတရုပ်စာ။ မဂိုလမ်းက ကုလား အစာတွေနဲ့ အစာနယ်ချဲ့ကြသေးသည် မဟုတ်ပါလား။
သို့ရာတွင် ဟိန္ဒူနှင့်ပုဏ္ဏားလူမျိုး ပဲနှင့်အာလားတို့ကို တသက်သုံးမရိုးနိုင်အောင် စားနိုင်သည်မှာ အချိန် မှန်မှန်နှင့် အစာခံပြီးမှစား၍ မြိန်ရေယှက်ရေစားနိုင်ကြသလိုသူတို့မှလည်း အစာကို မနက်...နေ့လည်...ည ၃-ကြိမ် ခွဲ၍ အချိန်မှန်မှန် စားသောက်ကြခြင်းကြောင့် ကန့်သတ်ထားသော အချိန်ကျလျှင် ဆာဆာနှင့် စားနိုင် သောက်နိုင်ကြခြင်းဖြစ်လေသည်။
တယောက် တယောက်ကို စားလိုက်သောက်လိုက်တာကလည်း မနည်းပါဘူး။
မစားခင်သောက်တဲ့ အရည်ကလပ်ကလည်း ဖလ်ခွက်ပေါင်း အတော်ဝင်လိမ့်မည်။ နောက် ဂျုံပြုတ်၊ ဆွတ်ပြုတ်၊ ကြိုက်ရာ သောက်လိုက်သေးသည်။ နောက်မှ ပေါင်မုန့်ကြီးတွေဖဲ့ကာ ဖဲ့ကာ လာသမျှမှာသမျှ အစာ တွေနှင့်ရော၍စား။ အားရတော့ ရေသောက်၊ ပြီးတော့ ချိုချဉ်ရသာစုံ သစ်သီးပူတင်း အိုက်စကရင်တွေ တဆက်တည်း တ၀စား။ အဲဒါနဲ့ ပြီးအုံးမလား ဆိုတော့ မပြီးသေးပါ။ ကော်ဖီနှင့် လဘက်ရည်ကြိုက်ရာကို အစာသိပ် သောက်လိုက်ကြပါသေးတယ်။
စကားတပြောပြောနှင့် အစား စားပွဲမှာ အနည်းဆုံးတနာရီကျော်လောက် အချိန်ဖြုန်းပြီးမှ စားပွဲထိုးကို တစ် ပေးပြီး ထွက်သွားကြသည်။
ဗမာပြည်မှာတော့ (ဘောက်ဆူး)ပေးတယ်ဆိုတာမျိုးပေါ့ ဗမာပြည်မှာ ပေးရမယ်လို့ စည်းကမ်း မရှိပါဘူး။ ကိုယ်သဒ္ဓါ မှ ပေးကြတာ။ သူတို့ဆီမှာတော့ မပေးလို့ကိုမဖြစ်ဘူး။ ထုံးစံကြီးတခုဘဲ။
အခန်းရှင်းတဲ့ မိတ်ကိုလည်း ပေးရတာဘဲ။ စက်လှေကား မောင်းတဲ့သူငယ်ကလည်း ခဏခဏ '  သိုင်းခရု ' လုပ်တော့ မပေးဘဲ မနေနိုင်ဘူး။ တက္ကစီးမောင်းတဲ့ဆရာကလည်း 'တစ်' လောက်ဘဲ မျှော်လင့်ချက် ထားသည်။
၎င်း ဟိုတယ်မှာ ၄-၅ရက်ခန့် ဤနည်းနှင်နှင်။ မနက်လင်းလျှင် လင်းခြင်း ရေချိုး အ၀တ်လဲ စက်လှေကား နှင့်ဆင်း ဧည့်ခန်းမှာထိုင်၊ ဧည့်သည်လာလျှင်တွေ့၊ ထမင်းစားခန်းဝင် အဆောင်မှူးက နှုတ်ဆက် သည်ကို ပြန်ဆက်၊ စားပွဲတိုင်ကြွပေးတဲ့ ကုလားထိုင်မှာဝင်ထိုင်၊ 'မိနု' ဖတ် စားစရာမှာ၊ စားနိုင် သလောက် စား၊ ကာဖီသောက်၊ တစ်ချ၊ ဧည့်ခန်းပြန်ထွက်လာ၊ စာရေးစားပွဲမှာထိုင်၊ စာရေးစရာရှိရေး၊ အပြင်ထွက် လိုကထွက်၊ မထွက်လိုက စက်လှေကားနှင့် အပေါ်ပြန်တက်၊ နေ့လည်စာ အချိန်မှာလည်း သည်နည်း။ ညစာ အချိန် မှာလည်း ထိုနည်းနှင်နှင်၊ ၃-၄ရက် လောက်ရှိတော့ အင်မတန်ညည်းငွေ့လာသည်။
ကိုယ့်ဗမာပြည်မှာတော့ မနက်မိုးလင်း ရေမချိုးချင်သေးလျှင်လည်း ခေါင်းစုတ်ဖွားနှင့်ပေမယ့် ကာဖီထိုင် သောက်ချင်သောက်နိုင်သော လွတ်လပ်သော အရသာကို ပြန်တွေးမိသည်။
သည်ဟိုတယ်ကြီးတွေမှာ လူကြီးလူကောင်းဆိုတဲ့ ပုဂ္ဂိုလ်တွေ ပြုမူနေထိုင်ပုံတွေကို တွေ့မြင်နေရပြီး နောက်တနေ့မှာ 'လူထု' ခေါ်တဲ့ လုပ်စားကိုင်စား သမားတွေ စားသောက်ရာ ဆိုင်မျိုးကို ကြည့်ချင်ပြန်သည်နှင့် 'ပစ်ကားဒေလီ' ခေါ်သော အစည်ကားဆုံး ရပ်ကွက်ကို ရောက် သွားခိုက်ဖြစ်၍ 'လူထု'စားသောက်သော စားစရာဆိုင်ကိုဝင်စားကြည့်သည်။
အစားခြင်း တော့ မကွာပါ။ ၀က်ပေါင်၊ ကြက်ဥ၊ ငါးသေတ္တာ အာလူး၊ ပေါင်မုန့်၊ မာကာရိုးနီ၊ နွားနို့၊ ကာဖီ၊ ဒါတွေ ဒါတွေ အားလုံးရှိတာပါဘဲ။
တစ်မပေးရ၊ စားပွဲကုလားထိုင်ထိုးမရှိ။ ဒါဘဲကွာတယ်။
ကောင်တာရှည်ကြီးဘေးတွင်၊ ဒန်ရောင် ခြေတချောင်းနင့် သားရေထိုင်ခုံတွေမှာထိုင်၍ စားချင်ရာ မှာစား၊ အတွင်း က ရောင်းသူကသောက်ရေဖန်ခွက် ဇွန်း ခက်ရင်း စက္ကူလက်သုတ်ပုဝါ အစုံနှင့် စားစရာကို လာချ ပေးသည်။
စားစရာ ထည့်ရောင်းသော ပစ္စည်းအသုံးအဆောင် ထိုင်ခုံစားပွဲရှည်များ အရောင် ဖိတ်ဖိတ်လက် သန့်ရှင်း စင်ကြယ် လှသည်။
လူကလည်း ဆူဆူညံညံနှင့် ညစ်ညစ်ပေပေမဟုတ်၊ တိတ်ဆိတ်ငြိမ်သတ်သည်။ သန့်ပြန့်သားနား သည်။
သူတို့ အလုပ်က လက်သမား ဆေးသုတ်သမားကားမောင်းသမား အပ်ချုပ်သမား၊ ဘိနပ်တိုက်၊ တံမျက် လှည်း က အစ လမ်းဘေးက ရေခဲမုန့်ချောင်းရောင်းတဲ့ ဦးပီတာနဲ့ သတင်းစာရောင်းတဲ့ ဂျော်နီလေးတို့ အထိ ပေါ့။
ဒါကြောင့် သူတို့ဆီမှာ ဆင်းရဲချမ်းသာ မရွေးသန့်ရှင်းစွာနေထိုင်စားသောက်တတ်မှု စံနစ်ကိုတော့ ချီးကြူး ထိုက်ပါ ပေတယ်။ အလုပ်သမားများ ရတဲ့အခကြေးငွေ ဟာလည်း တော်တော်ဘဲ အီအောင် ရသည်။
တပါတ်မှာ ငါးရက်သာအလုပ်လုပ်သည်။ စနေ တနင်္ဂနွေဆိုရင် အားလပ်ခွင့် ရသလောက် လွတ်လပ်စွာ သွးလာ လည်ပတ်ကြသည်။
အစားအသောက်ကို ဟိုတယ်နှင့် ဆိုင်များ၌သာ အားထားစားသောက်နေသူများအပြင် ကိုယ်အိုး ကိုယ်အိမ်နှင့် နေထိုင်စားသောက်သူတွေအဘို့မှာ သာ၍ တွက်ခြေကိုက်ကြသည်။
အိမ်ရှင်မ မှန်လျှင် ချမ်းသာဆင်းရဲ မရွေး အလုပ်သက်သာ ချောင်ချိလှသည်။ ထင်းမခွဲရ မီးယပ်မခပ်ရ မီးမမှုတ် ရဘဲ စက်ခလုပ်နှိပ်ရုံနှင့် ကိစ္စပြီးငြိမ်းသည်။
လျှပ်စစ် ဓါတ်အား မီးဖိုကို အိမ်တိုင်းရသည်။ လျှပ်စစ်ဓါတ်အားကို ဈေးပေါပေါကြီးနှင့် သုံးနိုင်သည်။ ရေနွေး ရေအေး ပိုက်နှင့် သဘောရှိဖွင့်သုံးနိုင်ရန် မျက်နှာသစ်ခွက် ရေချိုးခန်းနှင့် မီးဖိုချောင်သုံး ရေအတွက် အိမ်ခန်း တိုင်း အသင့်တပ်ဆင်ပေးထားသည်။
ထို့ကြောင့် မီးဖိုအခန်းတိုင်းမှာ ဧည့်ခန်းကဲ့သို့ ပြောင်လက်သန့်ရှင်းလှသည်။ သား၊ ငါး အသီးအရွက် မီးဖိုသုံး ပစ္စည်း များကို မပုတ်မသိုးရန် အအေးသေတ္တာ ' ဖရယ်ဂျီဒယ် နှင့် အိမ်တိုင်းထားနိုင်သော ကြောင့် ဈေးဝယ် လျှင် တပါတ်စာ တခါတည်းဝယ်ထားနိုင်သည်။
မနက်တိုင်း ဈေးဆွဲခြင်းကိုင်ထွက်ရသော ဒုက္ခငြိမ်းလေတော့သည်။ သားသမီးများသော အိမ်ထောင်ဆိုလျှင် နွားနို့ သစ်သီး ချော့ကလက် အနွေးထည် ဆေးဝါးများ ရိုးရိုးအိမ်ထောင်ထက်ပို၍ ရသည်။
ခလေးများလေ၊ အမြတ်ထွက်လေ လူကြီးတွေအဘို့ ' ရာရှင်စံနစ် ' နှင့် ချိုးခြံစေသလောက် ခလေး များအတွက် ပစ္စည်းနှင့် အသုံးအဆောင်အစား အသောက်များကို အလကားသာသာကလေး ရနိုင် သော အခွင့်အရေး ထားပေးသည်။
ကိုယ်ဝန်ဆောင်မိန်းမဆိုလျှင် မွေးဖွားပြီးသည်အထိ အစိုးရကတာဝန်ယူလိုက်သည်။
သို့ကြောင့် ကိုယ်ဝန်ဆောင်နှင့် ခလေးသူငယ် စောင့်ရှောက်မှု အမျိုးသမီးများ ကယ်ဆယ်ရေး အိမ်ရှင်မ သက်သာ ချောင်ချိရေး တို့ကို ဆောင်ရွက်သော စေတနာ့ ၀န်ထမ်းအမျိုးသမီးအသင်းတဖွဲ့ သီးခြားများ မရှိတော့ပြီ။
ရှေးမဆွ ကပင် အစိုးရက ခေါင်းမြီးချုံ တာဝန်ယူ ထားလေသည်။
ဤမျှသာယာသော တိုင်းပြည်မှာ ယခုနောက်ထပ်ပြီး ပြည်တော်သာ စီမံကိန်းနှင့် ချဲ့ထွင် ဆောင်ရွက် နေကြ ပြန်သောကြောင့် အတိုင်းနဲ့အလွန် တံခွန်ဘုရားဆိုတဲ့ စကားလို အချို့ကို သကာလောင်း နေကြ ပြန်ပါသည်။
ဗမာပြည်က ပြည်တော်သာ စီမံကိန်းကြီးထဲမှာလည်း အမျိုးသမီးအိမ်ရှင်မများ သက်သာချောင်ချိ မည်နည်း။ ခြေမွေး မီးမလောင်၊ လက်မွေးမီးမလောင် ချက်ပြုတ်နိုင်သည့် မီးဖိုချောင်သန့်ရှင်းရေးကို သက်ညှာ စောင့်ရှောက် နိုင်ပါစေ၊ မြန်မာပြည်နှင့် ထိုက်တန်လျော်ညီသော ပြုပြင်ပြောင်းလဲမှု ရရှိကြ ပါစေ။ လျှပ်စစ် ဓါတ်အား တခုကို ဖောဖောသီသီ ဈေးချိုချို သုံးနိုင်အောင် ဓါတ်အားပေးစက်ကြီး အမြန်ဆုံး ဆောက်တည် ပေးနိုင်ပါစေလို့ ဆုတေင်းကြပေတော့။
အိမ်ရှင်မနှင့် စဖိုဆောင်ကို ကျောမွဲကအစ ဓနရှင်နှင့် အစိုးရအရာရှိကြီးများ ဖြစ်ကြတဲ့ ယောက်ျား ကြီးများ၊ လူကြီးမင်း များ မကင်းနိုင်တဲ့ မှီဝဲဆည်းကပ်ရာ ဌာနကြီး တခုဖြစ်၍ သည်ဌာနကြီးက အရောင် တလက် လက် နှင့် အဆင့်အတန်း တက်လလေလေ လူကြီးမင်း လူငယ်မင်းတွေ စိတ်ချမ်းသာ ကိုယ် ကျန်းမာ နှင့် ပျော်ရွှင်စွာ နေနိုင်လေလေဖြစ်ကြပါမည်။
မီးဖိုချောင် အဆင့်အတန်းမြင့်ရေးချက်ခြင်းပြုပြင်ပေးလို့ အိမ်ရှင်မတိုင်းက မိမိတို့ မောင်တော်များ ကိုနားပူ နားဆာ လုပ်ပါလျှင် ပြည်တော်သာ မောင်မောင်များကလည်း ပြောပါများတော့ စီမံကိန်း ထဲတွင် မီးဖိုချောင် စံနစ် ကို အမြစ်ကလှဲ၍ တော်လှန်ပြောင်းလဲရန် စီမံပေးကြလိမ့်မယ်လို့ မျှော်လင့် စရာရှိပေသည်။
                        ယုဝတီများကျန်းမာကြပါစေ။
                            ဒဂုန်ခင်ခင်လေး
                        ခေတ္တ နယူးယောက်မြို့။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သိမ်းမြစ်တွင်းမှ ရှုမျော်ခင်း
    ယနေ့ မနက်စောစောကပင် မိုးသဲနေသောကြောင့် အပြင်မထွက်နိုင်သေးသဖြင့် ဆက်ရန်ရှိသေးတဲ့ လက်ကျန်စာ ကို ဆဋ္ဌမအကြိမ်မြောက် ရေးလိုက်ပါသည်။
    သိမ်းမြစ်တွင်း မှ ရှုမျော်ခင်း လန်ဒန်မြို့လည်က ဖြတ်သန်းစီးဆင်းနေတဲ့ သိမ်းမြစ်ရိုးတစ် လျောက်သို့ စုန်းချည် ဆန်ချည် တနေကုန် သွားလာနေသော အပျော်ထွက် သင်္ဘောကလေးကမှာ သင်္ဘောကလေးတိုင်း လူတွေ ပြည့်ကြပ်နေတော့သည်။ 
အထက်ဆန်တဲ့ သင်္ဘောအောက်စုန်တဲ့ သင်္ဘောအနီးအနား ကမ်းခြေတလျှောက် သွားချင်းရာသွား ရော၊ အသွား အပြန် အခပေးထားရပြီး ဖြစ်လို့ နေမကုန်ခင်းပြန်ချင်းတဲ့ ပြန်ချင်တဲ့အချိန်ပြန်ချင်တဲ့ အခေါက်ကို ပြန်လိုက် လာရုံဘဲ။
    ကုန်းပတ်ပေါ်မှာ ထိုင်ခုံတွေအစီအရီနဲ့ သင်္ဘောဝမ်းထဲမှလဲ စာေးသာက်စရာဆိုင်အသင့်ပါ တယ်။ 
    သင်္ဘောစက်မောင်းတဲ့ ဆရာအနားမှာ ညွန်ပြန်တဲ့ သူတယောက်ကလဲ အသံချဲ့စက်နဲ့ သင်္ဘောစီး ပရိသက်ကို မြစ်ကမ်းဝဲယာမှမြင်၇သော အဆောက်အဦးများနှင့် အကြောင်းအရာတွေကို ပြောပြတယ်။
    လူတွေကလဲ နားထောင်လိုက်ကြည့်နဲ့ဘဲ။ ပြီးတော့မျ ကိုယ်တော်မြတ်က ဦးထုတ်ချွတ် လှန်ပြီး သဒ္ဒါကြေး လိုက်ခံပါလေရာ။ သူတို့လူတွေနဲ့ သူ့ကို ထည့်လိုက်ကြ ဒါတစ်ခေါက် တစ် ခေါက်အတော်ရဟန်တူပါရဲ့။
    ဗာပြည်မှာ အညာဘုတလင်က ဘုရားဖူးလာကြတဲ့ လူတွေ့လို၊ အများအားဖြင့် အင်္ဂလန် နိုင်ငံရှိ တောမြို့ ကလေးတွေက  နွေရာသီ အားလပ်တဲ့အခါ လန်ဒန်မြို့ကြီးတက်လာပြီး လည်ပတ် ကြတဲ့ တောသူ တောသား တွေဆို တအံ့တသြကြည့်ရှု ကြဒါဘဲ။ တောသူ တောင်သားလို့သာဆိုရ တယ်။ သူတို့ဟာ ညစ်ညစ် စုပ်စုပ်တွေမဟုတ်ကြဘူး။
    မိန်းမတွေ ကြည့်လိုက်ရင်လဲ လန်ဒန်မြို့်သူတွေနှင့် အသွေးအရာင် အ၀တ်အဆင် သိမ်မကွာပါဘူး။ ယောင်္ကျား တွေကလဲ အင်္ကျီဘောင်းဘီ ကောင်းကောင်းနှင့် ဂိုက်ထုတ်လာကြ တယ်။ အချို့အိမ်ထောင် သယ်တွေကလဲ ချာတိပ် ကလေးတွေလက်ဆွဲလို့ တချို့အားကောင်း ကောင်းနဲ့ ရုန်းကန်ထွက်တတ်တဲ့ မက်တတ် ပြေးရွယ် ကလေးများကိုတော့။ သားရေ ရင်သိုင်းကြို တပ်ပြီး ခွေးကလေးများလို ဆွဲထားရတယ်။ 
    လက်တွန်းလှည်း ထဲက နို့စို့ကလေးလဲပါလိုက်သေး။ သူတို့မွေးတဲ့ ကလေးဟာ အံ့သြစရာ ကောင်း လောက်အောင် တတုံးတခဲ တပွေ့တပိုက်ကြီးတွေသာတွေ့ရတယ်။ ပိစီကွေးလွေးရှုနာ ရှိုက်ကုန်း ကလေးမျိုး တယောက်မှ မမြင်ခဲ့ရဘူး။ အများအားဖြင့် တောသူ၊တောင်သား အရပ်သမားကလေးတွေဟာ သာပြီး ၀၀ဖြိုးဖြိုး သန်သန်စွမ်းစွမ်းကြီးတွေတွေ့ရပါသည်။  
    နွားနို့ ပေါပေါစားရလို့နဲ့တူဒါဘဲ။ သန့်ရှင်းမှုနဲ့ စည်းကမ်း၊ သေ၀ပ်မှု၊ စကာတိုးတိုးပြောမှု ဟာတော့… …….မြို့သူမြို့သားရော၊ တောသူတောသားပါ။မျဉ်းတပြေးထဲကိုက်ညီနေသလိုဘဲ။ စားပြီးတဲ့ ငှက်ပြောခွံကို အမှိုက်ပုံး ထဲထည့်ရမှထက်။ လက်နဲ့လွဲပြီး လမ်းမပေါ်ပစ်လိုက်ရမှ အရသာရှိတဲ့ခွေးနီတို့စရိုက်မျိုးရယ်။ အစီခံချည်း ကျန်တော့တဲ့ မစိန်ညွှန့်ကို မပစ်ရက်လို့ အိမ်ထရံ ကြွက်ရှောက်ပေါ် စီတန်းတင်ထားတဲ့ အရီး သားအေး တို့ ဓလေ့မျိုး။ ဟက်ခနဲ့ချွဲတန်းဟပ်ပြီး ဖတ် ကနဲ့ နေရာမရွေး ထွေးပစ်လိုက်တဲ့ ကိုဘိုးတုတ် တို့ အကျင့်မျိုး လမ်းဘေးလမ်းကြားမှလူမမြင်ပါဘူး ဆိုပြီး။ ထီးချိုင်းကြားညှပ်ရင်း  အပေါ့အပါး ထိုင်သွား တတ်တဲ့  အပ္ပနားတို့လဲ  လုံးဝမရှိတော့။ တောရောမြို့ပါတညီတညာတည်း အနံ့ဆိုးကင်းပြီး သန့်ရှင်း ကြည်လင်နေဒါဘဲ။
    တမြို့လုံးမှာ သူ့နေရာသူချထား ပေးထားတဲ့  အမှိုက်ပုံထဲမှတပါး မြေမြင်ပေါ်တွင် စက္ကူတစုပ်၊ အမှိုက် တလက်ဝါး မှ မမြင်ရခြင်းမှာ သူတို့ မြူနီစီပါယ် အမြဲတမ်းစောင့်ပြီး သိမ်းကောက်သန့်ရှင်း ပေးနေ၍ မဟုတ်။ လန်ဒန်မြို့ပေါ်နေတဲ့ လူဦးရေခုနှစ်သန်းကျော်၏ စည်းကမ်းသေ၀ပ် သန့်၇ှင်းမှု ကြောင့်သာ ဖြစ်တယ်။
    မြို့ကလူတွေကသန့်ရှင်းပြီး တောကလူတွေညစ်ပက်နေပြန်လဲ သာယာမှုမရှိပါ။ ဒါကြောင့် တောရော မြို့ပါ လူကိုယ်တိုင်စည်းကမ်းတကျ သန့်ရှင်းစွာနေထိုင်တတ်ကြဘို့ အရေးကြီးပါတယ်။ သူတို့နိုင်ငံမှာလဲ ဘိုးဘွား လက်ထက်ကစပြီး သားသမီးမြေးမြစ်တီကျွတ်အထိ အစဉ်အလာ သန့်ရှင်းမှု စည်းကမ်း ပေးလာ ခဲ့တဲ့ အလေ့အကျင့်ကြောင့်သာ ယခုလောက်လောက် ညီညွှတ်လာ ကြခြင်းဖြစ်တယ်။
    ဒါလောက်ညီညွတ်စွာ သန့်ရှင်းကြဒါတောင်မှ လန်ဒန်မြို့လမ်းပေါ်မှာ စက္ကူစုပ် အမှိုက်စုပ် ချသွားဒါ မိလျှင် တရားစွဲဒဏ်ရိုက်ရုံးတင်ခံရသေးတယ် ဆိုတော့ သည်မျှလူတွေက စည်းကမ်းရှိနေ သည်ပင် ဥပဒေ နှင့် ပညာ ရပါသေးပါကလား။
    ရန်ကုန်မြို့မှာသာ ဒီဥပဒေမျိုး ထုတ်လိုက်ရရင် အမှိုက်ဘဲ ရှင်းသွားမလား။ လွတ်လပ်စွာ အမှိုက်တွေ မပစ်ရတဲ့  အတွက်မပစ်ရတဲ့ အတွက်မကျေနပ်တဲ့ လူညစ်ပတ်တစုက အရေးဆိုပြီး အလိုမရှိ၊ အလိုမရှိ ဖဆလမ အစိုးရ အမှိုက်ရှုပ်ဘို့ အရေးချက်ခြင်းပေးနဲ့များ  စီတန်းလမ်း လျှောက်အော်ကြရင် ဒုက္ခပါဘဲ။
    သို့သော် ဗမာပြည်မှာ လူထူကို အဆင့်အတန်းမြင့်မြင့်နှင့် သန့်ရှင်းစွာ နေထိုင်တတ်မှုကို စည်းကမ်းတကျပြုပြင်ပေးလျှင် မအောင်မြင်နိုင်စရာ မရှိပါ။ အင်္ဂလိပ်မြန်မာ စာသင်ကျောင်းများ၊ လူထု ပညာရေး ဌာန၊ ကျေးရွာပြုပြင်ရေးဌာန၊ ကျမ်းမာရေးဌာန၊ စက်ရုံအလုပ်ရုံမှန်သမျှ စသည်တို့ က အရေး တကြီး သင်တန်းချပေးလျှင် ငါးနှစ်အတွင်း သီသီ သာသာပြောင်းလဲလာနိုင်စရာအ ကြောင်း ရှိပါသည်။
    အကြင်အခါ၌ ဗမာတိုင်း……..ဗမာတိုင်းသည် မိမိတို့လက်တွင်းရှိ၊ စက္ကူတစုပ် ဆေးလိပ် တတို၊ ငှက်ပျော တခွံ ကို၊ အိမ်တွင်းအမှိုက်ပုံသို့မဟုတ် လမ်းဘေးအမှိုက်ပုံ၊ အရောက်မပို့ရလျှင် ဗြဟ္မာမင်း  ဥက္ခောင်း ထားစရာ နေရာမရနိုင်သော သိကြားမင်းကဲ့သို့ နတ်သမီးတွေလက်ပြောင်း၍ ၎င်း၊ လေးလံသော ၀န်ထုတ် ၀န်းပိုးကြီး တခုကိုင်ထားရကဲ့သို့၎င်း၊ အထင်ရောက်နေအံ့၊ ထိုအခါသည် ဗမာပြည်လည်း လန်ဒန်မြို့ ကဲ့သို့ သန့်ရှင်းသာယာခြင်းဖြစ်လေတံ့ဟု၊ တတစ်ချဆိုဝံ့ ပါသည်။ 
    လမ်းမလူမြင်ကွင်းမှ သန့်ရှင်း သည်ထက် အိမ်တွင်းမှာပို၍ပင် သန့်ကြပါသေးသည်။ ချစ်သာသော လူများ အတွက်မဆိုလိုပါ။ လုပ်စားကိုင်းစားသမားတွေအတွက် ရေးနေခြင်းဖြစ်ပါ သည်။
    တောရွာကအိမ်ကလေးမှပဲဖြစ်စေ၊ မြို့ပေါ်ကအလုပ်သမား အိမ်ကလေးမှဘဲဖြစ်စေ။ ညစ်ပတ်ရှုပ်ပွေ အ၀တ်တန်း မှာ ဗလာဘွေနှင့် ဖုန်တွေဒုတတ်၍မနေပါ။ ကြည်လင်ပြောင်လက်သော မှန်ပြူတင်းမှာ ဇာဆီး ကလေးချ၊ ပန်းအိုးကလေးအလှတင်ထားလိုက် သည်။
    နံရံမှာ ဓါတ်ပုံထိုင်ခုံ၊ စာပွဲအုပ်ဆောင်းထဲမှာ မီးပွင့် အိပ်ရာစဖို၊ လိုလေသေးမရှိ၊ အိုးနှင့်ဆန် နှင့်တန်ရုံသာ အသုံး အဆောင်များမှာ ဘယ်အခါမှ ဖုန်မတင် မြူမကပ်အောင် တပါတ်တခါ လင် ရောမယားပါ ဆေးကြော သုတ်သင်လျက် အရောင်လက်အောင်ပွတ်တိုက် ပြင်ဆင်ကြတဲ့ အလေ့ရှိ တယ်။
    ကုန်တိုက် အလုပ်တိုက် ဈေးဆိုင်၊ဟော်တယ်ကြီးကြီးငယ်ငယ်တွေမှာလဲ၊ တနေ့နေ့မှာ မှန်ပြူတင်း ကြေးလက်ကိုင်ဘု၊ လှေခါးတိုင်း မီးအုပ်ဆောင်ကအစ ပန်းအိုးထဲက သစ်ရွက်ဖတ် ကလေးများအထိ မြူမှုန် မတင်အောင် သုတ်သင် သန့်ရှင်းပေးနေကြရသည်။ ညစ်ပတ်တယ်ဆိုဒါ ရှက်စရာကြီး တခုလို မှတ်ထင် ကြဒါကိုး။
    စင်စစ်တော့လဲ သန့်ရှင်းမှုဟာ ၀ါသနာလိုပါဘဲ။ ဆင်းရဲခြင်း ချမ်းသာခြင်းဆိုတဲ့ အပေါ်မှမ တည်ပါဘူး။ ဗမာလူမျိုးထဲမှလဲ သန့်ရှင်းတတ်တဲ့လူဟာ လယ်ကွင်းထဲမှာ တဲကလေးနဲ့ နေစေတော့ သူ့ပါတ်ဝန်းကျင် မှာ သလင်းပြောင်အောင်လှဲပြီး အစဉ်သာသာယာယာနေတတ်ပါ တယ်။
    အကွက်မပေါ်တဲ့ ၀တ်လဲတော်မျိုးလဲ မဖြစ်စေဘဲ၊ ရှိတဲ့နံငယ်ပိုင်းကလေးကိုပဲ သန့်ရှင်းစွာ  ဖွတ်လျော် တတ်တယ်။ ကိုယ်တွေ့မျက်မြင်ရှိခဲ့သလောက် ပြောရပါလျှင် ဒီလိုသန့်ရှင်းစွာ နေတတ် တဲ့လူဟာ လုလ္လ ၀ိရိယ ရှိပြီး တနေ့မှာ ကြီးးပွားချမ်းသာသွားဒါတွေ့ရပါသည်။ 
    သန့်ရှင်းရေးကို စာကြောင်းတွေတော်များများ ရေးခဲ့မိပြီ၊ အဲဒီလိုလူတွေကအနေအထိုင် အဆင့် အတန်းမြင့်တဲ့ လန်ဒန်မြို့ကြီးရဲ့ ရှေးကျတဲ့အထိအရ အဆောက်အဦးကြိးတွေ နန်းတော် ကြီးတွေ အထိမ်း အမှတ်ကြီး တွေနှင့် တကွ၊ ရှေးကယဉ်ကျေးမှုအရပ်ရပ်တို့ကို ခမ်းခမ်းနားနား စုဆောင်းသိုမှိပြီး ပြသထားတဲ့ ပြတိုက်ကြီး တွေ ဂီတကဗျာနှင့် စာအုပ်စာတမ်း ကျမ်းစာအစောင် စောင်ပန်းချီပန်းပု၊ စက်မှုလက်မှု၊ အနုရော သုခုရော၊ သောသောကြွယ်ဝနေတဲ့ သူတို့ လန်ဒန်မြို့ ကြီးအတွက် အင်္ဂလိပ်လူမျိုး တခုဟာ ကမ္ဘာကို ဂုဏ်ယူဝင့်ကြွားနိုင်ကြတယ်။
    လူမျိုးအချင်းချင်း သွေးစည်းမှု၏ အထောက်အပန့်ဖြစ်စေတယ်။ ရှေးဟောင်းကို နှစ်လိုစုံ မတ်တဲ့စိတ်၊ ထိန်းသိမ်း စောင့်ရှောက်လိုတဲ့စိတ်များ ကိုယ်စီကိုယ်စီထားတတ်ကြသည်။
    ဗမာပြည်မှာလဲ  လွတ်လပ်တဲ့ တိုင်းပြည်တစ်ခု ဖြစ်လာတဲ့အတွက် ရှေးကအဆက်လက် ငုတ်လက်စများ၊ ယဉ်ကျေးမှု များ ပြန်လည်သိမ်းကောက်ပြီး ထူထောင်ကြဒါသိရတယ်။
    ယဉ်ကျေးမှုဆိုသည်မှာ ရှေးဟောင်းမပါဘဲ မဖြစ်ပါ။ ရှေးဟောင်းကိုမူတည်ပြီးမှ ခေတ်သစ် ဥာဏ်သစ် ထူလျက် နောက်တခေတ်အတွက် အသစ်အဆန်းတည်တွင်နိုင်မှု တိုးတက်ခြင်းဖြစ် တယ်။ ဘယ်ပြဇာတ်၊ ဘယ်ရုပ်ရှင် ကားတွေကို ရွှေစင်ငွေစင် ရုပ်တွေပေးနေရုံနဲ့လဲ မပြီးသေးဘူး ဆိုဒါနားလည်ပြီးသားရှိမှာပေါ့။
အင်း…………ပြဇာတ်တို့ရုပ်ရှင်းတို့နဲ့ ပါတ်သက်လာပြန်လို့ ရေးစရာတွေ ပေါ်လာပြန်ပြီ။ အထက်က ရေးခဲ့တဲ့ ယဉ်ကျေးမှုဆိုတာတွေကတည်းမှာက ဇာတ်တွေ၊ ပြန်ဇာတ်တွေ၊ ရုပ်ရှင်ကား တွေမှာရော၊ ရှေးရာဇ၀င် ဇာတ်လမ်းများ ပြတဲ့အခါ အ၀တ်အဆင်နဲ့ အယဉ်အကျေးတွေ၊ နည်းမှန် လမ်းမှန်ရစေဘို့ အရေးကြီး ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ နောင်လာနောင်သားကလေး သူငယ်များမှာ ငါတို့မြန်မာများ ရှေးကဘယ် လို ကြီးကျယ် ခမ်းနားခဲ့ကြတယ်။ အ၀တ်အဆင်ဘယ်လိုယဉ်ကျေးခဲ့တယ်။ အနေအထိုင်ဘယ်မျှ အဆင့် အတန်း မြင့်ခဲ့ကြတယ်ဆိုတာ သိရှိနားလည်ဘို့ လိုပါလိမ်မယ်။ ဒါဟာ လူမျိုးတမျိုးရဲ့ ဂုဏ်ပါ ဘဲ။
    ဥပမာ လန်ဒန်ပြတိုက်လိုဟာတွေက ရှေးရာဇ၀င် အဆောင်အယောင်အခမ်း အနားယဉ် ကျေးမှုတွေ မှုမှန်ပြ ထားတော့၊ ရုပ်ရှင်ကား ပြဇာတ်စသည်တို့ကလဲ အဲဒီမှုမှန်ကိုကြည့်ပြီး ဆင်ပြင် ၀တ်စားပြသ ရိုက်ကူးထားလေတော့အမှားမရှိဘူး။
    ဗမာပြည်မှာ ဒီလိုရှေးရာဇ၀င်အသုံးအဆောင်အခမ်းအနားအ၀တ်အစား ယဉ်ကျေးမှုများကို မှုမှန် ပုံသေ ပြမထား နိုင်လို့ စမ်းတ၀ါးဝါးနဲ့ ရမ်းကြိတ်နေကြတဲ့ ကဇာတ်ပြဇာတ်ရုပ်ရှင်ကားတွေ အတော် များများ တွေ့ ခဲ့ရ ဘူးတယ်။ 
အမှန် အားဖြင့်တော့ ၀န်ကြီးတပါးတပါးမှာ လေးစားဖွယ်ရာ အဆောင်အယောင်၊ အခမ်း အနား နဲ့နောက်လိုက် ငယ်သားတွေ ဘယ်မျှ မြောက်များစွာ ခြံရံရတယ်ဆိုတာ သိထိုက်စရာပါဘဲ။ 
ဘယ်အချိန်ဘယ်အခါတုန်းကစပြီး ကြီးပွားထွန်းကားလာခဲ့ကြတယ်ဆိုတာ အဟောင်းကို ပြန်ပြန်လှန်လှန်ပြီး အင်မတန် ဂုဏ်ယူနေကြတယ်။ သက္ကရာဇ်ကြလေ…ပါဝါရှိလေပေါ့။ ဒီတော့ဗမာ ကလဲ နည်းတဲ့ သက္ကရာဇ် မှ မဟုတ်ဘဲနဲ့။ ကြွားခွင့်ရှိသလောက်တော့ ကြွားထိုက်ပါသေးတယ်။
အဲဒါကြောင့် ယဉ်ကျေးမှု အကောင်အထည်ပေါ်ဖေါ်တဲ့ အလုပ်ဟာ အရေးတကြီးလုပ်  ထိုက်ပါတယ်လို့  မိမိတို့ လူမျိုး၏ နောက်နောက်သားမြေများအတွက် တမျိုး၊ကမ္ဘာတလွှားမှာလဲ ၀င့်ကြွားဂုဏ်ယူနိုင်စရာ တမျိုး မို့ ကြိုးစားကြပါလို့တိုက်တွန်းလိုပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အမြင်ဆန်း ဘ၀င်လန်းစေသည့် ပြခန်းများ
ယခင်ဆောင်းပါအမှတ် ၆မှာ သန့်ရှင်းမှုနှင့် ယဉ်ကျေးမှုဆိုင်ရာတွင် အတော်ရှည်သွား သဖြင့် ရုပ်ရှင်နှင့် ပြဇာတ်ရုံတွေအကြောင်းကို ယခုမှရေးရတော့သည်။ လန်ဒန်မြို့မှာ ရှိသမျှရုပ်ရှင် ရုံတွေမှာ လက်မှတ် ၀ယ်ပြီး ၀င်သွားသည့်အချိန်ကစပြီး ခြေနင်းရသော နေရာမှန်သရွေ့ အမွေးဖွား ကော်ဇောကြီးတွေ အပြည့် မို့ အိမြုပ်ဝင်သွားသဖြင့် လူဘယ်လောက်သွားသွားဘိနပ်ခွါသံ တချက် တလေ မျှ မကြားရ၊ စားစရာဆိုင် ဆေးလိပ် သစ်ပင် ပန်းမာလ်များ ပန်းအိုးကြီး နှင့် စိုက်ပျိုးချယ်လယ်လျှက်၊ နေချင်စဖွယ် သာယာလှပအောင် ပြုပြင် ထားပေးသည်။ မိန်းမယောင်္ကျား အိမ်သာခန်းများ လည်း အလွန် သားနားလှသည်။ 
မျက်နှာသစ်ခွက် တွေ တစီတတန်းကြီးမှာ ဆပ်ပြာ၊ လက်သုတ်ပုဝါ၊ သို့မဟုတ် ငွေ့မှုတ် အခြောက်ခံစက်။  စက္ကူသောက်ရေခွက်၊ အလှပြင်စရာမှန် များနှင့်တကွ အိမ်သာတွေကလဲ တသီ တတန်းကြီး သန့်ပြန်စွာ ထားသည်။ အိမ်သာသုံး စက္ကူ မိန်းမများ ဆိုင်ရာ အရေးပေါ်သုံး စက္ကူ၊ ဂွမ်းစ၊ လိုရာရသည်။  ခေါင်းကိုက် ပျောက်ဆေး၊ အဖျားချွေးထုတ်ဆေး၊ အစာကြေဆေးကအစ တထိုင် တည်း ရနိုင်အောင် ပိုက်ဆံထည့်လျှင် အလိုလို ထွက်လာသော နံရံကပ် သေတ္တာငယ်ကလေးများ ရှိသည်။ 
ရုပ်ရှင်ရုံ သာမက ဟော်တယ် စားသောက်ဆိုင်၊ကုန်တိုက်ကြီးတွေအလုပ်ရုံပြတိုက်၊ ဥယျာဉ်၊ ဘူတာရုံ၊ မြေအောက် လမ်းကူး အိမ်သာ မကျန်နေရာတကာ ဤနည်းနှင်နှင်ရှိပါသည်။ တချို့လဲ ပိုက်ဆံ တကယ် ပဲယူသည်၊ အစဉ်သန့်ရှင်းပေးနေတဲ့၊ အိမ်သာဒေ၀တွေစောင့်ရသည်။ ပြဇာတ်ရုံတွေ မှာဆိုလျှင် မှန်ပြောင်း ကလေး တွေ ထိုင်ခုံတိုင်းမှာ ထားပေးသည်။ မှန်ပြောင်း ကလေးတွေ ထပ်ထား သောထိုင်ခုံ မှာ ပိုက်ဆံ ထည့် မှ ဖြုတ်လို့ရသည်။ 
လူတွေကလဲ ကြည့်ပြီး စည်းကမ်းတကျ ပြန်ထားခဲ့သည်။ ဘယ်သူမှ အပိုင် ဘုန်းမသွား ထိုင်ခုံတွေ ကိုတော့ ကတ္တီပါပန်း ကြွကြွရွရွဖေါင်ဖေါင်နှင့် ထိုင်လို့ကောင်းအောင် သပ်သပ်ယပ်ယပ် လုပ်ထားသဖြင့် ဓနရှင် အထက် တန်းစား ရုံဝင်ခ များများ ပေးနိုင်သူတွေသာ ဤ စည်းစိမ် မျိုးနှင့် ကြည့်ရသည်မဟုတ်ပါ။ မတ်တန်း အာဆောင်နီ ဆိုတဲ့ ၀င်ခအနည်းဆုံးကစပြီး သူဌေးကြီးတွေမီလျှံ နာကြီးတွေ ကြည့်တဲ့ အတန်းထိအောင် ကတ္တီပါ ထိုင်ခုံတပြေးတည်း တညီတည်း ထားပေးပါသည်။ 
နေရာရှေ့နောက်အနိမ့်အမြင့်ကိုသာ အတန်းခွဲ၍ ယူသည်။ သည်မျှခမ်းနားအောင်ပြုပြင် ထားသည်ကို ပွဲကြည့်ပရိသက်ကလဲ စည်းကမ်းတကျ သပ်ရပ်တိတ်ဆိတ်စွာ လက်ခံကြည့်ရှုကြပါ သည်။ အာဘောင်နီ မတ်တန်းနေရာ မှ မြေပဲခွံ၊ ကွာစိခွံ၊ ကွမ်းသွေးကွက်၊ တံထွေးကွက်ချခဲ့သူ တယောက်မျှ၊  မရှိပါ။ ဒါကြောင့် တပွဲနှင့် တပွဲပြောင်းမှာ ရုံခါရခြင်း၊ ဂျာဒူးဝါးသားက တံမြက်စီး လှည်းပေး ရခြင်း မရှိဘဲ မရပ်မနားဘဲ ဇာတ်ကား သတင်းကားများကို မုန့်လုံးစက္ကူကပ် သီချင်းလို လယ်နေအောင် ဆက်တိုက်ဆက်ပြသွားသည်။
ကြည့်တဲ့သူတွေကလဲ နေ့ပွဲညပွဲမှရွေးမနေ ကြည့်ချင်တဲ့အချိန်ဝင်ကြည့် ထွက်ချင်းတဲ့ အချိန်ပြန်ထွက်။ မထွက်ဘဲတနေ့လုံးထပ်တလဲလဲ ထိုင်ကြည့်ချင်လဲကြည့်နေ၊ တခါပိုက်ဆံပေးပြီးရင် သဘောတော် အတိုင်း ပါဘဲ။ ဒါပေမယ့် ထွက်လက်မှတ်တောင်းပြီး လမ်းထိပ်ခဏသွား၍ မုန့်ဟင်း ခါးစားလို့မရပါ။ ရုံအတွင်းမှာ ရှိတဲ့ ဆိုင် က ချိုချိုချဉ်ချဉ်စာချင်တာကိုဝယ်၍ စားသောက်နိုင်သည်၊ တပိုတပါး သွားနိုင်သည်။ ဆေးလိပ် ထွက် သောက်နိုင်သည်။ သည်လိုကိစ္စတွေကို အားရအောင်ပြု ပြီးတော့ ပြခန်းထဲ တကြော့ ပြန်ဝင်ကြည့် နိုင်ပါသည်။ လန်ဒန်မှာရော နယူး ယောက်မှာရော ရုပ်ရှင် ရုံတွေအားလုံး တစံနစ်ထဲပါဘဲ။
    သူတို့နိုင်ငံတွင် လူတွေများ အချိန်ကပိုတဲ့သူမှာပို။ ရှားတဲ့သူမှာဆိုတော့ နှစ်ဘက်ရ ပြုပြင်ထားသလိုဘဲ၊ ငါပိုက်ဆံပေးရဒါတွက်ခြေကိုက်အောင် တနေကုန်ထိုင်ကြည့်ပါသော်တော့ဆို တဲ့စိတ်မျိုး မထားနိုင်ကြပါဘူး။ တချို့ အချိန်ပိုလို့ဖြုန်းချင်းတဲ့ လူလဲထိုင်နေနိုင်တယ်။ ဒါကြောင့် ရုံထဲမှာ လူသစ်ဝင်လာတိုင်း နေရာ အလွတ် အသင့်ရ ဘို့မခဲယဉ်းပါ။
    ဗမာပြည်မှာဆိုရင် နီတွက်တို့ အာမက်ကလေးတို့လို ကောင်လေးမျိုးတွေ နောက်ဂျိန်ချ တဲ့ ကားကို ၃-၄ ခါထပ်ပြီး ပိုက်ဆံပေးကြည့်ရရှာတော့ လန်ဒန်ရုပ်ရှင်ရုံတွေရဲ့ ပြနည်းကို သူတို့ ကြိုက်ကြ မှဘဲ။ လိမ္မော်ခွံ ကွာစေ့ခွံ မချရတာတော့ကြိုက်ချင်မှကြိုက်မယ်။
    အဲသလို သပ်ယပ်တဲ့ ရုပ်ရှင်ရုံတွေ ပြဇာတ်တွေ မြောက်များစွာရှိတဲ့ အနက်က ရိုင်ရယ် အော်ပရာဟောက်(စ်)ဆိုတဲ့ ပြဇာတ်ရုံကြီးဟာဖြင့်  လန်ဒန်မှာ ရှိသမျှ ရုံတွေအနက် ခမ်းနားကြီး ကျယ်ရာ တွင် ထိပ်တန်း အကျဆုံးလို့ခေါ်ကြတယ်လေ။
    ၎င်းရုံကြီးမှာ နယူးယောက်စီတီဘဲလေးဆိုတဲ့ အမေရိကန်က လာကပြကြသော ဘဲလေး ပြဇာတ်ကြီးနှင့် ကြုံကြိုက်သဖြင့် မမခင်တို့သွားကြည့်သည်။ ဘဲလေးပြဇာတ်ကလဲ ဇာတိရုံကြီး ခမ်းနား ကြီးကျယ် သည်နှင့် အမျှ ပဏာရရနှင့် ကြည့်လို့ကောင်းလှသည်။
    ဇာတ်ခုံအပြင်အဆင် အခမ်းအနားတွေကလဲ တအံ့အသြမားမားကြီး ရှိတဲ့အတွက် အခမ်း အနားတွေကို သားသားနားနား အကုန်အကျခံပြီး သဘောရှိ ပြုပြင်နိုင်ဒါပဲ။ မီးရောင်ပေးတဲ့ဘက်မှာ ဆိုရင်လဲ မီးမောင်း ရောင်စုံ တွေကို လိမ္မာကျွမ်းကျင်စွာ အသုံးချထိုးပြထားနိုင်လေတော့ ကြည့်ကွင်း ကြည့်ကွက်တွေမှာပိုပြီး လေးလေး နက်နက် ရှိလာဒါဘဲ။
    ဇာတ်ရုံကြီးကျယ် သလို ဇာတ်ခုံအပြင်အဆင်တွေက လိုလေသေးမရှိသလောက် ကျွမ်းကျင် တက်မြောက် စွာ ကပြ အသုံးတော်ခံကြသူ ပညာသည်တွေစုံကြတယ်။ မိန်းမယောက်ျားတရား ကျော်လောက် လဲ ဇာတ်ရုံ နေရာ ဟာ သာသာယာယာချောင်ချောင် လယ်လယ်ကြီးပါဘဲ။ ရှုပ်ရှုပ် ထွေးထွေးနဲ့ မျက်စေ့နောက် မသွား စေရဘူး။ ဘဲလေးအကနှင့် ဇာတ်လမ်းသရုပ်ဖေါ်ထားတဲ့ (ပရိုဒီ ကယ်ဆန်း) ခေါ် သားမိုက်လေး ဇာတ်လမ်း ကလဲ အတော်ထိထိမိမိ ရှိပါသည်။ 
နောက်ဘဲလေယိမ်းလို့ ဗမာလိုဆိုကြပါစို့။
(Conceris barocco) ခေါ်တဲ့အက၊ တတိယပြကွက်က (The ried Piper) ဆိုတဲ့ အဆိုသမားက တလှည့်….။ ဘဲလေးအက တွေတလှည့် အတော်ကြည့်လို့ကောင်းတဲ့ အခန်းတိုလေးတခုပါ။ စတုတ္တပြကွင်းက [Beurree fant asque] လို့အမည်တပ်ထားတဲ့ ပြခဏ်းများဖြစ်တယ်။
    အားလုံးအခဏ်းတိုလေး ၄-ခဏ်းပြတယ်။ တခဏ်းပြပြီးရင် တီးလိုက်ကြတဲ့ခက်ခုပ်၊ တီးလိုက်ကြတဲ့ လက်ခုပ်၊ နှုတ်ဆက်ရတဲ့ မင်းသားမင်းသ္မီးများမှာလဲ ဝမ်းစမိုး…..တူးစမိုး…. သရီးစမိုး….၃ခါတွက် ခေါင်းညွတ်မှပြီးတယ်။ လက်ခုပ်သုံးခါအတီးရပ်တယ်။ အခန်းပေါင်းလေးခန်း ဆိုတော့ လက်ခုပ်သြဘာ ၁၂-ခါတီးကြတယ်။ အဲဒါ တီးဝိုင်းဆရာတွေကို ပေးတဲ့လက်ခုပ်မပါသေး ဘူး။ သူတို့ရဲ့ ယဉ်ကျေးမှုက ချီးကြူးရခြင်း ဆုလာဘ်ပေါ့လေ။ မဟုတ် ဟုတ်ဟုတ်လက်ဝါးတော့ ဆယ်နှစ်ခါ ထက်မနည်း ပူသွားမှာဘဲ။
    သည်လိုသည်မျှလောက်ထိအဆိုကကောင်းနေပါစေ။ စတိတ်ဇာတ်ခုံ အပြင်အဆင် တစက်စက် စိမ့် ယိုထွက်အောင် ပြုပြင်ထားစေ။ ဇာတ်ရုံကြီးဖိတ်ဖိတ်လက်အောင် ခမ်းနားစေဦး။ ဗမာပြည် ပြဇာတ်လောက မှာဖြင့် ဤလိုအခဏ်းတိုလေး ၄-ခန်းလောက်နှင့်တော့ ငွေရပေါက်ချောင် လိမ့်မည် မထင်ပါ။
    မျိုးချစ်မှကြည့်မယ်။ ကြည်ကြည်ဌေးမှကြိုက်တယ်။ ကြယ်နီပါရဲ့လား…..ဆိုတဲ့ အသံတွေ နဲ့ ဒဂုန်ဆရာတင် တို့ ပြဇာတ်တွေ ရေရှည်ကြိတ်နေနိုင်ကြတာ တမျိုးအားဖြင့် ချိးကြူးစရာပင်။
    ရုပ်ရှင်လာကမှတော့ အိန္ဒိယရုပ်ရှင်ကားကို အင်မတန် အားကျစရာ ကောင်းနေပါသည်။ (အန်) ခေါ်တဲ့ အိန္ဒိယဆေးရောင်စုံ အသံထွက် ရုပ်ရှင်ကားပြခိုက်ဖြစ်၍ သွားကြည့်သည်။ လန်ဒန် မြို့မှာလာပြတဲ့ အိန္ဒိယ ရုပ်ရှင်ကား ကို အင်္ဂလိပ်လူမျိုးတွေ ကြိတ်ကြိတ်တိုး လာကြည့်နေပါသည်။
ပွဲကြည့် ပရိသတ်ထဲမှာ အိန္ဒိယလူမျိုးဆိုလို့ အနည်းအကျဉ်းသာ တွေ့ရသည်။ ဇာက်ကား ကလဲ လန်ဒန် မြို့ကြီး ကို  တက်ပြရဲလောက်အောင် အတန်းမြင့်လှသည်။ 
    ယခုသည်စာရေးနေချိန်တွင် ၎င်း(အန်း)ဇာတ်ကားဗမာ့ပြည်မှာပြနေကြောင်း နယူးယောက် သို့ ရောက်နေသော ဗမာ့ခေတ်သားသတင်းစာ တွင်တွေ့ရ ပါသည်။ အိန္ဒိယဇာတ်ကား (အန်း) ကဲ့သို့ လန်ဒန်မြို့ မှာ လာစွန်မည့်ဗမာ့ရုပ်ရှင်ကားများကိုလဲ တွေ့မြင်ချင်စမ်းပါဘိတော့သည်။
    ယုဝတီများကျမ်းမာချမ်းသာပါစေ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မမေ့နိုင်သည့်ထမင်းစားပွဲ
    နယူးယောက်မြို့ကိုသာ ရောက်ရှိနေသော်လည်း လန်ဒန်မြို့ရဲ့ ရှုခင်းအလှတွေနဲ့ သူတို့ နိုင်ငံရဲ့ ရာသီဥတု အခြေအနေ အပြင်၊ လန်ဒန်ကို ရောက်ရှိနေကြတဲ့ မြန်မာပြည် မှ မိတ်ဆွေတစု တို့ရဲ့ အရေးအယူ ပြုစု ယုယ ဧည့်ခံမှုတွေကိုလဲ မမေ့နိုင်သော ကျေးဇူးတင်ခြင်းဖြင့်၊ မှတ်တမ်း အဖြစ် တင်လိုပေ သေးသည်။
    လန်ဒန်မြို့မှာ ပူအိုက်သော နွေရာသီဟုခေါ်စေကာမူ မမခင်တို့ ဗမာပြည် ဆောင်းဥတုရဲ့ နံနက် ချိန်လောက် အေးပါသည်။ မကြာခဏ နေရောင်ကိုမြင်ရပါ၏။ သို့နှင့်နေခြည်ဖြာပါသော် လည်း ကား တလှည့် မီးရထားတလှည့် ခြေကျင်တလှည့် မနားမနေ သွားနေကြရာတွင် မပင်ပန်းဘဲ အလွန်ခရီး တွင်ပါ ပေသည်။
    လန်ဒန်မှာ နေ့စဉ် မမခင်တို့တည်းခိုသော ဟိုတယ်မှာ ဆောက်(သ်) ကင်စင်တန် ရပ် ကွက်ရှိ၊ (ရဲင်ဗရင့်) ဟိုတယ်ဖြစ်၍ ၀ိတိုရိယ အယ်လဘတ် မြူးစီယာန် အဆောက်အဦးကြီးနှင့် မျက် နှာချင်းဆိုင် နေသော ကြောင့် ပြတိုက်ကြီးသို့ မကြာခဏ၀င်ကြည့်နိုင်သော အခွင့်အရေးတခုကို ရရှိ နေရပေသည်။
    ၎င်းဟိုတယ်မှာ ကမ္ဘာကျော် ပန်းချီဆရာကြီး(ရဲင့်ဗရင့်)ကို အစွဲပြု၍ မှည့်ခေါ်ထားသော နာမည်ကြီး စာရေးဆရာ ပန်းချီဆရာစတဲ့ အနုပညာသည်တို့ နားနေရာ တိတ်ဆိတ်ငြိမ်သက် ဣနြေ္ဒသိက္ခာရှိ လူကြီး လူကောင်း များအကြိုက် ဟိုတယ်ကြီးဖြစ်သည်ဟု အဆိုရှိသည်နှင့်ကိုက်ညီ အောင် တိတ်ဆိတ် ငြိမ်သက် လှပါ ပေသည်။
    အင်္ဂလိပ် မြန်မာမိတ်ဆွေများ၏ တလှည့်စီဘိတ်ခေါ်ကျွေးမွေးဧည့်ခံကြခြင်း။ ရောက်ထိုက်၊ ကြည့်ထိုက် သော နေရာမှန်သမျှ လိုက်လံပြသကြခြင်းကြောင့် (၁ဝ)ရက်မျှသာ ကြာခဲ့သော်လည်း လန်ဒန်မြို့ကြီးကို ခြေရာထပ် နေပြီဟုပင် အထင်မှားလောက်အောင် နေ့ရာညပါရပ်နားခြင်း မရှိခဲ့ပါ။
    ကျမ္မာရေးမှာ လန်ဒန်ရာသီဥတုနှင့် အစားအစာအသွားအလာကို ထောက်ခံနေသလို အံ့အားသင့် လောက်အောင် ကောင်းလာသည်ကို တွေ့ရပေသည်။ ရန်ကုန်တွင် နေ့စဉ်က ကြက်ဆွတ်ပြုတ်၊ ငါး ကက်ထလိပ်၊ လိမ္မော်သီး၊ ပန်းသီးလောက်နဲ့ တနေ့တကြိမ်သာ လက်ခံခဲ့သော အစာအိမ်မှာ အတော် တိုးတက် လာပါသည်။
    ဟိုတယ်မှကျွေးသော ဘရိပ်(ခ)ဖတ်(စ်)နံနက်စာ၊ လန့်(ချ)နေ့လည်စာ။ ဒင်းနားညစာ တို့ကို သုံးကြိမ် စလုံး စားနိုင်လာသည်။
    တနေ့လည် သံအမတ်ကြီး ဦးကာစီ ဘိတ်ကြားသော နေ့လည်စာတွင် အာလူးနှင့် ပေါင်မုန့်ကို အတော် ကလေး စားနိုင်သည်။ ထိုနေ့မှာပင် ညစာကို ဘီ-ဘီ-စီ-အသံလွှင့်ဌာန ဦးတင်မောင်အိမ်မှ မြန်မာထမင်း ချက်ပြုတ် ကျွေးမွေးဧည့်ခံပြန်ရာတွင် ထမင်းသာမက ဘယ်သော အခါကမှ မတဲ့သော ပြောင်းဖူးကြော် ကိုပင် တ၀ စားခဲ့မိသည်။
    နောက်နေ့ဘာမှမဖြစ် ဆေးလည်းမသောက်ရ ရန်ကုန်တုန်းကဆိုလျှင် တကြိမ်အစားမှား သွားက ဆရာဝန် ပြေးခေါ်ရ၊ ဆေးဆိုင်လွှတ်ရ၊ ဆေးပုလင်းစင်နား ရှာရဖွေရနှင့် အတော်လေး ဒုက္ခ ပေးသော အစာအိမ် ပေါ့။
    ယုဝတီဂျာနယ်နှင့် အိမ်ရှင်မများအတွက် (ဘီ-ဘီ-စီ) ဦးတင်မောင် ထမင်းပွဲအကြောင်း နဲနဲ ရေးစရာ ရှိသေးသည်။ ဦးတင်မောင်တို့ရဲ့ နေအိမ်ဟာ သိမ်းမြစ် တဘက်ကမ်းမှာရှိပြီး မမခင်တို့ တည်းခိုတဲ့ နေရာ နှင့် မိနစ်၂၀မျှ သွားရသည်။
    တယ်လီဖုံးနှင့် မမခင်တို့ရှိမရှိမေးပြီးမှ သူတို့ထမင်းစားဘိတ်ကြားခြင်းဖြစ်သည်။ လာနိုင် ပါသည်။ ယခု လာခဲ့ပါပြီဟု စကားပြန်လိုက်မှ ကောက်ခါငင်ခါ ချက်သည့် ထမင်းပွဲတဲ့။
    အငွေ့ တထောင်းထောင်းထသော ဘဲဥပုံဟင်းပန်းကန်ကြီးတွေ သယ်လာလိုက်သည်မှာ အံ့သြစရာပင် (ဘိလပ် ငါးဆီပြန်ချက် ကို ငြုတ်သီးရဲရဲနှင့် တမျိုး)၊ အုန်းသီးနှင့်ကြက်သား။ အမဲသား ခါးပတ်ကြော်၊ အလွန် ချိုသည့် ပြောင်းဖူးကြော်ဟင်းချို၊ ငါးပိချက် သီးစုံရွက်စုံ တို့စရာ တဗန်းကြီးနှင့် တခမ်းတနား တွေ့ရသည်။
    နာမည်ကျော် စားတော်ကဲကြီး ဦးတင်အောင် ကိုယ်တိုင် မိနစ်အနည်းငယ်အတွင်း ချက်ပြုတ် ဖန်တီး လိုက်သော ထမင်းပွဲကြီး ကို အတော်ချီးကျူးမိကြသည်။
    မမခင်တို့သာမဟုတ်သေး၊ ဗမာပြည်မှရောက်သည့် ဧည့်သည်တော်များဖြစ်ကြတဲ့ ဦးဘအေး၊ ဆရာဦးဘခို၊ ဆရာဦးအေးမောင်၊ ဆရာမြင့်ရှိန်စသည်ဖြင့် တပျော်တပါး စားကြသည်။ မမခင် က ဒီ ထမင်း စားပွဲ ကို အမြန်ဆုံး ဘယ်ပုံဘယ်နည်း ဖန်တီးပါသလဲ...ဟု စောဒကတက်မိရာ၊ ပြောင်းဖူး၊ ကြက်သား၊ အမဲသား၊ ငါး...အားလုံး ခုတ်ပြီးလှီးပြီးတွေကို သွတ်ဘူးကြီးတွေထဲမှာ ဖေါက်ယူပြီး ဆီသတ်ရုံလေးပါဘဲ ဟု ပြောပြတော့မှ ပြဿနာရှုင်းလေတော့သည်။
    ဗမာပြည်မှ အိမ်ရှင်မတွေရဲ့ အလွန်သနားစရာ ကောင်းသည် မီးဖိုဆောင်အခက်အခဲကို ပြေး သတိရ မိလေ တော့သည်။
    မြန်မာပြည်မှာသာ အခုလို သစ်သီးသစ်ရွက် သားငါးပုဇွန်၊ ရာသီလိုက်ပေါ်သော အစားအစာတွေကို အဲဒီလို စည်သွတ်ဗူး တွေ ပြုလုပ်ထားနိုင်မည်ဆိုပါက အိမ်ရှင်မများ ဘယ် လောက်သက်သာမလဲနော်။
    ရှားသည့်အခါလည်း အဖိုးကြီးပေးဝယ်ရသော အခက်အခဲမျိုးလည်း တွေ့ရမည်မထင်။ အချိန်မရွေး ဈေးပြေးဝယ်၍ မရနိုင်သော ဒုက္ခမျိုးလဲမရှိအောင် ပြည်တော်သာ စီမံကိန်းထဲမှာ ဒါမျိုး တွေပါ ထည့်စီစဉ် ပေးနိုင်မယ် ဆိုရင် ဗမာအိမ်ရှင်မများဟာ မီးဖိုချောင်တာဝန်အတော်ပင် ချောင် လည်လာမည်။ အချိန်ပို ရလာမည်။ စရိတ်စက သက်သာလာမည်။
    အချိန်ပိုရသည့် အတွက် တိုင်းပြည်အတွက်သော်၎င်း၊ တဖက်တလမ်းက ငွေဝင်မည့် လုပ်ငန်း တခုခု ကို၎င်း၊ ယခုထက် ဆောင်ရွက်လုပ်ကိုင်နိုင်ကြမည်ဟု မျှော်မှန်းမိပေသည်။ မမခင် တို့ လန်ဒန်ကနေပြီး ပြင်သစ်ရဲ့ မြို့တော်ပဲရစ်မြို့ကို တဖန်ကူးခဲ့ကြပြန်ရာ တည်းခိုတဲ့လမ်းမှာ စာရေးဆရာ အနုပညာ သမား များနဲ့ ပတ်သက်တဲ့လမ်းကို ရောက်ခဲ့ရပြန်သည်။
CREDIT: shwezinu ဘလော့ကနေ တဆင့် ကူးယူဖော်ပြပါတယ်။ 
Friday, June 28, 2013
လန်ဒန်မြို့အကြောင်း
လန်ဒန်မြို့သည် အင်္ဂလန်နှင့် ယူနိုက်တက်ကင်းဒမ်း တို့၏ မြို့တော်ဖြစ်သည်။
ယူကေတွင် အကြီးမားဆုံး မြို့တော်နှင့် မြို့ပြ နယ်မြေဖြစ်ပြီး ဥရောပ သမဂ္ဂ နယ်မြေတွင်လည်း အကြီးဆုံး ဖြစ်သည်။ သိမ်းမြစ်ကမ်း ပေါ်တွင် တည်ရှိပြီး သမိုင်းကြောင်း အရ ရောမလူမျိုးများ ထူထောင်ခဲ့သည်ဟု သိရှိရသည်။
ကမ္ဘာပေါ်တွင် ထိပ်တန်း ဘဏ္ဍာရေး အချက်အချာ နေရာတစ်ခုဖြစ်ပြီး ပဉ္စမ သို့မဟုတ် ဆဋ္ဌမမြောက် ဂျီဒီပီ အများဆုံး မြို့ပြနယ်မြေ တစ်ခုလည်း ဖြစ်သည်။
ထို့ပြင် ကမ္ဘာ့ ယဉ်ကျေးမှု မြို့တော် တစ်ခု အဖြစ်လည်း သတ်မှတ် ခံရသည်။ ကမ္ဘာပေါ်တွင် နိုင်ငံတကာမှ ခရီးသွားများ လာရောက်မှု အများဆုံး မြို့တော်လည်း ဖြစ်ပြီး ကမ္ဘာ့ အကြီးဆုံး လေကြောင်းပို့ဆောင်ရေး စနစ်လည်း ရှိသည်။
လန်ဒန်မြို့ရှိ တက္ကသိုလ် ၄၃ ခုသည် ဥရောပတွင် အဆင့်မြင့် ပညာရေးကဏ္ဍ၌ အကြီးမားဆုံး ဖြစ်ကြသည်။ ၂ဝ၁၂ ခုနှစ် လန်ဒန် အိုလံပစ် ကျင်းပခဲ့ခြင်းကြောင့် ခေတ်သစ် နွေရာသီ အိုလံပစ် ပွဲတော်ကို သုံးကြိမ် လက်ခံ ကျင်းပခွင့်ရသော ပထမဆုံးမြို့တော် ဖြစ်လာခဲ့သည်။
လန်ဒန်မြို့တွင် လူဦးရေနှင့် ယဉ်ကျေးမှု အမျိုးအစား များစွာရှိရာ ဘာသာစကားပေါင်း ၃ဝဝ ကျော် အသုံးပြု လျက် ရှိနေသည်။ လန်ဒန်မြို့တွင် တရားဝင် နေထိုင်သော လူဦးရေ ၈၁၇၄၁ဝဝ ရှိရာ ဥရောပ သမဂ္ဂ နယ်မြေ အတွင်းတွင် လူဦးရေ အထူထပ်ဆုံးသော မြို့ပြနယ်မြေ တစ်ခု ဖြစ်သည်။ ယူနိုက်တက်ကင်းဒမ်း တစ်ခုလုံး၏ ၁၂ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်။
လန်ဒန်မြို့တွင် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် နေရာ လေးခုရှိရာ ၎င်းတို့မှာ လန်ဒန်မျှော်စင်၊ ဝက်စ်မင်နင် စတာ ဘုရားရှိခိုးကျောင်း၊ စိန့်မာဂရက် ဘုရားရှိခိုးကျောင်းနှင့် သမိုင်းဝင် ဂရင်းဝစ်ခ်ျအ ဆောက်အအုံများ ဖြစ်သည်။ အခြား ထင်ရှား ကျော်ကြားသော နေရာများမှာ ဘက်ကင်ဟမ် နန်းတော်၊ ပစ်ကာဒီလီ အဝိုင်း၊ စိန်ပေါလ် ဘုရားရှိ ခိုးကျောင်း၊ မျှော်စင်တံတားနှင့် ထရာဖယ်လ်ဂါ ပန်းခြံတို့ ဖြစ်သည်။ လန်ဒန်မြို့တွင် မြောက်မြားစွာသော ပြတိုက်များ၊ အနုပညာ ပြခန်းများ၊ စာကြည့်တိုက်များ၊ အားကစား ပွဲတော်များနှင့် အခြားသော ယဉ်ကျေးမှု အဖွဲ့အစည်းများ ရှိသည်။
လန်ဒန် မြေအောက်ရထားသည် ကမ္ဘာပေါ်တွင် သက်တမ်း အရင့်ဆုံး ရထားလမ်း ကွန်ရက်တစ်ခု ဖြစ်သည်။
ဒေသဆိုင်ရာ အစိုးရ
လန်ဒန်မြို့ အုပ်ချုပ်ရေးကို အပိုင်းနှစ်ပိုင်း ခွဲခြားထားပြီး လန်ဒန်မြို့တော် အာဏာပိုင် အဖွဲ့က မြို့တော်တစ် ဝန်းလုံး အုပ်ချုပ်ရေးကို တာဝန်ယူ၍ နယ်မြေ အစိတ်အပိုင်းများ အုပ်ချုပ်ရေးကို လက်အောက်ရှိ အာဏာပိုင် အဖွဲ့အစည်း ၃၃ ခုက တာဝန်ယူသည်။
လန်ဒန်မြို့တော် အာဏာပိုင် အဖွဲ့တွင် မြို့တော်ဝန်နှင့် လန်ဒန်အုပ်ချုပ်မှု အဖွဲ့တို့ ပါဝင်သည်။ လန်ဒန်မြို့ကို မြို့ပြ ရဲတပ်ဖွဲ့က တာဝန်ယူ စောင့်ရှောက်ပြီး လန်ဒန် သယ်ယူပို့ဆောင်ရေး ရဲတပ်ဖွဲ့သည် အမျိုးသား မီးရထားနှင့် လန်ဒန် မြေအောက်ရထား လုပ်ငန်းများကို တာဝန်ယူ ကြီးကြပ်သည်။ လန်ဒန် မီးသတ်နှင့် အရေးပေါ် စီမံခန့်ခွဲရေး အာဏာပိုင် အဖွဲ့သည် ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး မီးသတ် လုပ်ငန်းဖြစ် သည်။ အမျိုးသား ကျန်းမာရေးလုပ်ငန်း အရေးပေါ်ဌာနကို လန်ဒန် အရေးပေါ် လုပ်ငန်းဌာနမှ ကူညီ ထောက်ပံ့သည်။
ကမ္ဘာပေါ်တွင် အရေးပေါ် လူနာတင်ယာဉ် လုပ်ငန်းကို အခမဲ့ အကြီးမားဆုံး ဆောင်ရွက်ပေးသော အဖွဲ့ဖြစ်သည်။ ထို့ပြင် လန်ဒန် လေကြောင်း အရေးပေါ် အဖွဲ့၊ ဘုရင်မကြီး၏ ကမ်းခြေစောင့် တပ်ဖွဲ့နှင့် တော်ဝင် အမျိုးသား အသက်ကယ်လှေ အဖွဲ့တို့က သိမ်းမြစ် အတွင်း စောင့်ကြပ် တာဝန်ယူသည်။
လန်ဒန်မြို့တွင် ယူနိုက်တက် ကင်းဒမ်း၏ အစိုးရအဖွဲ့ တည်ရှိပြီး ဝက်စ်မင်နင်စတာ နန်းတော်တွင် ထားရှိ သည်။ အစိုးရဌာန အများအပြားမှာ ပါလီမန်နှင့် ဝှိုက်ဟောလ်အနီးတွင် တည်ရှိသည်။ ဝန်ကြီးချုပ်၏ အမှတ် (၁ဝ) ဒေါင်းနင်း လမ်း နေအိမ်မှာလည်း အဆိုပါ အဆောက်အအုံများ အနီး၌ တည်ရှိသည်။ ဗြိတိသျှပါလီမန်သည် အခြား ပါလီမန် စနစ်များ၏ စံပြဖြစ်ပြီး ပါလီမန်များ၏ မိခင်ဟု ခေါ်ဝေါ်ခြင်း ခံရသည်။
ရာသီဥတု
လန်ဒန်မြို့သည် မျှတသော သမုဒ္ဒရာပိုင်း ရာသီဥတုရှိကာ ဗြိတိန် တောင်ပိုင်း ဒေသအများစုနှင့် ဆင်တူ သည်။ ဆောင်းရာသီ အချိန်များတွင် သာမန်အားဖြင့် အေးခဲပြီး နိုဝင်ဘာလမှ မတ်လအထိ နှင်းခဲများ ဖုံးလွှမ်းခြင်းကို တစ်ပတ်လျှင် နှစ်ကြိမ် ကြုံတွေ့ရသည်။ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလ အထိ တစ်နှစ်လျှင် လေးကြိမ်မှ ငါးကြိမ် နှင်းများ ကျတတ်သည်။ မတ်နှင့် ဧပြီ အတောအတွင်း နှင်းကျဆင်းမှု နည်းပါးပြီး နှစ်နှစ် သို့မဟုတ် သုံးနှစ်လျှင် တစ်ကြိမ် သာ ဖြစ်ပေါ်လေ့ ရှိသည်။
နွေရာသီ အချိန်များတွင် ပုံမှန်အားဖြင့် ပူနွေးပြီး တစ်ခါတစ်ရံ ပူအိုက်သည်။ လန်ဒန်မြို့လယ်ရှိ အပူချိန်သည် ဆင်ခြေ ဖုံးနှင့် မြို့စွန် ဒေသများထက် ၅ ဒီဂရီ ပိုမိုပူနွေးသည်။
လူနေရပ်ကွက်များ
လန်ဒန်မြို့ မြို့ပြနယ်မြေကို လူနေ ရပ်ကွက်များဖြစ်သော ဘလွန်းဘူရီ၊ မေဖဲ၊ ဝင်ဘလေ စသော နာမည်များ ကို အစွဲပြု ခေါ်ဝေါ်သည်။ လန်ဒန် အနောက်ပိုင်း အရပ်သည် လန်ဒန်မြို့၏ အဓိက ဖျော်ဖြေရေးနှင့် ဈေးဝယ်ရာ နေရာများ တည်ရှိရာဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်လျက် ရှိသည်။ အရှေ့ဘက် အစွန်း ရပ်ကွက်မှာမူ လန်ဒန် ဆိပ်ကမ်းနှင့် အနီးတွင် တည်ရှိပြီး ပြည်ပမှ လာရောက် နေထိုင်သူ အများဆုံး ရပ်ကွက် ဖြစ်သည်။ လန်ဒန်မြို့၏ အဆင်းရဲဆုံး ရပ်ကွက်များထဲတွင် တစ်ခု အပါအဝင်ဖြစ်သည်။ လန်ဒန်မြို့ ကို ၁၉၆၅ ခုနှစ်မှစ၍ ဘာရာ ရပ်ကွက် ၃၂ ခုအဖြစ် ခွဲခြားခဲ့သည်။
ဗိသုကာလက်ရာ
လန်ဒန်မြို့၏ အဆောက်အအုံများမှာ ခေတ်ကာလ အလိုက် ဗိသုကာပုံစံ အမျိုးမျိုး ရှိသည်။ ခေတ်ဟောင်း လက်ရာများ ပါဝင်သကဲ့သို့ ခေတ်ပေါ် လက်ရာများလည်း တွေ့ရသည်။ ထင်ရှားသော ခေတ်သစ်လက်ရာ များတွင် ဘဲဥပုံသဏ္ဌာန် ရှိသော မြို့တော်ခန်းမနှင့် ဗြိတိသျှ စာကြည့်တိုက်များ ပါဝင်သည်။
လန်ဒန်မြို့ အလယ်ပိုင်းတွင် အကြီးမားဆုံးသော ပန်းခြံများမှာ ဟိုက်ပတ်နှင့် ကင်ဆင်တန် ဥယျာဉ်တို့ ဖြစ်ပြီး မြောက် ပိုင်းရှိ ရီးဂျင့် ပန်းခြံတို့လည်း ပါဝင်သည်။ ရီးဂျင့် ပန်းခြံတွင် ကမ္ဘာ့ သက်တမ်းအရင့်ဆုံး သိပ္ပံတိရစ္ဆာန် ဥယျာဉ်လည်း ပါဝင်ပြီး ၎င်းမှာ ကမ္ဘာလှည့် ခရီးသည် အများဆုံး လာရောက်သော မဒမ်တူးဆော့ ဖယောင်းပြတိုက် အနီးတွင် တည်ရှိသည်။ လန်ဒန် မြို့လယ်ပိုင်းနှင့် နီးစပ်သော ပန်းခြံများတွင် ဂရင်းပတ်ခ် နှင့် စိန့်ဂျိမ်းပတ်ခ်တို့ ပါဝင်သည်။
လူမျိုးစုများ
အင်္ဂလန် အမျိုးသား စာရင်းအင်းရုံးမှ ရရှိသော အချက်အလက်များ အရ ၂ဝ၁၁ ခုနှစ် သန်းခေါင် စာရင်းတွင် လန်ဒန်မြို့၌ နေထိုင်သူများ၏ ၅၉ ဒသမ ၈ ရာခိုင်နှုန်းမှာ လူဖြူများ ဖြစ်ပြီး ၂ဝ ဒသမ ၉ ရာခိုင်နှုန်းမှာ အာရှ တိုက်သားများနှင့် အာရှ ဇာတိဖွားများ ဖြစ်သည်။ အိန္ဒိယ လူမျိုးများမှာ ၆ ဒသမ ၆ ရာခိုင်နှုန်း ရှိပြီး ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် လူမျိုးများမှာ ၂ ဒသမ ၇ ရာခိုင်နှုန်းစီ ရှိသည်။ တရုတ်လူမျိုး ၁ ဒသမ ၅ ရာခိုင်နှုန်း ရှိပြီး အာရပ်လူမျိုး များမှာ ၁ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်။ နောက်ထပ် ၄ ဒသမ ၉ ရာခိုင်နှုန်းမှာ အခြား အာရှတိုက်သားများ ဖြစ်သည်။ ၁၅ ဒသမ ၆ ရာခိုင်နှုန်းမှာ လူမည်းနှင့် လူမည်းဇာတိဖွားများ ဖြစ်ကြသည်။
ဘာသာရေး
၂ဝ၁၁ ခုနှစ် သန်းခေါင်စာရင်း အရ ခရစ်ယာန် ဘာသာဝင်များမှာ လန်ဒန်မြို့တွင် အများဆုံး ဖြစ်ပြီး ၄၈ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်။ ၎င်းတို့နောက်တွင် ဘာသာမဲ့ ၂ဝ ဒသမ ၇ ရာခိုင်နှုန်း၊ မူဆလင် ၁၂ ဒသမ ၄ ရာခိုင်နှုန်း၊ ဟိန္ဒူ ၅ ရာခိုင်နှုန်း၊ ဂျူး ၁ ဒသမ ၈ ရာခိုင်နှုန်း၊ ဆစ် ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဗုဒ္ဓဘာသာ ၁ ရာခိုင်နှုန်းတို့ ရှိကြသည်။
လန်ဒန်မြို့တွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်း များစွာတည်ရှိပြီး မူဆလင် ဗလီများ၊ ဆစ်ဘုရား ကျောင်းများ၊ ဟိန္ဒူ ဘုရားကျောင်းများလည်း ရှိသည်။
စီးပွားရေး
လန်ဒန်မြို့ အနေဖြင့် ယူနိုက်တက် ကင်းဒမ်း (GDP) ၏ ၂ဝ ရာခိုင်နှုန်းကို ရယူ စွမ်းဆောင်နိုင်သည်။ ထို့အပြင် ကမ္ဘာပေါ်ရှိ အချက်အချာ ကျသော ဘဏ္ဍာရေး ဗဟိုဌာနများ အနက် တစ်ခုဖြစ်ပြီး နယူးယောက် ကဲ့သို့ပင် နိုင်ငံတ ကာ ငွေကြေးလုပ်ငန်း အတွက် အရေးကြီးသော နေရာတစ်ခု ဖြစ်သည်။
လန်ဒန်မြို့ရှိ အကြီးဆုံး လုပ်ငန်းမှာ ငွေကြေးလုပ်ငန်း ဖြစ်ပြီး ယူကေ၏ ငွေကြေး ဈေးကွက်တွင် အဓိက ပါဝင်လျက် ရှိသည်။ လူပေါင်း ၃၂၅ဝဝဝ မှာ လန်ဒန်ရှိ ငွေကြေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက် ရှိကြသည်။ လန်ဒန်မြို့တွင် နိုင်ငံရပ်ခြားဘဏ် ၄၈ဝ ကျော် ရှိရာ ကမ္ဘာပေါ်ရှိ မည်သည့် မြို့ကြီးထက် မဆို ပို မိုများပြားသည်။ ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းတွင် ဘဏ္ဍာရေး အကျပ်အတည်းကြောင့် တစ်နှစ်အတွင်း၌ အလုပ်အကိုင် ၇ဝဝဝဝ ကျော် လျှော့ချ ခဲ့ရသည်။ လန်ဒန်မြို့တော်သည် အင်္ဂလန်ဘဏ်၊ လန်ဒန် စတော့အိတ်ချိန်းနှင့် Lloyd's of London အာမခံ ဈေးကွက်တို့၏ တည်နေရာလည်း ဖြစ်သည်။ လန်ဒန်မြို့တွင် အဓိက စီးပွားရေးရပ်ကွက် ငါးခုရှိရာ မြို့တော်ရပ်ကွက်၊ ဝက်စ်မင်စတာ၊ ကနေရီ၊ ကမ်ဒန်နှင့် လမ်းဘတ်တို့ ဖြစ်ကြသည်။
ခရီးသွားလုပ်ငန်း
လန်ဒန်မြို့သည် ခရီးသွားလုပ်ငန်း၏ ထင်ရှား ကျော်ကြားသော နေရာတစ်ခု ဖြစ်သည်။ လန်ဒန်မြို့သို့ နိုင်ငံ တကာ ခရီးသွားများ နှစ်စဉ် ၁၄ သန်းကျော် လာရောက်လျက် ရှိပြီး ဥရောပ၌ ခရီးသည် လာရောက် လည်ပတ်မှု အများဆုံး မြို့တော်လည်း ဖြစ်သည်။ လန်ဒန်မြို့တွင် အဓိက ကမ္ဘာလှည့် ခရီးသည်များ လာရောက် လည်ပတ်သည့် နေရာများမှာ ဗြိတိသျှပြတိုက်၊ အမျိုးသား အနုပညာ ပြခန်း၊ အမျိုးသား သမိုင်း ပြတိုက်၊ သိပ္ပံ ပြတိုက်၊ ဗစ်တိုးရီးယားနှင့် အဲလ်ဘတ် ပြတိုက်၊ မဒမ်တူးဆော့ ဖယောင်းပြတိုက်၊ အမျိုးသား ပင်လယ်ရေကြောင်း ပြတိုက်နှင့် လန်ဒန်မျှော်စင် တို့ ဖြစ်ကြသည်။ ။
ကျော်ဇင်ထွဋ်  - မြ၀တီ 10 June 2013 
Sunday, January 13, 2013
အင်္ဂလန်က ဘရိုက်တန်ကမ်းခြေ (Brighton Beach in England)
အနောက်ကမ္ဘာရဲ့ နွေရာသီဖြစ်တဲ့ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ အင်္ဂလန်မှာ ရှိတဲ့ သူတွေ၊ အထူးသဖြင့် မြို့တော် လန်ဒန်နဲ့ အနီးတ၀ိုက်က လူတွေကတော့ နီးနီးနားနား ဘရိုက်တန် ကမ်းခြေကို သွားလေ့ရှိပါတယ်။ လန်ဒန်မြို့ရဲ့တောင်ဘက် မိုင် ၅၀ လောက်အကွာမှာ ရှိပြီး ကျောက်စရစ်ခဲတွေ ပြည့်နှက်နေတဲ့ ကမ်းခြေလည်း ဖြစ်ပါတယ်။ ရေအတော်ကျချိန်ကျမှ သဲကိုမြင်ရပါတယ်။ အချိန်အများစုမှာတော့ ၀ါညိုညို ကျောက်စရစ်ခဲတွေပဲ တွေ့ရပါတယ်။ လန်ဒန်ကနေ ရထားနဲ့ သွားရင် တနာရီနဲ့ ၁၀ မိနစ်လောက်သွားရပါတယ်။ လန်ဒန်ကနေ ပင်မ ထွက်ခွာတဲ့ ဘူတာတွေကတော့ London Bridge၊ Blackfrairs နဲ့ Waterloo ဘူတာရုံတွေ ဖြစ်ပါတယ်။ ၀ါတာလူးက သွားရင် ရထားခ ၂၅ ပေါင် လောက်ပေးရပြီး တခြားဘူတာတွေမှာတော့ ၁၅ ပေါင်လောက်ရှိတတ်ပါတယ်။ နွေကာလမှာ  လေးယောက် ပေါင် ၂၀ ဆိုတဲ့ လျော့ဈေးတွေလည်း ရှိပါတယ်။ မနက်သွား ညနေစောင်းပြန် တရက်တာ ခရီးအဖြစ် သွားကြတာ များပါတယ်။ ကလေးတွေအတွက် Brighton Pier မှာ ကစားစရာတွေလည်း ရှိပါတယ်။ ရိုလာ ကိုစတာ၊ သရဲအိမ်၊ တိုက်ကား၊ ရေလွှာလျော ရိုလာကိုစတာ စတာတွေ ရှိပါတယ်။ 
ဘရိုက်တန်အကြောင်း ထပ်ပြီး ရေးပါဦးမယ်။ အတွေ့အကြုံလေးတွေ၊ ဆောင်ရန် ရှောင်ရန်လေးတွေ သိထားတာလေးတွေရှိရင်လည်း imyanmargo@gmail.com ကို ပေးပို့နိုင်သလို  အောက်က ကွန်မန့်မှာ ရေထားခဲ့နိုင်ပါတယ်။
နောက်ထပ် ဓာတ်ပုံများကို ကြည့်ချင်ရင် ဒီ Link ကို နှိပ်ပါ။ 
လန်ဒန်မြို့က ကာနီဗယ်ပွဲတော် (London Carnival 2011)
ကရေဘီယံကျွန်းစုတွေက ကျွန်းသားတွေ ရိုးရာ အ၀တ်အစားတွေ ၀တ်ပြီး ပျော်ပွဲ ရွင်ပွဲလုပ်ရာက စတင်ခဲ့တဲ့ ကာနီဗယ်ပွဲတော်ဟာ ကမ္ဘာ့မြို့ကြီးတချို့မှာလည်း ကျင်းပကြပါတယ်။ ဘရာဇီးက ပွဲတော်က အစည်ကားဆုံးဖြစ်ပြီး လန်ဒန်က ပွဲတော်ကလည်း ဥရောပမှာ အကြီးဆုံး ကာနီဗယ် ပွဲတော် ဖြစ်ပါတယ်။ နှစ်စဉ် သြဂုတ်လကုန်ပိုင်းမှာ ပြုလုပ်ပြီး ၂ ရက်တာ ပွဲတော်တွင်း လူ သန်းဂဏန်းလာရောက် ကြပါတယ်။ 
More photos here
Thursday, July 14, 2011
စာမူ၊ မှတ်စု၊ ဓာတ်ပုံ ၊ ဗီဒီယိုများ ဖိတ်ခေါ်ခြင်း
စတင်တည်ဆောက်ဆဲ ဖြစ်ပါတယ်။ခရီးသွားအချက်အလက်တွေ၊ ဆောင်းပါးတွေ ဝေမျှဖို့ ဖိတ်ခေါ်ပါတယ်။
Saturday, July 9, 2011
လန်ဒန်
စမ်းသပ်ဆဲ စာမျက်နှာ
အင်္ဂလန်ခရီး မပြီးသေးပါ (အရှင်ညာဏိက - မိုးမခ ခရီးသွားဆောင်းပါး)
မိုးမခမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ၆ ခုကို ပေါင်းပြီး ပြန်လည် ဝေမျှခြင်း ဖြစ်ပါတယ်။
အင်္ဂလန်ခရီး မပြီးသေးပါ ၁
အရှင်ဉာဏိက
ဇွန် ၈၊ ၂၀၀၉
သိမ်းမြစ်၊ London Eye နောက်ခံနဲ့ အရှင်ဉာဏိက ၊ ရွှေမင်းဝံဆရာတော် ၊ မောင်မိုးကျော်
ဟေး- ဒါ လန်ဒန်မှာလေ။ ဂရိတ်ဗြိတိန်ဆိုတဲ့ နေမဝင် အင်ပါယာကြီးရဲ့ မြို့တော်ကြီးမှာပေါ့။ ကိုယ်တို့နိုင်ငံ အပါအဝင် နိုင်ငံ များစွာကို အရှင်သခင်လုပ်ကာ အုပ်ချုပ်သွားခဲ့ကြသူတွေရဲ့ နေပြည်တော်ကြီးဆိုလဲ မမှားဘူးပေါ့။
နောက်ပြီး ခုကိုယ့် ခရီးစဉ်ကို နှောင့်နှေးကြန့်ကြာအောင်လုပ်တဲ့သူတွေနေထိုင်တဲ့ မဟာနိုင်ငံတော်ကြီးရဲ့ အထင်ကရ မြို့တော်ကြီးလဲ ဖြစ်သပေါ့လေ။ ထည်ဝါခမ်းနားမှုတွေ၊ မြင့်မြတ်ကြီးကျယ်မှုတွေ တပုံတပင်နဲ့ ဣနြေ္ဒကြီးမားစွာ ဝင့်ဝါခဲ့ဘူးတာ။ ခု တော့လဲ အင်္ဂလိပ်တို့ရဲ့ ခမ်းနားထည်ဝါမှုတွေကို ရာဇဝင်ထဲမှာ ထားရစ်ခဲ့ပါပြီ။ ခေတ်သစ်လူမှုဘဝကို ဖွံ့ဖြိုးပြီးနိုင်ငံ ကြီးပီပီ အမီလိုက်ကာ (အဲ) ဦးဆောင်ကာ ကမ္ဘာကြီးကို အပေါ်စီးကနေ ဟန်ပါပါကြည့်ရင်း ဣနြေ္ဒကြီးကြီးနဲ့ ရပ် တည်လို့ နေသပေါ့။ သို့ပေမယ့် ဟိုးငယ်ငယ်ကတည်းက ကြားဘူးနားဝရှိလွန်းလှတဲ့ အင်္ဂလိပ်တို့ရဲ့ မြို့တော်ကြီး လန်ဒန်ဆိုတာကို ရာဇဝင်ထဲမှာ ကိုယ်က မထားရစ်ခဲ့နိုင်သေးဘူးလေ။ ဒီတော့ အခွင့်သာတာနဲ့ အလည်သွားဖို့ စိတ်ကူးရှိခဲ့တာ။ ဟိုးရှေးရှေး အနုလက်ရာတွေကို တတသသ ခံစားရှုမြင်ချင်နေခဲ့တာ။ ခုတော့ ဒီစိတ်ကူးအိပ်မက်ကို တကယ်အကောင်အထည်ဖော်နိုင်ခဲ့ပြီလို့ ဆိုရမှာပေါ့။ ဒါပေမယ့် ကိုယ့်အိပ်မက်ကို လှပစွာ မက်ခဲ့ရတာတော့လည်း မဟုတ်ပါဘူး။
ကိုယ်တို့ဒီနေ့ (ဇွန်လ ၂ ရက်၊ ၂ဝဝ၉၊ အင်္ဂါနေ့) နံနက်မှာပဲ လန်ဒန်ကိုရောက်တယ်။ ကြည့်စမ်း။ လန်ဒန်သွားဖို့ ဗီ ဇာက သောကြာနေ့ကမှရတာ။ အကျိုးဆောင်ပေးသူက လော့စ်အင်ဂျလိစ်ကနေ ကိုယ်သွားစောင့်နေတဲ့ မေရီလင်း ပြည်နယ်မှာရှိတဲ့ မင်္ဂလာရာမကျောင်းကို အမြန်ပို့ပေးလိုက်တာ။ စနေနေ့မှ ကိုယ့်လက်ထဲရောက်တယ်။ တကယ် လို့သာ ကိုယ်သွားမယ့်ခရီးစဉ်က အရေးကြီးခရီးစဉ်တစ်ခုဖြစ်နေမယ်၊ မဖြစ်မနေ သွားရမယ့်ခရီးစဉ်ဖြစ်နေမယ်ဆိုရင် ဘယ်လောက်ဗီဇာအတွက် စိတ်ပူပင်မှုဖြစ်ရမလဲ။ စဉ်းစားကြည့်ပေါ့။ ခုတော့ ကိုယ်သွားမယ့်ခရီးစဉ်က မဖြစ်မနေ မဟုတ်သလို အရေးတကြီးလည်းမဟုတ်လို့ ကိုယ့်အတွက် ပူပန်မှုကို မဖြစ်စေခဲ့ပါဘူး။ ဒါပေမယ့် ပထမအကြိမ် ဗီဇာ ပေးဖို့ ငြင်းပယ်ပြီးကာမှ ဒုတိယအကြိမ်ထပ်ပြီး ကြိုးစားအားထုတ်လိုက်ရတဲ့အတွက် ကသီလင်တ ဖြစ်ခဲ့ရတာအမှန်။ အပိုအကုန်အကျလည်း များခဲ့ရတယ်။ အင်္ဂလိပ်တွေက ဒီနေရာမှာတော့ ကြီးကျယ်နေဆဲ။
အင်တာနက်မှာတင်ထားတဲ့ အင်ဖော်မေးရှင်းကို ယုံစားအားကိုးပြီး ဗီဇာလျှောက်တဲ့အလုပ်ကိုလုပ်ခဲ့တဲ့ ကိုယ့်အ တွက်တော့ မှတ်သားလောက်တဲ့သင်ခန်းစာပေါ့။ ကိုယ့်အဖြစ်အပျက်ပြောပြတော့ ကိုယ့်လိုပဲ ဝက်ဘ်ဆိုက်ကြည့်ပြီး လျှောက်ခဲ့လို့ အလားတူကြုံခဲ့ရတဲ့ ဒကာတစ်ဦးလဲရှိလို့ ဘဝတူလူသားတွေလည်းရှိသားလို့ သိလိုက်ရပါတယ်။ တကယ်တော့ သူတို့ဝက်ဘ်ဆိုက်မှာ ဘာတွေ ဘာတွေလိုအပ်ပါတယ်လို့ အတိအကျပြည့်ပြည့်စုံစုံ ပြောမထားပဲ ငြင်းပယ်ကာမှ ဒါတွေ ဒါတွေလိုအပ်ပါတယ်လို့ အကြောင်းပြတာမျိုးကတော့ သံရုံးတွေရဲ့ ဆိုးရွားလှတဲ့ ညံ့ဖျင်းမှု တစ် ခုလို့ပဲ ဆိုရမှာပေါ့။ ဒုတိယအကြိမ်ကြိုးစားရာမှာတော့ လမ်းကြောင်းကောင်းကောင်း သိသူနဲ့သွားလိုက်လို့ ဗီဇာရဖို့ တစ်ရက်ပဲကြာတယ်။ ဒါလည်း အံ့သြရမည့် အချက်ပါပဲ။ ရှိပါစေ။ နေရာတိုင်းမှာ သွားဖို့လမ်းရှိတာ ဓမ္မတာပဲဟာ။
ခုတော့ ကိုယ်အင်္ဂလန်ကိုရောက်နေပြီ။ပြောခဲ့သလို အမေရိကကနေ ထွက်ခါနီးမှာမှ အင်္ဂလန်ဗီဇာက ကပ်ရတာမို့ ဥရောပနိုင်ငံတွေကိုသွားဖို့ ရှန်းဂန်ဗီဇာလျှောက်ဖို့ အချိန်မရခဲ့ဘူး။ ဒါကြောင့် ဒီအင်္ဂလန်ကနေပဲ “ရှန်းဂန်” ဗီဇာ လျှောက်ရတော့မယ်။ ရလျင်လည်းရ၊ မရလျင်လည်း နေပစေတော့။ သူတို့ဥပဒေအရဆိုလျင်တော့ ကိုယ်နေထိုင်တဲ့ နေရာကနေ လျှောက်ခဲ့ရမယ်တဲ့။ အင်္ဂလန်ကလျှောက်မယ်ဆိုလျင် အင်္ဂလန်မှာ နေထိုင်သူဖြစ်ဖို့ လိုတယ်တဲ့။ ဒီ အတိုင်းဆို “ရှန်းဂန်” ဗီဇာရဖို့ လွယ်မယ်မထင်ဘူး။ (သင့်မှာ နည်းလမ်းကောင်းလေးများရှိလျင်လည်း ပြောပြပါဦး)။ ဥရောပနိုင်ငံတွေသွားဖို့ ဗီဇာမရလျင်တော့ စကော့တလန်၊ အိုင်ယာလန်၊ ဝေလစတဲ့ ဂရိတ်ဗြိတိန်ဝင် ဒေသများဆီသို့ပဲ လေ့လာရေးခရီးဆက်ရမှာပေါ့။ အိုင်းရစ်နဲ့ စကော့တို့ရဲ့ ရှေးရိုးကျပေမယ့် လှပတဲ့ယဉ်ကျေးမှုများကလည်း စွဲ မက်တသဖွယ် ဖြစ်နိုင်မှာပါ။ ကံကောင်းလျင်ဖြင့် အိုင်းရစ်တွေရဲ့ ပုလွေသံချိုချိုကိုလည်း ရင်ဖိုစွာနားထောင်ခွင့် ရလျင်ရဦးမှာ။ ဒါဆိုဘယ်လောက် ကြည်နူးဖွယ်ခရီးဖြစ်မှာလဲ။ ဟုတ်ဘူးလား။ အရာအားလုံးဟာ လှပတဲ့အရာချည်းသာ ပါ။ သို့ပေမယ် ရောင့်ရဲတတ်စွာနဲ့ သင့်တင့်စွာ နှလုံးသွင်းတတ်ဖို့တော့ လိုတာပေါ့။ ရောင့်ရဲမှုဆိုတာ ပျင်းရိမှုနဲ့ လုံးဝ မတူဘူးဆိုတာနဲ့ သင့်တင့်စွာ နှလုံးသွင်းခြင်းဆိုတာလဲ ညံ့ဖျင်းခြင်းအတွက် ဆင်ခြေပေးတဲ့နေရာမှာ သုံးရအောင် ညွှန်ပြထားတာ မဟုတ်ဘူးလို့ နားလည်ဖို့လဲ လိုလိမ့်မယ်။
ပြောရဦးမယ်။ ကိုယ်နဲ့အင်္ဂလန်နဲ့ကလည်း သိပ်ပြီးလမိုင်းကပ်ပုံ မရဘူး။ တကယ်ဆို ဝါရှင်တန်ဒီစီ ဒါးလပ်စ်လေဆိပ် ကနေ ကိုယ်တို့စီနင်းလိုက်ပါမည့်လေယာဉ်က ဇွန်လ ၁ ရက်နေ့ မနက် ၉နာရီ ၂ဝ မိနစ်မှာထွက်မှာ။ ဒါပေမယ့် အေး ဂျင့်တွေက အဲဒီလေယာဉ်အတွက် လက်မှတ်တွေကို ပိုရောင်းထားတယ်။ ဒါကြောင့် ထိုင်ခုံနံပါတ်မရှိသေးသူတွေ အတွက် ဒီလေယာဉ်နဲ့လိုက်ရဖို့ မသေချာဘူးဖြစ်နေတယ်။ ဒီအကြောင်း ဂိတ်ပေါက်မှာရှိတဲ့ ဝန်ထမ်းတဦးက ကြေညာတယ်။ တကယ်လို့ ထိုင်ခုံနံပါတ်ရှိပြီးသားသူတွေထဲက မလိုက်ဖြစ်တဲ့သူတွေရှိလျင် ကျန်နေသူတွေကို နံပါတ်စဉ် အတိုင်းခေါ်သွားမယ်တဲ့။ ကြည့်လိုက်စမ်းပါဦး။ ကိုယ့်နံပါတ်က ၂၅ ။ ဒီတော့ ထိုင်ခုံနံပါတ်ရှိပြီးသားသူ ၂၄ ယောက် မလာပါမှ ကိုယ့်အလှည့်ရောက်မှာ။ ဘယ်လိုလုပ် ၂၄ ယောက်ပျက်ကွက်ဖို့ ဖြစ်နိုင်ပါ့မလဲ။ ဒီအချိန်က အားလပ်ရက်၊ ခရီးသွားရာသီပဲဟာ။ ဒီတော့သေချာပါတယ်။ ဒီလေယာဉ်နဲ့ ကိုယ်လိုက်ရဖို့ လုံးဝဖြစ်နိုင်မှာ မဟုတ်ပါဘူး။
လေယာဉ်ထိုင်ခုံမရှိသူတွေထဲမှာ ဘာဖြစ်လို့ ကိုယ့်နံပါတ်က ခုလောက်ထိအောင် နောက်ကျသွားရတာလဲ။ ကိုယ့် လေယာဉ်လက်မှတ်ဝယ်ထားတာကပဲ နှစ်လနီးပါးရှိနေပြီ။ အချိန်အတိုင်းအတာအရ ဘယ်နည်းနဲ့မှ ခုလောက် နောက်ရောက်စရာ အကြောင်းမရှိနိုင်ဘူး။ ဒီတော့သူတို့အကြောင်းပြချက်က အမြဲတမ်းခရီးသွားနေသူတွေ၊ သူတို့ လေကြောင်းနဲ့ ခရီးသွားများသူတွေကို ဦးစားပေးထားတဲ့ အစီအစဉ်အရ ခုလိုတခါတလေမှသာ ခရီးသွားတဲ့ကိုယ် တို့က နောက်ရောက်သွားရတာပါတဲ့။ သူတို့ဦးစားပေးစာရင်းပါဖို့ ကိုယ်ကပဲ ခရီးအမြဲသွားနေရမည့်ပုံ။ အဲပေါ့လေ။ ကိုယ်ဆိုတဲ့ကိုယ်ကလဲ ဘယ်နေရာမှာမှ ဦးစားပေးစာရင်းထဲမှာ မပါဝင်တဲ့သူမျိုးဆိုတော့လည်း ခုလိုနောက်ကျန်သူ၊ နောက်ချန်ခံရသူ ဖြစ်တာတော့လည်း အဆန်းမဟုတ်လှပါဘူး။ ဒီလိုဖြစ်ရတာကိုက ကံထူးခြင်းတစ်မျိုးပဲ မဟုတ်လား။ သေမင်းက သူ့ဦးစားပေးစာရင်းပါသူတွေတံခါးကို လျောက်ခေါက်တဲ့အခါမှာလည်း ကိုယ့်တံခါးပါဝင်နိုင်မယ် မဟုတ် ဘူးဆိုတာကိုလည်း ကိုယ်ကတော့ ယုံကြည်နေမိပါတယ်။
လေဆိပ်ကောင်တာရောက်ခါနီးမှာ ဝါရှင်တန်ဒီစီအနီးမှာနေထိုင်တဲ့ ဒေါက်တာချစ်ခင်ဝေက အကျိုးအကြောင်း ဖုန်း လှန်းဆက်ရင်း အစစအဆင်ပြေမှာပါလို့ ပြောတယ်။ ဒီတော့ ကိုယ်က ပြေမယ်ဆိုတာ မသေချာသေးပါဘူးလို့ ပြော လိုက်တယ်။ ခုလိုလေယယာဉ်ပေါ် တက်ခါနီးနေတာတောင် မသေချာသေးဘူးဆိုတော့ မသေချာစရာ ဘာများရှိသေး လဲလို့ သူကထပ်မေးတယ်။အဲဒီတုံးက ဘာရယ်လို့ တိတိကျကျ အကြောင်းမပြနိုင်ခဲ့ဘူး။ ဟော ခုတော့ တိတိ ကျကျ ပြောနိုင်ပါပြီ။ လေယာဉ်တက်ခါနီးတာတောင် မသေချာသေးတာကတော့ မနက်ခင်းထွက်မယ့်လေယာဉ်နဲ့ မလိုက်ပါ နိုင်ခဲ့တဲ့အတွက် ညနေ ၅ နာရီ ၃ဝ မှထွက်တဲ့ လေယာဉ်နဲ့မှ လန်ဒန်ကို ထွက်ခွါလာနိုင်ခဲ့တယ်လို့ ဆိုတာပါပဲ။ ဒီတော့ ဝါရှင်တန်ဒီစီ ဒါးလပ်လေဆိပ်ထဲမှာ တနေ့တာ အချိန်ဖြုန်းလိုက်ရပါတယ်။ အဲဒီလိုပါဆို။ ကံကြမ္မာက ကိုယ့် အတွက်များဆို နောက်ချန်ထားဖြစ်အောင်ကို ချန်ထားလိုက်သေးတယ်။
လေကြောင်းလိုင်းက နစ်နာကြေးအတွက် လေယာဉ်လက်မှတ်ခ တဝက်ပြန်ပေးတယ်။ ခရီးသွားဖို့ ပျက်ကွက်သူတွေ များလို့ လက်မှတ် “ကင်ဆယ်လ်”လုပ်သူတွေများတာကြောင့် လက်မှတ်တွေ ခုလိုပိုရောင်းရတာပါတဲ့။ ဝမ်းနည်းပါတယ် ပေါ့။ ကိုယ့်လို အရေးတကြီးခရီးသွားသူ မဟုတ်သူတွက် သူတို့ပေးတဲ့အကြောင်းခိုင်လုံပေမယ့် အရေးတကြီး ခရီး သွားတွေအတွက်တော့ လုံးဝကျေနပ်နိုင်မယ် မဟုတ်ပါဘူး။ ခရီးသည်ထဲက အချို့ကဆို စိတ်ဆိုးမာန်ဆိုးနဲ့ လက်မှတ် ကောင်တာကသူတွေကို ရန်တွေ့နေလေရဲ့။ ဒီလိုဖြစ်တာ သူတို့နဲ့တိုက်ရိုက် မပတ်သက်ပေမယ့် ရန်တွေ့စရာ အနီး ဆုံးက သူတို့ဆိုတော့လည်း နီးရာသူက ခံကြရတာပေါ့။ ခရီးသွားတွေဖက်က စဉ်းစားတော့လည်း ရန်တွေ့ချင်စရာလေ။ သူတို့မှာပါလာတဲ့ အိတ်တွေက ထွက်ခွါသွားတဲ့လေယာဉ်ပေါ်မှာ ပါသွားပြီ။ လူက မလိုက်နိုင်သေး။ ဒီတော့ ပါသွားတဲ့အိတ်တွေက ဘယ်သောင်တင်လို့ ဘယ်ကမ်းဆိုက်လေဦးမယ် မသိ။ ဒီအိတ်ပျောက်တဲ့အတွေ့အကြုံမျိုးကို ကိုယ်က လက်တွေ့ခံစားဘူးပြီ။ ဘယ်မေးလို့ ဘယ်စမ်းရမယ် မသိ။ ဘယ်သူမှလည်း တိကျတဲ့အဖြေ ပေးနိုင်တာမျိုး မဟုတ်။ ဒီတစ်ခါ ခရီးသွားရာမှာ ဘာအိတ်မှ အပိုမပါဘဲ တနိုင်လက်ဆွဲအိတ်လေးတစ်လုံးနဲ့ ခရီးထွက်ခဲ့လို့သာ ကိုယ်လဲ သူတို့လို မဖြစ်တာ။ သူတို့လို အပူ မထိတာ။ ဒီတော့ ဝန်ကျဉ်းမှုက ဝန်ကင်းချမ်းသာကို သယ်ဆောင်လာခဲ့ တယ်လို့ဆိုရမှာပေါ့။
လန်ဒန် ဟီသရိုးလေဆိပ်ကိုလေယာဉ်ဆိုက်တော့ နေသာနေလေရဲ့။ အချိန်က နံနက် ၆ နာရီခန့်။ လန်ဒန်မှာ ခုလို နေသာတဲ့ အချိန်တွေ့ရတာ လဘ်တစ်ပါးတဲ့။ ဒါဆို အင်္ဂလန်မြေ စနင်းတာနဲ့ ကောင်းတဲ့လာဘ်တစ်ပါးကို စတင် ထိတွေ့လိုက်ရတယ်လို့ ဆိုရမှာပေါ့။ ရှေ့မှာ ဒီထက်ဒီထက် ကောင်းတဲ့လာဘ်တွေ ဘယ်လောက် လာဦးမလဲ။ စောင့် ကြည့်ရသေးတာပေါ့။ ခုမှ အစပဲရှိသေးတာ။ အင်္ဂလန်ခရီးက ပြီးမှ မပြီးသေးတာပဲလေ။
မေတ္တာဖြင့် …
အင်္ဂလန်ခရီး မပြီးသေးပါ (၂)
အရှင်ဉာဏိက
ဇွန်လ ၂၂၊ ၂ဝဝ၉
အင်္ဂလန်အင်မီဂရေးရှင်းအရာရှိက ထွေထွေထူးထူး မမေးပါဘူး။ ဘာရည်ရွက်ချက်နဲ့လာတယ်၊ ဘယ်လောက်ကြာမယ်၊ ဘယ်မှာတည်းခိုမယ် စကားသုံးခွန်းလောက်ပါပဲ။ ပြီးတော့ ပတ်စ်ပို့မှာ အဝင်ရက်စွဲ ထုပေးလိုက်တယ်။ အိုကေပါပဲ။ လေယာဉ်ပေါ်ပါ ခရီးသည်အားလုံးနီးပါး ဘာပစ္စည်းမှ အထူးမပါကြလို့လားတော့ မသိဘူး။ ပစ္စည်းရှာဖွေရေးဂိတ်ကိုတောင် မဖြတ်ကြဘဲ ဆိုင်ရာအပေါက်အသီးသီးကို လွယ်လွယ်ကူကူပဲ ထွက်ခွာသွားကြတာကို အမှတ်ပြုမိတယ်။ အာရှဘက်သွားကြတဲ့ ခရီးသည်အများစုဆိုလျှင်တော့ ဆိုင်ရာဒေသရှိ ဆွေမျိုးဉာတိတွေအတွက် ပစ္စည်းတွေ တနင့်တပိုး သယ်တတ်ကြရတာကို တွေ့ဖူးနေခဲ့တာ။ ဒီဘက်မှာတော့ ဒီဝန်မျိုး မရှိဘူးလို့ပဲ မှတ်ယူရမှာပေါ့။ ကိုယ်တို့မှာလည်း ဘာမှအထူးမပါတော့ လာကြိုမယ့်သူတွေရှိရာကို တိုက်ရိုက်ပဲသွားခဲ့ကြတယ်။
ဧည့်ကြိုနေရာမှာတော့ လန်ဒန်ရောက် ဆရာတော်တွေဖြစ်တဲ့ ဆရာတော်ဦးကုသလ၊ ဦးဝိသုတနဲ့ ဦးတောသနတို့ လာရောက်ကြိုဆိုကြတယ်။ ရွှေမင်းဝံဆရာတော်နဲ့ သူတို့အားလုံးနဲ့ကလည်း ရင်းနှီးဖူးပြီးသား။ သုံးပါးလုံးက လန်ဒန်အနောက်ပိုင်းရှိ လန်ဒန်ဝိဟာရမှာ သီတင်းသုံးနေကြတယ်။ ဆရာတော်သုံးပါးစလုံးက ကိုယ်နေထိုင်ရာ ဆန်ဖရန်ဝန်းကျင်ရှိ ဖရီးမောင့်မြို့က မေတ္တာနန္ဒဝိဟာရကို ရောက်ဖူးကြလို့ အားလုံးနဲ့က သိကျွမ်းပြီးသား။ အဆင်သင့်လျှင် လန်ဒန်ကို အလည်လာဖို့ ဖိတ်ခေါ်တတ်ကြတာ။ ခုတော့ လန်ဒန်ကို တကယ်ရောက်လာနိုင်ပြီ။
ဟီသရိုးလေဆိပ်က ထွက်တာနဲ့ ထူးထူးခြားခြား အမှတ်ပြုမိလိုက်တာတွေရှိတယ်။ လေဆိပ်အထွက်မှာ တွေ့လိုက်ရတဲ့ ဂျက်လေယာဉ်ငယ်လောက်ခန့်ရှိ လေယာဉ်ပုံစံတစ်ခုနဲ့ ကြော်ငြာ။ လေယာဉ်ကိုယ်ထည်ပေါ်မှာEmirates ဆိုတဲ့ စာတမ်းထိုးလို့။ ဆော်ဒီလေကြောင်းလိုင်းရဲ့ ကြော်ငြာတစ်ခုပါ။ အရှေ့အလယ်ပိုင်းဒေသရဲ့ စီးပွားရေးအင်အား ကြီးထွားလာမှု သင်္ကေတတစ်ခုများလားလို့ တွေးထင်မိတယ်။ ဂရိတ်ဗြိတိန်ဆိုတော့ လန်ဒန်မှာ အရာအားလုံးဟာ ခန့်ခန့်ထည်ထည် ကြီးကြီးမားမားကြီးတွေ၊ ရှေးဟောင်းဆန်ဆန်တွေပဲဖြစ်မယ်လို့ ထင်ထားခဲ့တာ။ ခုမြင်ရတဲ့ လန်ဒန်ကတော့ ကိုယ်တွေ့မြင်နေကျ အမေရိကန်ပြည်ထောင်စုရှိ အဆောက်အဦများလိုပါပဲ။ အရောင်အဆင်းလည်း မထူးခြားလှ။ ပုံသဏ္ဌာန်လည်း ဆင်တူရိုးမှား။ အုတ်ကြွပ်မိုးများရဲ့ နွမ်းလျလျ နီညိုရောင်ကလွဲလျှင်ပေါ့။ မြင်မြင်သမျှက သစ်သစ်လွင်လွင်။ သို့ပေမယ့် ထူးခြားတာက လမ်းတွေ ပိုကျဉ်းနေတာရယ်၊ ကားတွေ ပိုသေးနေတာရယ်၊ တိုက်တာ အဆောက်အဦတွေက ပိုနိမ့်နေတာရယ်ပါပဲ။ နောက်ပြီး လက်ဝဲကပ်မောင်းစနစ်ကလည်း လမ်းပြောင်းပြန်မောင်းတဲ့ ကားကို စီးနေရသလို ခံစားမိပြန်တယ်။ ကိုယ်သာ ကားမောင်းရလျှင် ဘယ်ညာမှားပြီး ယောင်ချာချာဖြစ်နေမှာ။ လမ်းတလျှောက် အချို့နေရာများမှာတော့ ရှေးဟောင်းအရိပ်အငွေ့တော်တော်များများကို ပိုပိုတွေ့လာရတယ်။ လန်ဒန်မြို့လယ်မှာ ဆိုလျှင်တော့ ဒီထက်ခမ်းနားထည်ဝါတဲ့ ရှေးဟောင်းလက်ရာတွေကို တွေ့ရလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။
လေယာဉ်ကွင်းကနေ တည်းခိုရာကျောင်းကိုရောက်ဖို့ နာရီဝက်လောက် ကားမောင်းရတယ်။ လန်ဒန်ဝိဟာရ ကျောင်းက ပြန်လည်ချဲ့ထွင် ပြုပြင်နေဆဲ။ ရှေးဟောင်းပုံစံပေါ်မှာ ခေတ်ပေါ်ပစ္စည်းတွေနဲ့ ခန့်ခန့်ထည်ထည်။ မပြီးပြတ်သေးတဲ့အရာတွေအတွက် အပြီးသတ်နေဆဲ။ လန်ဒန်မြို့လိုနေရာမှာ ခုလောက်ကျယ်ပြန့်တဲ့ အဆောက်အဦနဲ့ ကျောင်းမျိုးက မြန်မာ့အတိုင်းအတာနဲ့ဆို ဂုဏ်ယူစရာ။ အရုဏ်ဆွမ်းအတွက် မန္တလေးနန်းကြီးသုတ်က အဆင်သင့်။ နန်းကြီးက ကိုယ့်အကြိုက်။ ဒါလည်းပဲ လာဘ်ကောင်းခြင်းတစ်မျိုး။ ဟုတ်တယ်လေ။ မတော်လို့ မုန့်ဟင်းခါးနဲ့များ အရုဏ်ဆွမ်း ဆက်ကပ်ခဲ့လျှင် ဒီလန်ဒန်ဟာ ဘယ်လိုလုပ် ကိုယ့်အတွက် မင်္ဂလာရှိစွာ ကြိုဆိုမှုဖြစ်နိုင်မှာလဲ။ လန်ဒန်ရာသီက အေးတယ်ဆိုရုံမျှ။ လေပြည်လေးက သွေးရုံမျှ။ နေခြည်လေးက ရှိန်းမြမြ။ နေထိုင်ကောင်းမွန် မျှတစွ။ သာယာလှတဲ့ ချိန်ခါသမယ။
နေ့လယ်စာစားပြီး လန်ဒန်မြို့ထဲကို ထွက်ခဲ့ကြတယ်။ ပထမ ဘတ်စ်ကားစီး။ လန်ဒန်ဘတ်စ်ကားတွေက အနီရောင် နှစ်ထပ်ကားကြီးတွေ။ မြင့်မြင့်ထောင်ထောင်နဲ့။ ဘတ်စ်ကားကြီးတွေက ရှေ့တည့်တည့်ကကြည့်ရင် ပါးလွှာလွှာ လှီးထားတဲ့ ပေါင်မုန့်ချပ်ကြီးတွေအလား ထင်ရတယ်။ ကြည့်ကြည့်လေရာ နေရာအနှံ့။ လမ်းကျဉ်း လမ်းသွယ်၊ နေရာတကာ ကားနဲ့လမ်းအကျယ်အဝန်းက မဆန့်တရံ့။ သူတို့မို့ ကျဉ်းကျဉ်းကျပ်ကျပ်ထဲ မောင်းရဲတယ်။ ဘတ်စ်ကားက ဆင်း၊ ရထား ပြောင်းစီးရတယ်။ ရထားဘူတာက ဝင်ဘလေ ပါ့ခ်။ ဝင်ဘလေကတော့ ကိုယ်နဲ့သိပ်မစိမ်းတဲ့နာမည်။ ကိုယ်တင်မဟုတ်ပါဘူး။ အားကစားနဲ့ မစိမ်းတဲ့ ကမ္ဘာအရပ်ရပ်ကလူတိုင်း အင်္ဂလန်နိုင်ငံရဲ့ အမျိုးသားအားကစားကွင်းကြီး ဝင်ဘလေဆိုတာကို ကြားဖူးမှာပါ။ ဒီကွင်းကြီးမှာပဲ ကမ္ဘာကျော် အားကစားအမျိုးမျိုးကို ကျင်းပလေ့ရှိတယ် မဟုတ်လား။ ဝင်ဘလေဘူတာက ဝင်ဘလေ အားကစားကွင်းကြီးနဲ့ မျက်နှာချင်းဆိုင် လမ်းတဖက် မလှမ်းမကမ်းမှာ။ ဘူတာကနေကြည့်လိုက်လျှင် ဘီးခုံးကြီးတစ်ခု အပေါ်ကနေ တင်ထားသလိုဖြစ်နေတဲ့ ဝင်ဘလေကွင်းကြီးက ခန့်ခန့်ထည်ထည်။ မပြန်ခင်မှာ ဝင်ဘလေကွင်းကြီး နောက်ခံပြုကာ အမှတ်တရ ဓာတ်ပုံရိုက်ဦးမယ်။ ကမ္ဘာကျော် အားကစားသမားတွေ ခြေချချင်ကြ၊ ခြေချကြတဲ့နေရာ။ ရွာတောင်မကျော်တဲ့ အားကစားဝါသနာရှင်တစ်ယောက်လည်း ဒီနေရာကို ရောက်ခဲ့ပါကြောင်း ဝင်ဘလေစောင့်နတ်မင်းတွေ အပျင်းပြေ မှတ်တမ်းပြုနိုင်အောင်ပေါ့။
လန်ဒန်ဝိဟာရက ထွက်စကတည်းက လမ်းထိပ်က စတိုးဆိုင်မှာ တနေ့တာအတွက် လက်မှတ်ဝယ်ခဲ့တယ်။ ရှိပြီးသား (Oyster card) ခေါ်တဲ့ လက်မှတ်ဟောင်းပေါ်မှာ တနေ့တာအတွက် ဘတ်စ်ကားနဲ့ ရထားပါ အတူတွဲသုံးနိုင်အောင် ငွေပေါင်းထည့်ရတဲ့ လက်မှတ်မျိုး။ ဒါကို Top-up လုပ်တယ်လို့ခေါ်တယ်။ ဘာကြောင့် ဒီလိုခေါ်တယ်တော့ မသိဘူး။ ကားတို့ ရထားတို့ တက်ရာမှာ ဝင်ပေါက်မှာရှိတဲ့ ကတ်ဖတ်စက်ပေါ်မှာ ဒီကတ်လေးကိုအပေါ်ကနေ တင်လိုက်ရတာကြောင့် ခုလို ခေါ်တာလည်းပဲ ဖြစ်နိုင်မယ်။ တနေ့တာအတွက် ငါးပေါင်နဲ့ ပြားရှစ်ဆယ် ပေးရတယ်။ လန်ဒန်တမြို့လုံးကို သွားလိုရာသွားနိုင်တာမို့ တနေ့တာအတွက် ခြောက်ပေါင်နီးပါးဆိုတာ ထိုက်တန်ပါတယ်။ ခုခါလိုဆီ ဈေးတွေ တက်နေတဲ့အခါမှာ ပိုပြီးတန်ပါတယ်လို့ ဆိုရမှာပါ။
နယူးယောက် မြေအောက်ရထားတွေနဲ့စာလျှင်တော့ လန်ဒန်မြေအောက်ရထားက ပိုမိုသန့်ရှင်းသစ်လွင်တောက်ပပါတယ်။ ဒါပေမယ့် ကိုယ်တွေ့ပြောရလျှင် စင်္ကာပူ MRT ကိုတော့ မမီသေး။ အေးပေါ့လေ၊ လန်ဒန်တို့ နယူးယောက်တို့ရဲ့ မြေအောက်ရထားစနစ်က ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တာ။ နောက်ပြီးလည်း ရထားလမ်းကြောင်းတွေ၊ ရထားတွေဆိုတာကလည်း နှိုင်းယှဉ်မရအောင် ပိုမိုရှည်လျား များပြားတာ။ ဒီတော့ ပြုပြင်ဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ကလည်း ပိုမိုခက်ခဲမယ်။ အကုန်အကျလည်း နှိုင်းမရအောင် များမှာပေါ့။ ဘာပဲဖြစ်ဖြစ်။ ဟောင်းနွမ်းမှုတွေကို ထိန်းသိမ်းတတ်တဲ့ လန်ဒန်မြို့တော်မှာ မြေအောက်ရထားများကတော့ သစ်လွင်တောက်ပမှုဘက် ကဲတယ်လို့တောင် ဆိုရမှာပါ။ ဝင်ဘလေဘူတာကနေ မိနစ် ၂ဝ လောက် မြေအောက်ရထားစီးပြီး ဝက်စ်မီနီစတာဘူတာမှာ ဆင်းရတယ်။
ဘူတာကနေ ထွက်လျှင်ထွက်ချင်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အမြင်အကြားအရ ရင်းနှီးနေခဲ့ဖူးတဲ့ ဘစ်ဘင်းနာရီစင်ကြီးကို ရုတ်တရက်တွေ့လိုက်ရတယ်။ ခုမှ လန်ဒန်ကို တကယ်ရောက်နေပါလားလို့လည်း ရုတ်တရက် ခံစားမိလိုက်တယ်။ ဟုတ်တယ်။ အင်္ဂလန်နိုင်ငံရှိ သမိုင်းဝင်အရာများထဲမှာ ဘစ်ဘင်းနာရီကြီးက ကိုယ်နဲ့ရင်းနှီးအကျွမ်းဝင်ဆုံး။ အင်္ဂလန်လို့ ဆိုလိုက်တာနဲ့ ကိုယ့်စိတ်ထဲမှာ ပေါ်လာတတ်တာက ဒီဘစ်ဘင်းနာရီမျှော်စင်ကြီး။ ဒီတော့ ဒီနာရီစင်ကြီးကို တွေ့ရတော့ ကိုယ့်မိတ်ဆွေဟောင်းနဲ့ ပြန်တွေ့လိုက်ရသလို။ ဘစ်ဘင်းက ပုံတွေထဲမြင်ရတာထက် ပိုပြီး အနုပညာမြောက်တယ်၊ ခန့်ညားထည်ဝါတယ်လို့လည်း ထင်မိတယ်။ ဒါပေမယ့် အမေရိကမှာ ကြီးကြီးတွေ၊ မြင့်မြင့်အရာတွေနဲ့ ယဉ်ပါးနေတဲ့ ကိုယ့်မျက်စိအတွက် ဘစ်ဘင်းနာရီစဉ်ကြီးက ထင်ထားတာထက် အနည်းငယ်နိမ့်နေသလို ဖြစ်နေတယ်။
ဘစ်ဘင်းနဲ့တွဲလျက် တည်ရှိနေတဲ့ အင်္ဂလိပ်ပါလီမန်အဆောက်အဦကြီးကလည်း ရှေးဟောင်းအနုလက်ရာတွေ တပုံတပင်နဲ့ ဝင့်ထည်ခန့်ညားစွာ။ သိမ်းမြစ်ကမ်းခြေမှာ ဣနြေ္ဒကြီးစွာ ရပ်တည်လို့။ ပါလီမန်လမ်းမနဲ့ ဝက်စ်မီနီစတာတံတားပေါ်မှာတော့ နိုင်ငံတကာခရီးသွားများနဲ့ ပြည့်နှက်လျက်။ ကိုယ်လည်း နိုင်ငံတကာ ခရီးသွားဧည့်သည်တစ်ဦးပဲလေ။ ဘစ်ဘင်းနဲ့ ပါလီမန်ကို နောက်ခံပြုလို့ ဗီဒီယိုကင်မရာနဲ့ ဓာတ်ပုံကင်မရာ မှတ်တမ်းတင်သူများကြားမှာ ကိုယ့်အတွက် နေရာအားလေးတစ်နေရာရဖို့ ရှာဖွေရတော့တာပဲပေါ့။ ကိုယ်လည်း ဘိလပ်ပြန်တစ်ဦးပါလို့ တကယ်လို့ နောင်တချိန်မှာ ဂုဏ်ယူဝင့်ကြွားလိုစိတ် ဖြစ်လာမယ်ဆိုရင် အခိုင်အမာ သက်သေပြစရာ ကိုယ့်အတွက် ဒါအခွင့်ကောင်းပဲ မဟုတ်လား။
အင်္ဂလန်နဲ့ လန်ဒန်ရဲ့ သင်္ကေတတွေဖြစ်တဲ့ ဘစ်ဘင်းနာရီစင်ကြီးရယ်၊ နာရီစင်ရှေ့ ဝက်မီနီစတာလမ်းပေါ်မှာ ပြေးလွှားနေတဲ့ Route master ဆိုတဲ့ အနီရောင် နှစ်ထပ်ဘတ်စ်ကားကြီးများနဲ့ Black Cabs ဆိုတဲ့ အနက်ရောင် တက္ကစီ ဆလွန်းကားများရယ်ကို တပါတည်းပါနိုင်အောင် စောင့်ပြီးဓာတ်ပုံရိုက်ဦးမယ်။ သစ်ရွက်တွေလည်းကြွေ၊ စနိုးတွေလည်းကျ၊ မှုန်ပျပျရာသီဥတုကြားက ဘစ်ဘင်းနာရီစင်ကြီးနဲ့ ပါလီမန်အဆောက်အဦပေါ်ကနေ မီးရောင်လေးတွေ လက်လက်ပြေးနေတဲ့ သိမ်းမြစ်ပြင်အလှကိုလည်း မျှော်ငေးတသ နေချင်မိသေးတာ။ ခုတော့ အချိန်မကျသေး။
ကိုယ်ဟာ သာမန်ခရီးသွားဧည့်သည်သက်သက် တစ်ဦးသာပါ။ ဘာရယ်လို့ ရေရာစွာမရှိတဲ့ ခရီးတစ်ခုကို သွားနေသူပါ။ ‘ဘယ်နေရာရယ်လို့ အတိအကျ မသိနိုင်တဲ့ခရီးကို သွားနေခြင်းဟာ အကောင်းဆုံးအချိန်ကို သုံးစွဲနေခြင်းပါ’ တဲ့။ လန်ဒန်မြေအောက်ရထား ဘူတာတစ်ခုမှာ ကြော်ငြာစာတမ်းတစ်ခု ထိုးထားတယ်။ ကိုယ်ကလည်း အကောင်းဆုံး ခရီးသွားနေသူ သက်သက်ပဲဖြစ်ချင်သူ တစ်ဦးမဟုတ်လား။ ဒီတော့ သူ့ကြော်ငြာစာတန်းက ကိုယ့်အတွက်မဟုတ်လျှင်တောင် ကိုယ့်အကြိုက်နဲ့တော့ ကိုက်နေတာအမှန်။ ဘယ်လိုလဲ။ သင်ကရော ဘယ်လိုရည်ရွယ်မျိုးနဲ့ ခရီးသွားချင်သူလဲ။ အချိန်ရလျှင် ကိုယ့်ကိုပြောပြပါဦး။ ။
မေတ္တာဖြင့်
အင်္ဂလန်ခရီး မပြီးသေးပါ - ၃
အရှင်ဉာဏိက
ဇူလိုင် ၁၁ ရက် ၊ ၂ဝဝ၉
ဘစ်ဘင်းနာရီစင် ၊ ပါလီမန်အဆောက်အဦတို့နဲ့ အမှတ်တရဓာတ်ပုံရိုက်ပြီး သိမ်းမြစ်ကိုဖြတ်ဆောက်ထားတဲ့ ဝက်စ်မီ နီစတာတံတားပေါ် လျှောက်ခဲ့တယ်။ လန်ဒန်နဲ့အပြိုင်ကျော်ကြားတဲ့ သိမ်းမြစ်က ပြောပလောက်အောင်တော့ မကျယ်ပါဘူး။ ဒါပေမယ့် လန်ဒန်က ကမ္ဘာကျော်တော့ လန်ဒန်ရဲ့အသည်း သိမ်းမြစ်ကလဲ ပူးတွဲကာ ကမ္ဘာကျော်ရတာ ပေါ့။
ကိုယ်ကတော့ လန်ဒန်သိမ်းမြစ်ထက် ကိုယ့်အမိနိုင်ငံက ဧရာဝတီရဲ့ အလှက အဆရာထောင်က သာလွန်တယ် လို့ ထင်မိတယ်။ ကိုယ်ဖြတ်ခဲ့ဘူးတဲ့ ဧရာဝတီရဲ့ အစိတ်အပိုင်းတိုင်းရဲ့အလှက သိမ်းမြစ်ရဲ့ ခုမြင်ရတဲ့ မြင်ကွင်းအလှထက် ပိုမိုတယ် ထင်မိတယ်။ ဒါဟာသဘာဝကိုချစ်တဲ့ ကိုယ့်ရဲ့မူလစိတ်ကြောင့်လည်း ဖြစ်နိုင်သလို ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်တဲ့ ဇာတိစိတ်ကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်ပြီး ဧရာဝတီရဲ့ သမိုင်းအစိတ်အပိုင်းတိုင်းဟာလည်း ခုမြင်နေရတဲ့သိမ်းမြစ်နဲ့ နှိုင်းဆမရအောင် နက်ရှိုင်းမှုတွေ စီးမျောပေါင်းယှက် ပါဝင်နေတယ်လို့လည်း ခံစားမိတယ်။ ကိုယ့်ဘဝဟာလည်း ဧရာဝတီရဲ့ အစိတ်အပိုင်းထဲမှာသာ ထာဝရရှိနေမှာပါ။
သာလွန်ထူးခြားမှုက အင်္ဂလိပ်တွေဟာ သိမ်းမြစ်ကို စနစ်တကျ အသုံးချနိုင်ကြတယ်။ ကိုယ်တို့က ဧရာဝတီကို သူတို့ လို အသုံးဝင်အောင် ပြုလုပ်နိုင်ခဲ့ပါရဲ့လား။ဒီအချက်အပေါ်မှာတော့ သိမ်းမြစ်က ဧရာဝတီထက်အဆ သိန်းသန်းကုဋေ မက သာလွန်ကောင်းသာလွန်နိုင်မယ်။ ဒါနဲ့အတူ သိမ်းမြစ်ရဲ့ကျော်ကြားမှုကလည်း ဧရာဝတီထက် ပိုကောင်းပိုနေ မယ်။ သိမ်းမြစ်ရဲ့ အောင်မြင်မှုကလည်း ဧရာဝတီထက် ပိုကောင်းပိုနိုင်တယ်။ ဟော၊ ကိုယ်ကြည့်နေစဉ်မှာပဲ ဝက်မီနီ စတာတံတားအောက်က ဖြတ်မောင်းသွားတဲ့ သင်္ဘောငယ်တစ်စီး။ ဒုတိယထပ်လေဟာပြင်မှာ ကမ္ဘာအရပ်ရပ်က ကမ္ဘာလှည့်ခရီးသည်တွေ အပြည့်တင်လို့၊ လန်ဒန်မြင်ကွင်းအလှကို သိမ်းမြစ်တွင်းကနေ လိုက်ပြနေတယ်။ သင်္ဘော ပေါ်ပါ ဒီလူတွေက သိမ်းမြစ်နဲ့လန်ဒန်ရဲ့အလှကို ကမ္ဘာနှံ့အောင် သယ်ဆောင်သွားလိမ့်မယ်ဆိုတာ ဘယ်မှာယုံမှား ဖွယ်ရှိဖို့ လိုမှာလဲ။
ကိုယ့်စိတ်ကူးအတွေးထဲမှာက သိမ်းမြစ်ဆိုတာ နှင်းပွင့်လေးတွေ တဖွဲဖွဲကျနေတဲ့ မှုန်ပျပျ ကောင်းကင်အောက်မှာ ပြာ လဲလဲ့ စီးဆင်းနေတဲ့ မြစ်တစ်စင်းပါ။ ခုကိုယ်တွေ့နေတဲ့ သိမ်းမြစ်က ကြည်လင်တဲ့ ကောင်းကင်နဲ့အတူ တောက်ပတဲ့ နေရောင်အောက်မှာ နောက်ကျုကျု စီးမျောနေတဲ့ မြစ်ငယ်တစ်စင်းသာသာ။ သေချာပါတယ်။ ကိုယ်ဟာ ဧရာဝတီကိုပဲ တမ်းတစွာ စွဲစွဲလမ်းလမ်း ချစ်ခင်သူပါ။ သိမ်းမြစ်ကိုဖြတ်လျောက်ပြီး ကမ်းခြေအတိုင်း ဘယ်ဘယ်ကို ကိုက်တရာ လောက်လျောက်လိုက်တော့ လန်ဒန်အိုင်းရဲ့ အခြေကိုရောက်သွားတယ်။ လန်ဒန်အိုင်း ဆိုတာ ဘာလဲလို့ သိချင် မလားပါပဲ။ လန်ဒန်အိုင်း (London Eye) ဆိုတာ-
လန်ဒန်အိုင်း-တဲ့။ သက္ကရာဇ် ၂ဝဝဝ ခုနှစ်၊မတ်လမှာ မီလီနီယံ (ရာစုပြည့်) အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့တာ။ လန်ဒန်အိုင်းက လန်ဒန်ရဲ့ အထိမ်းအမှတ် တစ်ခုဖြစ်လာသလို ခေတ်သစ်ဗြိတိန်နိုင်ငံရဲ့ သင်္ကေတတစ်ခုလည်း ဖြစ်သပေါ့။ အင်ဂျင်နီယာနဲ့ ဗိသုကာပညာရဲ့ အောင်မြင်မှုတစ်ခုလို့လည်း ဂုဏ်ယူစွာ အလေးထားကြပါတယ်။ ခုဆို လန်ဒန်အိုင်းဟာ ခရီး သွားတွေကို အများဆုံးဆွဲဆောင်နိုင်တဲ့ လန်ဒန်ရဲ့ အထင်ကရ နေရာများစွာထဲမှာ တစ်ခုအပါအဝင် ဖြစ်လို့နေပါပြီ။ ထောင်စုနှစ် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့တာကြောင့် The Millennium Wheel (ထောင်စုဘီးကြီး) ရယ်လို့လည်း သိထားကြတဲ့ လန်ဒန်အထိမ်းအမှတ် ခြားရဟတ်ဘီးကြီးကို အဓိက ငွေကြေးပံ့ပိုးခဲ့သူက ဗြိတိသျှလေ ကြောင်း ကုမ္ပဏီပေါ့။ ကမ္ဘာအရပ်ရပ်ကဧည့်သည်တွေ တစ်နှစ်ကို သုံးသန်းခွဲကျော်ကျော် ဒီလန်ဒန်အိုင်းကို အလည် ရောက်ပါတယ်တဲ့။
ရာသီဥတုကြည်လင်တဲ့နေ့တွေမှာဆိုလျင် ၄၄၃ ပေ အမြင့်ရှိတဲ့ လန်ဒန်အိုင်းကြီးရဲ့ အမြင့်ကနေ ကီလိုမီတာ လေးဆယ် (နှစ်ဆယ့်ငါးမိုင်) ခန့်ဝေးတဲ့ ဝင်ဆာရဲတိုက်ကိုပင် မြင်နိုင်တယ်လို့ဆိုပါတယ်။ လန်ဒန်အိုင်းက လန်ဒန်ရှိ အဆောက်အဦအားလုံးနီးပါးထက်မြင့်နေတာမို့ အရပ်မျက်နှားကို မျှော်ငေးလို့ ကြည့်ရှုနိုင်ပါတယ်။ လန်ဒန်အိုင်းရဲ့ ရှည်မျောမျော မှန်အလုံတပ် အခန်းထဲကနေ အနောက်ယွန်းယွန်းဆီ မျှော်ကြည့်လိုက်လျင်ဖြင့် ဘက်ကင်ဟန်နန်း တော်ကို စိမ်းညို့ညို့သစ်ပင်တွေကြားကနေ ထင်ထင်ရှားရှားတွေ့ရမှာပါ။ နန်းတော်ရဲ့ရှေ့မှာလည်း အတန်အသင့် ကျယ်ဝန်းတဲ့ မြေကွက်လပ်တစ်ခု။ နန်းတော်နေ အင်္ဂလန် ဘုရင်မကြီးရဲ့ ပွဲထွက်အခမ်းအနားတွေကျင်းပရာ နေရာ ဖြစ်လေမလား။ မြင်နေရတဲ့ရေကန်ကရော သားတော်သမီးတော်တွေ ရေတော်သုံးရာဖြစ်လေမလား။ ဒါတော့ အေး လွန်းလို့ ဖြစ်နိုင်မယ် မထင်ပါ။ ပြောရလျင်ဖြင့် ဘက်ကင်ဟန်နန်းတော်အကြောင်းကို လေ့လာမထားလို့ များများ စားစား မသိပါဆိုတာပါပဲ။
အနောက်တောင်ယွန်းယွန်း သိမ်းမြစ်တဖက်ကမ်းမှာတော့ ပါလီန်နဲ့ဘစ်ဘင်းနာရီစင်။ အရှေ›မြောက်ဆီမှာတော့ လန် ဒန်ရဲ့ အထင်ကရ တာဝါတံတား (Tower Bridge) ကြီးက ကောင်းကင်ပြာပြာနောက်ခံအောက်မှာ မားမားမတ် မတ်ရပ်လို့။ မြစ်ပြင်တွင်းက သင်္ဘောငယ်လေးတွေဆီကနေ ထွက်ပေါ်လာတဲ့ မီးရောင်လဲ့လဲ့လေးတွေကလည်း ရေပြင် ကျယ်မျက်နှာပေါ်မှာ စိန်ပွင့်လေးတွေ လင်းလက်နေသဏ္ဍာန်။ မျက်စိတဆုံးမြင်နေရတဲ့ သိမ်းမြစ်ပေါ်မှာတော့ တံတား ကြီးငယ်ပေါင်းများစွာက ကန့်လန့်ဖြတ် လဲလျောင်းလို့။
သိမ်းမြစ်ကမ်းတလျောက်မှာလည်း လူအုပ်တွေက ဖွေးဖွေး လှုပ်လှုပ်။ သွားသူသွားလို့ လာသူလာ။ လန်ဒန်အိုင်းခြေရင်းမှာရှိတဲ့ မြက်ခင်းပြင်မှာတော့ လန်ဒန်သူလန်ဒန်သား တွေက လဲလျောင်းလို့တသွယ်၊ ထိုင်နေလျက်တစ်စု၊ သူ့အုပ်စုလေးတွေနဲ့သူ နေစာလှုံနေကြလေရဲ့။ ၇ နာရီ ကျော်လို့ ည ဂ နာရီထိုးလုနီးတာပင် ကောင်းကင်မှာ နေမင်းကြီးက ထွန်းလင်းတောက်ပနေဆဲ။ လန်ဒန်မှာ နေသာချိန် နည်း လေတော့ ကြုံရတဲ့နေသာချိန်လေးကို အမိအရ အသုံးချနေကြဟန်တူရဲ့။ ကိုယ့်အတွက်တော့ နေသာချိန်ထက် မှုံပျပျ ရာသီက သဘာဝအလှကို ပိုမိုခံစားရာမှာ ပိုမိုပီပြင်တယ်လို့ ထင်မိပါရဲ့။ လွမ်တတ်သူမို့လားတော့ မဆိုနိုင်ဘူးပေါ့ နော့။
လန်ဒန်အိုင်းဟာ လန်ဒန်သားတွေအတွက် ဂုဏ်ယူစရာဖြစ်ကောင်းဖြစ်နေမှာပါ။ ကိုယ့်အတွက်တော့ သမိုင်းဝင် ရှေး ဟောင်းအနုပညာတွေ နက်နက်နဲနဲပျော်ဝင်နေတဲ့ လန်ဒန်ရဲ့အလှကြားမှာ ခေတ်မီကိရိယာတွေနဲ့ ခေတ်မီစွာ တည် ဆောက်ထားတဲ့ ဒီလန်ဒန်အိုင်းက လန်ဒန်ရဲ့ မဟာဆန်တဲ့ ဂန္ထဝင်အလှကို ဖျက်ဆီးနေဟန် ခံစားမိတယ်။
ကိုယ်ငယ် ငယ် ပုံဂံကိုလည်ခဲ့စဉ်က နီညိုရောင် ပုဂံရဲ့သမိုင်းအလှကြားမှာ ကြိုးကြားကြား မြင်ရတတ်တဲ့ ထုံးအဖွေးသား စေတီ ပုထိုးအချို့ကိုတွေ့ရတော့ ဆို့နင့်စွာ ကြေကွဲခဲ့ရတဲ့ ရင်နာဒဏ်တွေဟာ ခုထိတိုင် မပြယ်နိုင်နေသေးတာကို ပြန်လည် လို့ အမှတ်ရမိစေပါတယ်။ ဒီလိုဆိုတော့ ကိုယ့်ကို ရာဇဝင်ထဲမှာပဲထားရစ်ရမည့် ရှေးခေတ်ဂူအောင်းလူသားတစ်ဦး ရယ်လို့ မှတ်ချက်ပြုကောင်းပြုလိမ့်မယ်။
တကယ်တော့ ခေတ်မီနည်းပညာတွေနဲ့ သိပ်ပြီးမစိမ်းကားလှသလို ခေတ်သစ်လူမှုအဖွဲ့အစည်းရဲ့ အတွေးအခေါ်အယူအဆတွေနဲ့ အလွန်ကြီး မကင်းဝေးသူတစ်ဦးမို့ ဂူနေလူအတွေးမျိုးနဲ့ ကိုယ်ဒီစကားကိုဆိုတာ မဟုတ်ပါဘူး။ ရာဇဝင်နယ်ပယ်မှာ မော်ဒန်ရောင်ခြယ်သခြင်းဟာ ရာဇဝင်လည်း မပီ၊ မော် ဒန်ဟန်လည်း မကျ၊ စကောစက အသွင်အပြင်မျိုး ဖြစ်တတ်တာမျိုး ခံစားမိတတ်လို့ပါ။ ကိုယ်က သူ့နေရာနဲ့သူ ရာဇဝင်ကိုလည်း ထင်ကျန်စေချင်သူပါ။ လျော်ကန်တဲ့ တော်လှန်မှုမျိုးနဲ့ မော်ဒန်ကိုလည်း ရှင်သန်စေချင်သူပါ။ ဒါ ကိုယ့်အမှား ဟုတ်မယ်မထင်ပါဘူး။
လန်ဒန်ရဲ့သမိုးဝင်အလှတွေကို ကောင်းကင်ကနေ တဝကြီးငုံ့ကြည့်နိုင်တဲ့ လန်ဒန်အိုင်းကဆင်းပြီး သိမ်းမြစ်ကမ်းဘေး တလျောက် ခြေကျင်ခရီးနဲ့ အရှေ့မြောက်ယွန်းယွန်းဆီရှိ တာဝါတံတားကြီးထိအောင် လမ်းလျောက်ခဲ့တယ်။ သိမ်းမြစ် ကို ဖြတ်တိုက်လာတဲ့ လေပြေညင်းဟာ ကိုယ့်ခရီးအတွက် အေးမြတဲ့အတွေ့အထိနဲ့အတူ လှိုက်လှဲနွေးထွေးစွာ ကြို ဆိုခဲ့ပါတယ်။ တကယ်ဆို ဒီချိန်မှာ ကိုယ့်နဲ့အတူ မင်းရှိနေမယ်ဆိုလျင် မင်းလည်းကိုယ့်လိုပဲ ဝမ်းမြောက်မှုနဲ့အတူ ကြည်နူးမှုနဲ့အမျှ အလွန်ချမ်းမြေ့ဖွယ်ကောင်းတဲ့ လန်ဒန်ရဲ့ ဂန္ထဝင်အလှရသကို ပြည့်ပြည့်ဝဝ မျှဝေလို့ ခံစားမိမှာပါ။ တကယ်ပါ။ လန်ဒန်ဟာ အလည်ပျော်တို့အတွက် တကယ်သင့်လျော်တဲ့နေရာတစ်ခု ဖြစ်နိုင်မှာပါ။
မေတ္တာဖြင့် …
အင်္ဂလန်ခရီး မပြီးသေးပါ - ၎
အရှင်ဉာဏိက
ဇူလိုင် ၁၇၊ ၂၀၀၉
လန်ဒန်အိုင်းကနေစခဲ့တဲ့ ဒီခရီး တာဝါတံတားအထိ၊ အဝေးကြီးတော့ မဟုတ်လှပါဘူး။ သို့ပေမယ့် လမ်းတလျှောက် ငေးမောကြည့်ရှုစရာတွေက ဒုနဲ့ဒေး။ လျှောက်ခဲ့တဲ့လမ်းက သိမ်းမြစ်ရဲ့ တောင်ဘက်ကမ်းခြေတလျှောက်။ ဒီလမ်းအတိုင်း လျှောက်သွားခဲ့သူတွေလည်း များခဲ့ပြီ။ ခုလည်း သွားနေဆဲ။ နောင်လည်း သွားနေကြဦးမယ်။ ဦးတည်ရာ ပန်းတိုင်ကိုယ်စီနဲ့။ အလှခံစားသူ၊ ဘဝစံစားသူ၊ အချစ်ရှာသူ၊ အသစ်ရှာသူ၊ အပြစ်ရှာသူ၊ အနှစ်ရှာသူ။ ဒီလမ်းကြောင်းကို South Walk-လို့ ခေါ်ကြတယ်။ သိမ်းမြစ်တောင်ကမ်း လျှောက်လှမ်းခြင်းပေါ့။ တောင်ကမ်း လျှောက်လှမ်းခြင်းဟာ ထောင်နှုတ်ခမ်းလျှောက်လှမ်းရတာ မဟုတ်လို့ ပင်ပန်းပေမယ့် ကြမ်းတော့ကြမ်းမယ် မဟုတ်ပါဘူး။ ဟူး။ ဒါပေမယ့် နည်းနည်းတော့ မောတာအမှန်။
လန်ဒန်အိုင်းကနေ တာဝါတံတားအထိ လမ်းတလျှောက်မှာ လန်ဒန်ရဲ့ထင်ရှားတဲ့ သင်္ကေတတွေကိုလည်း မှတ်သားမိပါတယ်။ တကယ်လို့ ကိုယ့်အတွက် ဥရောပဗီဇာရဖို့ အခွင့်မသာလျှင်ဖြင့် ဒီထင်ရှားတဲ့သင်္ကေတတွေထဲက အချို့ကိုတော့ အသေးစိတ်လေ့လာမိကောင်း လေ့လာနိုင်ဦးမလားပါ။ အနည်းဆုံးတော့ ဒီလမ်းကြောင်းအတိုင်း နောက်တစ်ခေါက် လျှောက်ဖြစ်ဦးမှာတော့ အသေအချာပါပဲ။ မသေချာသေးတဲ့အရာတွေအတွက် အဖြေရှာဖို့ တနေရာမှာ တခဏမျှနဲ့တော့ တိကျတဲ့အဖြေ ရနိုင်မယ် မဟုတ်ပါဘူး။ အပြန်အားဖြင့်ဆိုရလျှင် မသေချာတဲ့အရာတွေနဲ့ တနေရာမှာ အချိန်ကြာစွာ အဖြေရှာမယ်ဆိုလျှင်လည်း သေချာတဲ့အဖြေ ရနိုင်မယ်မဟုတ်ပေဘူးလို့ တွေးမိလိုက်သေးတယ်။
လန်ဒန်အိုင်းအလွန်မှာ မှတ်မိသမျှ ပြောရလျှင် The South Bank Centre၊ ပြီးတော့ Waterloo Bridge နဲ့ Black friars Bridge။ နောက်ပြီး The Tate Modern and the Millennium Bridge၊ ဒီအလွန်မှာတော့ St Paul's Cathedral ပေါ့။ Shakespeare's Globe၊ Southwark Bridge and Cannon Street Railway Bridge၊ Winchester Palace and the Clink Prison၊ Southwark Cathedral and London Bridge၊ Hays Galleria၊ Hays Wharf and HMS Belfast တို့ဟာလည်း ဒီသိမ်းမြစ်တောင်ကမ်း လျှောက်လှမ်းခြင်းခရီးရဲ့ အစိတ်အပိုင်းမို့ မပြောမပြီး ထည့်ပြောရမည့် လန်ဒန်ရဲ့ အထိမ်းအမှတ်များပါပဲ။
အားလုံးမှာ ဆိုင်ရာဆိုင်ရာ စိတ်ဝင်စားဖွယ်ရာတွေ အပြည့်ရှိနေပေမယ့် ခုတော့ ပြောဖို့ အချိန်နည်းနေသေးတယ်။ အဆင်သင့်လျှင်ဖြင့် နောက်များမှာ တစ်ခုချင်းစီရဲ့ အကြောင်းကို ပြောပြပါဦးမယ်။ နားထောင်ချင်တယ်ဆိုလျှင်ပေါ့။ ခုတော့ ကိုယ်လျှောက်နေတဲ့လမ်းအတိုင်း ဆက်သွားရဦးမယ်လေ။ အမှောင်မကျလာမီမှာ တာဝါတံတားကြီးဆီကို အရောက်သွားရဦးမယ် မဟုတ်လား။ ခုလိုနေညိုချမ်းမှာတွေ့ရမယ့် တာဝါတံတားကြီးရဲ့အလှက တမျိုးထူးခြားနေလိမ့်မယ်လို့ မျှော်လင့်ထားတာ။ တွေ့မြင်ဖူးထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုရုပ်ရှင်တွေထဲက တံတားကြီးနဲ့ အပြင်မှာ ကိုယ်တကယ်တွေ့ရတဲ့ တံတားကြီးက ဘယ်လိုများ ကွာခြားနေမလဲ။ နှိုင်းယှဉ်ပြီး ကြည့်ရဦးမယ်။ ဟုတ်တယ်လေ။ တချို့အရာတွေက ပုံထဲနဲ့ ပုံပြင်၊ လက်တွေ့နဲ့ စာတွေ့၊ အနီးနဲ့အဝေး၊ အပုံကြီး ကွဲပြားခြားနားတတ်တာ မဟုတ်လား။ တာဝါတံတားလည်း ဒီအထဲမှာ မပါဝင်နိုင်ဘူးရယ်လို့ ဘယ်လိုပြောနိုင်မလဲ။
လန်ဒန်ရဲ့ အလှတွေကြားမှာ ကိုယ့်စိတ်ကို ယားကျိကျိဖြစ်စေနိုင်ခဲ့တာတချို့ကိုလည်း ပြောချင်ပါသေးတယ်။ လျှောက်လှမ်းခဲ့လမ်းတလျှောက် အမှတ်မထားဘဲ မနေနိုင်လောက်အောင်ဖြစ်မိတာက လမ်းဘေးးမှာ တွေ့ရတတ်တဲ့ စီးကရက်ဆေးလိပ်တိုတွေပါပဲ။ ကိုယ်ကြားဖူးထားတာက အင်္ဂလိပ်တွေဟာ စည်းကမ်းကြီးတယ်တဲ့။ ခုတော့ လမ်းဘေးဝဲယာ နေရာတကာ စီးကရက်တိုတွေ တွေ့နေရတယ်။ လန်ဒန်သားတွေကပဲ စီးကရက်သောက်တာ များလို့လား။ ဒါမှမဟုတ် ကမ္ဘာလှည့်ခရီးသွားတွေကပဲ ဆေးလိပ်အသောက်များလို့လား။ ဘာပဲဖြစ်ဖြစ် ခုလိုစီးကရက်အစီခံတွေ လူစည်ကားရာ လန်ဒန်ရဲ့ အဓိကနေရာတွေမှာ တွေ့ရတာကတော့ လုံးဝ မဆီလျော်လှတာ အမှန်ပါပဲ။
မြစ်ကမ်းတလျှောက် ဘီယာဆိုင်တွေမှာလည်း ဘီယာသောက်နေသူတွေက အပြည့်။ ရုံးဆင်းပြီးချိန်ဖြစ်တာကြောင့် ခုလို ဘီယာသောက်နေသူတွေနဲ့ စည်ကားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမမဟုတ်လည်း ယဉ်ကျေးမှုကပဲ ဘီယာသောက်ခြင်းဟာ ကျင့်ဝတ်တစ်ခုကို လျော့ပါးစေခြင်းလို့ မသတ်မှတ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမူအယာတွေအရတော့ ဘီယာသောက်ခြင်းဆိုတာ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းနဲ့ အတူတူလောက်ပဲ သဘောထားပုံမျိုးပါ။ ပျိုပျို အိုအို ယောက်ျားမိန်းမ အလွှာအစုံစုံ။ ခုံတန်းတွေပေါ်၊ အုတ်အကာအရံတွေပေါ်မှာ ထိုင်သူထိုင်၊ ရပ်သူရပ်၊ လျှောက်သူလျှောက်ကာဖြင့် ဘီယာခွက်တွေ ကိုယ်စီရယ်နဲ့။ ရယ်ရယ်မောမော။ တသောသောပါပဲ။ သိမ်းမြစ်ညနေချမ်း၊ အမောပန်း ဖြေနေကျဟန်ထင့်။ သို့ပေမယ့် အသက်နှစ်ဆယ်ခန့်လောက်အောက် ငယ်ရွယ်သူများကိုတော့ ဘီယာနယ်မှာ မတွေ့ရပါဘူး။ ဒီအတွက်တော့ ကျေနပ်စရာပါ။
နောက်ပြီးလည်း လန်ဒန်သူ လန်ဒန်သားတွေက စနစ်တကျ ဝတ်စားတတ်ကြဟန်တူပါတယ်။ အားလုံးနီးပါးဟာ တကယ့်ကိုမှ သားသားနားနား စနစ်တကျ အဝတ်အစားတွေ ကိုယ်စီကိုယ်စီနဲ့ပါ။ အမေရိကန်မှာတွေ့ရတတ်လေ့ရှိတဲ့ ထသွားထလာ အိမ်နေပုံစံ အဝတ်အစားမျိုးနဲ့သူက မတွေ့ရသလောက်ပါ။ နောက်ပြီး မဆတန်ကဲ အဝလွန်တဲ့သူမျိုးကိုလည်း မတွေ့မိပါဘူး။ အမျိုးသမီးအများစုဟာလည်း သွယ်သွယ်လျလျ၊ ဖျတ်ဖျတ်လတ်လတ်၊ စတိုင်အပြည့် ကိုယ်စီနဲ့။
တာဝါတံတားဟာ ကမ္ဘာမှာ အလွန်ထင်ရှားပေမယ့် လန်ဒန်တံတားရယ်လို့ အမှတ်မှားတာကို မကြာခဏ ခံရလေ့ရှိပါတယ်။ တကယ်တော့ လန်ဒန်တံတားနဲ့ တာဝါတံတားက တခြားစီပါ။ သို့ပေမယ့် တာဝါတံတားက လန်ဒန်မှာ ရှိတာရယ်၊ လန်ဒန်မှာ သူက ပိုထင်ရှားတာရယ်ဆိုတော့ လန်ဒန်တံတားဆိုလျှင်ဖြင့် တာဝါတံတားကိုသာ စိတ်မျက်စိထဲ မြင်ယောင်မိတတ်ပါတယ်။ ကိုယ်တောင် ခုမှ ကွဲကွဲပြားပြား သိရတာပါ။ လန်ဒန်မှာ လန်ဒန်အမည်ကို မခံယူခဲ့ခြင်းဟာ တာဝါအဖို့ လန်ဒန်ရယ်လို့ ခုလိုအမှတ်မှားရန်အကြောင်း ဖြစ်လေသလားလို့ စဉ်းစားမိပါရဲ့။ လန်ဒန်နဲ့ တာဝါတံတားရဲ့ ကျော်ကြားမှု ၂ ခုပေါင်းစပ်ခြင်းက လန်ဒန်တံတားရယ်လို့ မှားယွင်းတဲ့အမှတ်မှားစေမှုကို ဖြစ်စေနိုင်သလားလို့လည်း တွေးမိပါတယ်။ ထင်ရှားခြင်းတွေကြားမှာလည်း မှားယွင်းမှုတွေ ရောယှက်နေတတ်တာ ဆင်ခြင်စရာပဲ မဟုတ်လား။
နေဝင်ဖျိုးဖျ အချိန်ကာလမှာပဲ တာဝါတံတားဆီ ရောက်ပါတယ်။ ရှေးစကားအတိုင်း ရေးသားရလျှင် အနောက်ဂေါယာကျွန်းဆီသို့ နေမင်းကြီးက ငုပ်လျှိုးကွယ်ပျောက်တော့မယ်။ နေရှိန်ကြောင့် ကောင်းကင်ယံမှာလည်း ပုစွန်ဆီသွေး တိမ်ရောင်စဉ်တွေကလည်း ပြေးလို့။ သိမ်းမြစ်ပြင်တွင်းမှာလည်း နေမင်းက တစ်စင်း။ တာဝါတံတားကြီးရဲ့ နေဘက်မြင်ကွင်းကတော့ လင်းလို့။ နေမင်းကွယ်ကာတဲ့ အခြားတဖက်မှာတော့ အမှောင်က ကြီးစိုးလို့ ဝင်ရောင်စ။ လန်ဒန်ရဲ့ ဟိုးဝေးဝေး မှုန်ပျပျအရပ်ဆီမှာတော့ လျှပ်စစ်မီးပွင့်လေးတွေက တလက်လက်နဲ့ ပိုပိုပြီး လင်းလို့လာကြ။ နေရဲ့အလင်းကို အစားထိုးဖို့ တိုးလျှိုးလို့ ပေါ်လာကြပြီ။ အစာဝလို့ အိပ်တန်းကိုယ်စီဝင်ကြမည့် ငှက်လေးတွေလား၊ အစာရှာဖို့ အိပ်တန်းထွက်လာတဲ့ ငှက်လေးတွေလား မသိ။ သိမ်းမြစ်ပြင်ရဲ့ ကောင်းကင်တခွင်မှာ ဟိုဟိုဒီဒီ ပျံဝဲလှုပ်ရှားလို့။ သိမ်းမြစ်ကမ်းစပ်နဲ့ မြစ်လယ်ရေပြင်ကျယ်ပေါ်မှာတော့ သင်္ဘောငယ်လေးတွေကိုယ်စီနဲ့ လန်ဒန်ရဲ့ညအလှကို အပြည့်အဝ ခံစားမည့်သူတို့က စတင်လှုပ်ရှားနေကြပြီ။ ကိုယ့်အဖို့တော့ ဒီအချိန်ဟာ လန်ဒန်မှာ ပထမနေ့ ကုန်ဆုံးချိန်ရဲ့ အစပါပဲ။ အနှစ်နှစ်အလလက တမ်းတခဲ့ရတဲ့ လန်ဒန်နေ့များရဲ့ ခရီးအစဟာဖြင့် လှပစွာပြီးဆုံးတော့မယ်။ လန်ဒန်ရဲ့ ကောင်းကင်ယံ တိမ်ရောင်ပြန် သံစဉ်အလှ သိမ်းမြစ်ပြင်ပေါ် ပြန်အကျမှာ မြင်ရတဲ့ တာဝါတံတားရဲ့ ခန့်ညားမှုနဲ့အပြိုင် လှချင်တိုင်းလှနေတဲ့ လန်ဒန်ရဲ့နေညိုညဟာဖြင့် စာသ လို့ ကုန်နိုင်ဖွယ် မထင်မိတော့ပါဘူး။
တာဝါတံတားကိုဖြတ်၊ လန်ဒန်တာဝါကိုပတ်ကာ လန်ဒန်ဝိဟာရကို ပြန်ဖို့ တာဝါဟေးလ် မြေအောက်ရထားဘူတာဆီသို့ သွားခဲ့တယ်။ လန်ဒန်တာဝါကလည်း ရဲတိုက်ကြီးလား ခန့်ခန့်ထည်ထည်။ သူနဲ့ဆက်စပ်တဲ့ သမိုင်းအချက်အလက်တွေလည်း ပေါကြွယ်သမို့ အချိန်ပေးကာ လာလည်ဖို့ ဦးစားပေးစာရင်းထဲ ထည့်ထားလိုက်တယ်။ တာဝါတွေရယ်။ မကြာမီအချိန်မှာပဲ ပြန်လည်တွေ့ကြမယ်။ ။
ဇွန်လ ၂၊ ၂ဝဝ၉
အင်္ဂလန်ခရီး မပြီးသေးပါ (၅)
အရှင်ဉာဏိက
သြဂုတ် ၁၂၊ ၂၀၀၉
(photo: Angus MacWatt)
ဒီနေ့ ဂရင်းနစ်ကို သွားခဲ့တယ်။ ‘ဂရင်းနစ်’ ဆိုတဲ့ နာမည်က အားလုံးနဲ့ မစိမ်းတဲ့ နာမည်။ လူသားအားလုံးရဲ့ နေ့စဉ်ဘဝ လှုပ်ရှားသွားလာမှု၊ ရှင်သန်နေထိုင်မှုမှာ အချိန်ကာလဆိုတာနဲ့ မကင်းတတ်ကြဘူး မဟုတ်လား။ အလုပ် တက်ချိန်၊ အလုပ်ဆင်းချိန်၊ ဈေးသွားဈေးလာချိန်၊ ကျောင်းတက်ကျောင်းဆင်းချိန်၊ တရားနာချိန်၊ တရားမှတ်ချိန်၊ အိပ်ချိန်၊ နံနက်စာ ညစာစားချိန် စသဖြင့် လူသားတစ်ယောက်ရဲ့ နေ့စဉ်လှုပ်ရှားမှုများကို အချိန် ကာလနဲ့ သတ်မှတ်ကြတယ်။ လူတစ်ယောက်ရဲ့လုပ်အားကိုလည်း အချိန်ကာလနဲ့ တိုင်းတာတတ်ကြတယ်။ ဒီအချိန်ကာလဆိုတာကို သတ်မှတ်မှုမှာ ကျေနပ် နှစ်သက်သည် ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ အများ သဘောတူထားကြတဲ့ စံနှုန်းတစ်ခုရှိတယ်။ အဲဒါကတော့ ‘ဂရင်းနစ် စံတော်ချိန်’ ဆိုတာပေါ့။
အချိန်ဆိုတာအပေါ် သိပ်ပြီးလေးလေးနက်နက်မရှိလှတဲ့ ကိုယ်ကတော့ ဂရင်းနစ် စံတော်ချိန်ရဲ့ သဘောသဘာဝကို ကောင်းကောင်း နားမလည်သလို နားလည်အောင်လည်း ကြိုးစားဖို့ စိတ်မဝင်စားလှပါဘူး။ သို့ပေမယ့် သည်ဂရင်းနစ်ကိုအခြေခံတဲ့ နေ့ညသတ်မှတ်မှုများ၊ အချိန်ကာလ သတ်မှတ်မှုများကတော့ ကိုယ့်ဘဝအပေါ်မှာ တနည်းအားဖြင့်တော့ ပြဋ္ဌာန်းလွှမ်းမိုးနေလေရဲ့။ ဒါကြောင့် လန်ဒန်ကိုရောက်ခိုက် အထင်ကရ နေရာများကို သွားဖို့ဆုံးဖြတ်တော့ သည်ဂရင်းနစ်ဆိုတဲ့ နေရာလေးက ထိပ်ဆုံးက ပါဝင်လာတယ်။ သွားသင့်သွားထိုက်တဲ့ နေရာတွေကို လိုက်ပါပို့ဆောင်ကြတဲ့ လန်ဒန်နေအိမ်ရှင်များရဲ့ ဦးစားပေး စာရင်းထဲမှာလည်း ပါဝင်ခဲ့တယ်။ ဂရင်းနစ်က သမိုင်းဝင်နေရာ တစ်ခုပေကိုး။
ဂရင်းနစ်ဆိုတဲ့ မြို့လေးက လန်ဒန်ရဲ့ အရှေ့တောင်အရပ်ဆီမှာ ရှိပါတယ်။ သိမ်းမြစ်ရဲ့ တောင်ဘက်ကမ်းခြေမှာ တည်ရှိတဲ့ မြို့ငယ်လေး။ ပရိုင်းမီရီဒီယံခေါ်တဲ့ ဇီးရိုး(သုည) လောင်ဂျီကျုမျဉ်းပေါ်မှာ တည်ရှိတဲ့မြို့ပေါ့။ အင်နာနေရှင်နယ် ဒိတ်လိုင်းခေါ် ကမ္ဘာကြီးကို အရှေ့ခြမ်း အနောက်ခြမ်း ခွဲခြား သတ်မှတ်တဲ့ ၁၈ဝ ဒီဂရီ လောင်ဂျီကျု မျဉ်းကြောင်းနဲ့ ဆန့်ကျင်ဘက် အရပ်မှာ ရှိတယ်လို့ ဆိုနိုင်တဲ့ အရပ်မှာပေါ့။ ဂရင်းနစ်မှာ သမိုင်းဝင်ပြီး ဗိသုကာ ပညာရှင်များရဲ့ ဖွဲ့စည်းပုံ ဆန်းပြားတဲ့ အဆောက်အဦများရဲ့ တည်ဆောက်ဟန်များကြောင့် ၁၉၉၇ ခုနှစ်ကစပြီး ကမ္ဘာ့ ကုလသမဂ္ဂရဲ့ ယူနက်စကိုကနေ ဂရင်းနစ်ဒေသကို ကမ္ဘာ့သမိုင်းဝင် နေရာတွေထဲမှာ ထည့်သွင်းခဲ့ပါတယ်။ ဒီတော့ ဂရင်းနစ်ဟာ ခုတော့လည်း ကမ္ဘာ့သမိုင်းဝင် နေရာတစ် ခုအဖြစ် ကမ္ဘာအရပ်ရပ်က ခရီးသွားများရဲ့ တကူးတက လာရောက်ကြည့်ရှုရတဲ့ နေရာတစ်ခု ဖြစ်နေပြီပေါ့။ မှတ်တမ်းပြုမှုမှာ ထူးခြားလှတဲ့ အင်္ဂလိပ်တွေရဲ့ အစွမ်းအစနဲ့ ကိုယ့်နိုင်ငံ ကိုယ့်ဒေသရဲ့ ဂုဏ်ယူဖွယ် ရှေးဟောင်း အလှတွေကို စနစ်တကျ ထိန်းသိမ်းတတ်မှုများရဲ့ အကျိုးဆက်တွေကလည်း ခုလို ဂရင်းနစ် ကမ္ဘာကျော်စေဖို့ အထောက်အပံ့ကောင်းတွေလည်း ဖြစ်မှာပေါ့။
ကိုယ်ကတော့ ဂရင်းနစ်ကို ရောက်ခိုက် ကြံကြံဖန်ဖန် ဆရာတော်ဦးဗုဓ်နဲ့ အမတ်ကြီး ဦးပေါ်ဦးတို့ အကြောင်းကို သွားသတိရမိတယ်။ ဟုတ် မဟုတ်၊ မှန် မမှန်တော့ မသိဘူးပေါ့။ ကိုယ်တို့လူမျိုးက စာနဲ့ပေနဲ့သာ စနစ်တကျ မှတ်တမ်းမတင်တတ်တာ၊ ရှေးလူကြီး ပြောစကားဆိုတဲ့ ပါးစပ်ရာဇဝင်ကတော့ ကြွယ်ဝလှ မဟုတ်လား။ မှန်တာလည်းရှိ၊ မမှန်တာလည်းရှိ။ ဆရာတော်ဦးဗုဓ်က မိန့်ကြားဖူးတယ် တဲ့။ ‘အရှင်မဟာဗုဒ္ဓွဃောသ က အရင်ဖွားလို့ပေါ့ကွာ၊ အရှင်မဟာဗုဒ္ဓဃောသရဲ့ အရင်သာ သူဖွားခဲ့လျှင် အရှင်မဟာဗုဒ္ဓွဃောသရေးတဲ့ အဋ္ဌကထာကျမ်းစာတွေကို သူရေးမှာ’ လို့ မိန့်ဖူးတယ်တဲ့။ အရှင်မဟာဗုဒ္ဓွဃောသ ဆိုတာကတော့ ခုခေတ် ထေရဝါဒပိဋကသမိုင်းမှာ ဗုဒ္ဓွပြီးလျှင် အထင်ရှားဆုံး ဆရာတော်တစ်ပါး။ ရှေးဆရာစဉ်ဆက် စကားအရ ပြောရလျှင် ဗုဓ်စ၊ ဗုဓ်လယ်၊ ဗုဓ်ဆုံး ဆိုပြီး သုံးပါးရှိရာမှာ ဗုဓ်လယ်လို့ ညွှန်းဆိုရတဲ့ မထေရ်မြတ်တစ်ပါး။ ဗုဒ္ဓွဟောကြားတော်မူခဲ့တဲ့ ပါဠိတော်များကို နောင်လာနောက်သားတွေ ပိုမို နားလည်လွယ်အောင် အနက်အဓိပ္ပာယ် ဖွင့်ဆိုချက် ဆိုင်ရာများကို ပါဠိဘာသာနဲ့ ရေးသားခဲ့တဲ့ အရှင်မြတ်တစ်ပါး။ ဗုဓ်ဆုံးလို့ သတ်မှတ်ခံရတဲ့ ဆရာတော်ဦးဗုဓ်ကတော့ ပါဠိတော်များကို နိဿယ (မြန်မာဘာသာ) ပြန်ဆိုရာမှာ အထူးထင်ရှားတဲ့ ဆရာတော်တစ်ပါးပေါ့။
ကုန်းဘောင်ရာဇဝင်ကို ပြောလေတိုင်း ဘကြီးတော် (မှန်နန်းရှင်) မင်းတရားကြီးရဲ့ မိဖုရားခေါင်ကြီး နန်းမတော်မယ်နု အကြောင်းကို ချန်ထားလို့ မရနိုင်ပါဘူး။ တဆက်တည်းမှာပဲ နန်းမတော်မယ်နုနဲ့ ဆရာတော်ဦးဗုဓ်တို့ရဲ့ ဆရာဒကာ ဆက်ဆံရေးကို စံယူဖွယ်အဖြစ် ပြောတတ်ကြတယ်။ ဦးဗုဓ်ကို သတိရမိတာကတော့ ဦးဗုဓ်လိုပဲ ကိုယ်လည်း ‘အင်းပေါ့လေ။ အင်္ဂလိပ်တွေက သူတို့ရဲ့ ဂရင်းနစ်မြို့လေးကို ဗဟိုပြုပြီး တကမ္ဘာလုံးက လက်ခံကြရတဲ့ ဂရင်းနစ်စံတော်ချိန်ကို သတ်မှတ်ခဲ့ကြလို့ပေါ့။ နို့မဟုတ်လို့ ကိုယ်သာ သူတို့ အရင်မွေးလို့ အချိန် သတ်မှတ်ရမယ်ဆိုလျှင် ကိုယ်မွေးဖွားခဲ့တဲ့ ဟိုအဝေး မြန်မာနိုင်ငံ အညာဒေသက ‘ရေဦး’ ဆိုတဲ့ မြို့လေးကို ဗဟိုပြုလို့ ရေဦးစံတော်ချိန်ရယ်လို့ သတ်မှတ်မှာပေါ့’ လို့ တွေးမိလို့ပါ။ မရယ်နဲ့နော်။ ဒါ တကယ် တွေးမိတာကို ပြောတာ။ နောက်ပြီး ကိုယ်က နန်းမတော်မယ်နု နန်းကျပြီး အသတ် ခံရဆဲနီးနီးမှာ ဆရာတော်ထံ ဝင်ရောက်ဖူးမြင်တော့ ဆရာတော်ဦးဗုဓ်ရဲ့ ‘မိနုရယ်၊ ဝဋ်ရှိလျှင်ဖြင့် ခံရမှာပေါ့’ ဆိုတဲ့ စကားတစ်ခွန်း ကြားရရုံမျှနဲ့ ‘မိနုတို့ လူဖြစ်ကျိုး နပ်ပြီ၊ သေပျော်ပါပြီ’ ဆိုပြီး ရဲရဲတောက် ဥဒါန်း ကျူးရင့်ခဲ့တဲ့ မိဖုရားခေါင်ကြီး နန်းမတော်မယ်နုရဲ့ ဇာတိ ရေဦးမြို့နယ်၊ ဖလံခုံရွာသား။ သမိုင်းနဲ့လာတာ။ သမိုင်းတွေ အစဉ်အလာတွေကို တန်ဖိုးထားတတ်ကြတဲ့ အင်္ဂလိပ်တွေကို ကိုယ်လည်း သမိုင်းအစဉ်အလာနဲ့ပါ ဆိုတာကို ပြောရာလည်း ရောက်သွားအောင်ပေါ့လို့ တွေးမိတယ်။ ဒီလိုဆိုတော့ သမိုင်းကို တန်ဖိုးထားတဲ့ အင်္ဂလိပ်တွေက ကိုယ့်ကို ကောင်းချီးများ ပေးလေဦးမလား မသိနိုင်ဘူး။
အမတ်ကြီး ဦးပေါ်ဦးကလည်း ဘိုးတော်ဦးဝိုင်းကို လျှောက်တင်ဖူးတယ်တဲ့။ ဘိုးတော်က ဦးပေါ်ဦးကို ‘ကမ္ဘာကြီးရဲ့ အလယ်ခေါင်တည့်တည့် အရပ်ဟာ ဘယ်မှာလဲ’ ဆိုတော့ နန်းတော်ပေါ်က ဆင်း၊ နန်းတော် လှေကားခြေရင်းမှာ ငုတ်တစ်တိုင် စိုက်ပြီး ‘ဒီငုတ်တိုင်နေရာဟာ ကမ္ဘာ့အလယ် တည့်တည့်ပါ’ လို့ လျှောက်တင်သတဲ့။ ဒီတော့ ဘိုးတော်က ဟုတ်ရဲ့လား ပေါ်ဦးရယ်ဆိုတော့ မယုံလျှင် တိုင်းကြည့်ပါဘုရားလို့ လျှောက်တင်ဖူးသတဲ့။ ခုလည်း ကမ္ဘာကြီးကို အရှေ့အနောက်ခြမ်းရာမှာ ဂရင်းနစ်မျဉ်း နေရာဟာ ကမ္ဘာ့အလယ်ခေါင်တည့်တည့်ပါ ဆိုတော့ အင်္ဂလိပ်တွေ ကမ္ဘာကို စိုးမိုးချိန်က အင်္ဂလိပ်ဘုရင်တွေ အနီးမှာ အမတ်ကြီး ဦးပေါ်ဦးလို မယုံလျှင် တိုင်းကြည့်ပါလို့ ပြောသူများ ရှိနေလို့လားလို့ ဆိုင်သလား မဆိုင်သလားမသိ၊ သွားလို့ဖြင့် တွေးမိလိုက်ပါသေးတယ်။ ခုတော့ ကိုယ်က သူတို့သတ်မှတ်ထားတဲ့ ကမ္ဘာ့အလယ် မျဉ်းကြောင်းပေါ်မှာ တည့်တည့်မတ်မတ် ရပ်လို့။
ကိုယ်ဂရင်းနစ်ကို ရောက်တော့ အချိန်က ညနေ ၅ နာရီ။ ရွိုင်ရယ် အော်ဘဆတရီ ပြတိုက်ကတော့ ပိတ်သွားပြီ။ ဂရင်းနစ်မျဉ်းကြောင်း တည်ရှိရာ အော်ဘဆတရီ တောင်ကုန်းမှာတော့ ကိုယ်တို့လိုပဲ နောက်ကျ လေ့လာသူအချို့နဲ့ စည်ကားနေရဲ့။ ဂရင်းနစ်မျဉ်းပေါ် ရပ်လို့ မှတ်တမ်းတင်သူက တင်၊ မျဉ်းဘေးရေးထားတဲ့ နိုင်ငံစာလုံးတွေထဲမှာ ကိုယ့်နိုင်ငံ ဘယ်ဆီမှာ တည်ရှိလေသလဲလို့ စူးစမ်းသူက စူးစမ်းလို့။ ကမ္ဘာအရပ်ရပ်က လာကြသူတွေဆိုတော့ ရှာဖွေရာ အရပ်တွေလည်း ကွဲပြား ခြားနားပေမပေါ့။ သူများနည်းတူ ကိုယ်လည်းပဲ ကိုယ့်ရဲ့ ရွှေနိုင်ငံ ဘယ်မှာလဲလို့ စူးစမ်းမိပါတယ်။ တွေ့ပါပြီ။ Rangoon ၉၆ံ တဲ့။ ၉၆ ဒီဂရီက ဘာကို ဘယ်လိုညွှန်း ဆိုတာတော့ မသိတာအမှန်ပါ။ ကောလိပ်မှာတုန်းက ဂျင်နရယ်အကျူကေးရှင်းအဖြစ် မသင်ချင့် သင်ချင် သင်ယူခဲ့ရတဲ့ ပထ၀ီဘာသာရပ်ကလည်း ကိုယ့်ခေါင်းထဲမှာ နည်းနည်းလေးမှပင် မထင်ကျန်တော့။ လောင်ဂျီကျုနဲ့ လတ္တီကျုတောင်မှ ကွဲကွဲပြားပြား မမှတ်မိတော့။
ဂရင်းနစ်ကုန်းမြင့်ဆီကနေ အရှေ့မြောက်စူးစူးဆီ လှန်းမျှော် ကြည့်လိုက်တော့ သိမ်းမြစ်ကို လှမ်းလို့မြင်ရတယ်။ နောက်ပြီး အမိုးတစ်ခုတည်းသာရှိတဲ့ အဆောက်အဦများထဲမှာ ကမ္ဘာမှာ အကြီးဆုံးပါလို့ ဂုဏ်ယူကြတဲ့ မီလီနီယံဒုန်း (The Millennium Dome) ခေါ်တဲ့ အဝေးကနေကြည့်လျှင် လိပ်ကျောကုန်းပေါ်မှာ ထိုးထိုးထောင်ထောင် ငါးဆူးတောင်ကြီးတွေ တင်ထားသလို မြင်ရတဲ့ ခေါင်မိုးဝါဝါ အဆောက်အဦကြီးကိုလည်း လှမ်းလို့မြင်နေရတယ်။ သိမ်းမြစ်ကမ်းတလျှောက်မှာတော့ သဘောင်္ကြီးငယ်တွေက အစီအရီ။ တိုက်တာ အဆောက်အဦတွေကလည်း အချို့နိမ့်နိမ့်၊ အချို့မြင့်မြင့်။ မိုးတိမ်ညို့ညို့နောက်ခံမှာ ထင်ရှားစွာ လှမ်းလို့မြင်ရ။ တောင်ခြေရှိ ဂရင်းနစ် ပန်းခြံထဲမှာတော့ သစ်ပင်ပေါင်းစုံတို့က စိမ်းစိမ်းစိုစို၊ စီစီရီရီ၊ ညို့ညို့မှိုင်းမှိုင်း။ ကောင်းကင် တခွင်လုံးလည်း အုံ့ဆိုင်းရီဝေလို့။ အော်ဘဆတရီ တောင်ခြေအနီးမှာတော့ ပင်လယ် ရေကြောင်းဆိုင်ရာ သိကောင်းဖွယ်ရာတွေ ပြသထားတဲ့ National Maritime Museum နဲ့ Queen's House ဘုရင်မအိမ်(နန်းတော် မဟုတ်) အဆောက်အဦကြီးများက ခန့်ခန့်ထည်ထည်။
ရောက်တုံးရောက်ခိုက် မှတ်မှတ်ရရ ဖြစ်စေဖို့ ဂရင်းနစ်မျဉ်းကြောင်းပေါ် အမှတ်တရ ဓာတ်ပုံရိုက်နေခိုက်မှာပဲ မိုးစက်မိုးပေါက်အချို့က ကိုယ့်ခေါင်းပေါ် ကျလာတယ်။ ဒီမိုးစက်မိုးပေါက်တွေကို သူ့ပကတိအတိုင်း ကောက်သိမ်းလို့ရလျှင် ကောက်သိမ်းထားလိုက်ချင်သား။ နောင်မှာ အထူးအဆန်းအဖြစ် ပြသလို့ရအောင်ပေါ့။ ဟုတ်တယ်လေ။ ဒီမိုးစက်တွေလည်း အဆုံးအစမဲ့ မိုးကောင်းကင်ကြီးရဲ့ အလယ်ခေါင် တည့်တည့်က ကျလာတာမဟုတ်ဘူးလို့ရော ဘယ်သူ ပြောနိုင်ပါ့မလဲ နော။ ။
အင်္ဂလန်ခရီး မပြီးသေးပါ - ၆
အရှင်ဉာဏိက
သြဂုတ် ၁၇၊ ၂၀၀၉
ဂရင်းနစ် အနီးရှိ ကတ်တီ ဆာခ် သင်္ဘော (photo: ICE)
ဂရင်းနစ်မျဉ်းရှိတဲ့ ဂရင်းနစ်ရဲ့ အော်ဘ်ဆဗေတရီ တောင်ကုန်းပေါ်က (Observatory Hill) နေ ခြေလျင်ဆင်းခဲ့တယ်။ တောင်ဆင်းလမ်းဘေးမှာ စနစ်တကျစိုက်ပျိုးထားစ သစ်ပင်များကိုတွေ့ရတော့ သူတို့တွေရဲ့ သစ်ပင်သစ်တော ပြုစုစောင့်ရှောက်မှုကို ချီးကျူးလေးစားမိပါတယ်။ သူတို့ဆီမှာ သစ်တစ်ပင် ရှင်သန်ဖို့ ပိုးမွေးသလို မွေးကြရတာ။ သို့ပေမယ့် ဂရင်းနစ်ဥယျာဉ်ထဲမှာတော့ စနစ်တကျ စိုက်ပျိုးထားတဲ့ သစ်ပင်ကြီးငယ်ပေါင်းစုံတို့နဲ့ စိုပြည်စိမ်းလန်းလို့၊ စည်ပင်လှပလို့။ စိမ်းညို့ညို့ သဘာဝတောအုပ်ငယ်တစ်ခုအတွင်း ဝင်ရောက်သွားခဲ့ရသလို။ စိမ်းလန်းကျယ်ပြန့်တဲ့ မျက်ခင်းပြင်ပေါ်မှာ ညီညာတဲ့သစ်ပင်တွေဟာ တုနှိုင်းမဲ့အလှတစ်ပါးကို ဖော်ဆောင်နေသည့်အလားပါ။ စိတ်ကို အေးချမ်းသွားစေလိုက်တာ။ လတ်ဆတ် လန်းဆန်းသွားစေလိုက်တာ။ ခေတ်မီဆန်းပြားတဲ့ နည်းပညာတွေအကူအညီနဲ့ ဘယ်လောက် အံ့သြဖွယ်အရာတွေကို ဖန်တီးပြမှုမျိုးကို တွေ့ရသည်ဖြစ်ပါစေ၊ တကယ့်ငြိမ်းချမ်းမှုကို ပေးစွမ်းရာမှာတော့ သဘာဝသစ်ပင်ပန်းမာလ်တို့ရဲ့ စွမ်းအားကို ဘယ်လိုမှ မမီနိုင်ပါလားလို့လည်း ခံစားနားလည်လိုက်မိတယ်။
ခက်ခက်ခဲခဲ ပြုစုပျိုးထောင်နေစရာ မလိုဘဲ လွယ်လင့်တကူ စိုက်ပျိုးနိုင်၊ ရှင်သန်ကြီးထွားနိုင်တဲ့ ရေမြေသဘာဝ သြဇာအလှတွေနဲ့ ပြည့်ဝလှတဲ့ ကိုယ့်ပြည်ကိုယ့်ရွာမှာလည်း ခုလို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဥယျာဉ်မျိုးတွေကို တိုင်းနဲ့ပြည်နယ်၊ မြို့ရွာအနှံ့ နေရာတကာ တွေ့ချင်လိုစိတ် ယိုဖိတ်ကာ ဖြစ်မိသား။ သို့ပေမယ့် ကိုယ့်ဆန္ဒတွေက စိတ်ကူးအိပ်မက်ထဲမှာသာ ရှိနေဆဲပါ။ ကိုယ့်ဆီမှာ ခုလိုပဲ စိမ်းလန်းစိုပြည်စွာ လှပနေတဲ့ဥယျာဉ်မျိုးက မရှိသလောက်ရှားသား။ မှတ်မှတ်သားသားဆိုရလျှင်ဖြင့် ကိုယ့်ပြည်ကိုယ့်ရွာက ခုလိုဥယျာဉ်မျိုးထဲကို တခါမှတော့ အပန်းဖြေ လမ်းလျှောက်ခဲ့ရတာမျိုး မရှိခဲ့ဖူးတာ အမှန်ပါ။ ဂရင်းနစ်ဥယျာဉ်တွင်းမှာတော့ ငြိမ်းအေးသက်သာစွာ အနားယူအပန်းဖြေနေသူတွေ၊ ကျန်းမာရေးအတွက် လမ်းလျှောက်နေသူ၊ ပြေးလွှားကစားနေသူတွေကို ဟိုနားဒီနား မြင်နေရတယ်။ အိုး .. မိတ်ဆွေတို့ရေ။ စိတ်အပန်းလည်း ကင်းပါစေ၊ ရုပ်အနွမ်းလေး ရှင်းပါစေ။
ဂရင်းနစ်ဥယျာဉ်ကိုဖြတ်ပြီး The National Maritime Museum ဘက်ကို သွားခဲ့တယ်။ ပြတိုက်က ပိတ်နေပြီ။ အချိန်က နှောင်းနေပြီကိုး။ ပြတိုက်အနီးမှာရှိ ကင်းဝီလျံလမ်းပေါ်ကနေ The Old Royal Naval College ဘေးက ပတ်လို့ (Cutty Sark) ကတ်တီ ဆာခ်ကို ရောက်ခဲ့တယ်။ ကတ်တီဆာခ်ကလည်း ဂရင်းနစ်ရဲ့ ထင်ရှားတဲ့နေရာတစ်ခု။ ၁ဂ၆၉ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ကုန်သည်သင်္ဘောတစ်စင်း။ တရုတ်လက်ဖက်ခြောက် ကုန်သွယ်လမ်းကြောင်းမှာ ပြေးဆွဲခဲ့တယ်လို့ဆိုတယ်။ နောက်ပိုင်းမှာ အပြိုင်သင်္ဘော အဖြစ်လည်း အသုံးပြုခဲ့ပါတယ်တဲ့။ ကတ်တီဆာခ်မှာက အခြားသောသမိုင်းကြောင်းတွေနဲ့လည်း ပြည့်လျက်ပါ။ သူ့ခေတ်သူ့ခါက ဆိုလျှင်ဖြင့် အမြန်ဆုံးသင်္ဘောဖြစ်ပါတယ် တဲ့။ ၁၉ ရာစုခေတ်မှာ တည်ဆောက်ခဲ့တဲ့ သင်္ဘောတွေထဲမှာ တစ်စင်းတည်းသာ ကျန်တော့တဲ့သင်္ဘောလို့လည်း ဆိုပါတယ်။ သမိုင်းတန်ဖိုးကြီးမားတဲ့ ရတနာတစ်ခုပေါ့။ ကံဆိုးလှစွာပဲ၊ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နေတဲ့ကြားကပဲ ၂ဝဝ၇ ခုနှစ် မေလ ၂၁ ရက်နေ့မှာ ကတ်တီဆာက်ဟာ မီးဘေးသင့်ခဲ့ရပါတယ်။
သစ်သားနဲ့ပြုလုပ်ထားတဲ့ အပိုင်းတော်တော်များများကတော့ မီးသင့်ရာမှာပါသွားတယ်လို့ ယူဆရပါတယ်။ မူလ ပြင်ဆင်နေဆဲအပေါ်မှာ မီးသင့်မှုကြောင့် အပိုကုန်ကျမှု ပေါင် ၅ သန်းကနေ ၁ဝ သန်းအထိ စရိတ်ပါ ထပ်ပေါင်းမယ်ဆိုလျှင်ဖြင့် ပေါင်သန်း ၃၅ ကနေ သန်း ၄ဝ အထိ ကုန်ကျမယ်လို့ ခန့်မှန်းပါတယ်တဲ့။ ခုတော့ ပြန်လည်ပြုပြင်နေဆဲမို့ ၁၉ ရာစုခေတ်ကျန် သမီးပျို ကတ်တီဆာက်ကို မမြင်တွေ့နိုင်ခဲ့ပါဘူး။ အမိုးအကာအောက်မှာ သူမရဲ့ဒဏ်ရာဒဏ်ချက်တွေကို ကုစားရင်း အနားယူနေလေရှာရဲ့။ ရှေးဟောင်း သင်္ဘောအိုငယ်တစ်စင်းအတွက် ခုလိုမီလျံ သန်းပေါင်းများစွာ အကုန်ကျခံကာ ပြန်လည်ပြင်ဆင်နေခြင်းဟာ သမိုင်းတန်ဖိုးနဲ့ အင်္ဂလိပ်ဂုဏ်သိက္ခာအတွက်ပဲ ဖြစ်မှာပါလို့ ဖြည့်ဆည်းပြီး တွေးထင်မိပါတယ်။ သမိုင်းဆိုတာ ဖျောက်ဖျက်ကောင်းတဲ့အရာမျိုးမှ မဟုတ်တာ။ ချစ်ခြင်း မုန်းခြင်း တရားတွေနဲ့ လိုသလို လှည့်စားပြောင်းလွှဲလို့ သင့်တော်တာမျိုးမှ မဟုတ်တာ။ သမိုင်းကိုတန်ဖိုးထားကာ ထိန်းသိမ်းတတ်ခြင်းဟာ အင်္ဂလိပ်တွေရဲ့ ချစ်စရာကောင်းတဲ့ အလေ့အလာတစ်ခုပါ။ ဒါမျိုးဆိုတာ အတုယူလေးစားစရာလည်းဖြစ်ပါတယ်။
ငယ်စဉ်က ကမ္ဘာ့သမိုင်းကိုသင်ယူခဲ့ရရာမှာ ဘာဖြစ်လို့ ခုလိုကောင်းမွန်တဲ့ အမူအကျင့်တွေကို သင်ယူခွင့် မရနိုင်ခဲ့တာလဲလို့လည်း စဉ်းစားမိပါသေးတယ်။ မကောင်းတာတွေကို ထောက်ပြဝေဖန်တတ်တဲ့ ကိုယ်တို့အနေနဲ့ ကောင်းတာတွေကို ဖော်ထုတ်ချီးကျူးမှုဘက်မှာ အလွန်ပဲအားနည်းနေသလားလို့လဲ တဆက်တည်း တွေးမိပါသေးတယ်။ အလေ့အကျင့်ကောင်းတွေဆိုတာက တဖြည်းဖြည်းပျိုးထောင်ပေးမှ ရှင်သန်ဖွံ့ထွားတတ်တာမျိုးပါ။ တကယ်တော့ ကိုယ်တို့ဆီမှာလည်း သက်ရှိသက်မဲ့ ဂုဏ်ပြုမှတ်တမ်းတင်ဖွယ်တွေ၊ မြတ်နိုးတန်ဖိုးထားကာ ထိန်းသိမ်းစောင့်ရှောက်ရမယ့် အရာတွေတော့ အများသားပါ။ သို့ပေမယ့် ကိုယ်တို့က ဒီဘက်မှာ သိသိသာသာပဲ အားနည်းလွန်းလှပါတယ်။ ရှေးကျလွန်းလို့ မှတ်တမ်းမရှိတဲ့အရာတွေအတွက် ပညာရှင်တွေက Prehistory လို့ ရေးထိုးကြတယ်။ တစ်နည်းဆိုရလျှင် မယဉ်ကျေးသေးတဲ့ခေတ်အခါလို့ ဆိုလိုရာလည်း ရောက်ပါတယ်။ ဒီတော့ မှတ်တမ်းတင်ရမည့်အရာကို မှတ်တမ်းပြုဖို့ ပျက်ကွက်နေသေးတဲ့ ကိုယ်တို့လူမျိုးတွေက Prehistory လူသားတွေများ ဖြစ်နေပြီလား။ သမိုင်းကို မလေးစားတတ်တဲ့ လူမျိုးဟာ ပစ္စုပ္ပန်ကို ဖန်တီးတည်ဆောက်ရာမှာ သိပ်ပြီးခွန်အားပြည့်လှမယ် မဟုတ်ဘူးရယ်လို့ ကိုယ်ကတော့ လေးနက်စွာပဲ ယုံကြည်နေမိတယ်။ ဒါဟာ ကိုယ့်ရဲ့ ကျဉ်းမြောင်းလှတဲ့ အတွေ့အကြုံကိုသာ အခြေခံတဲ့ ကောက်ချက်ပြုမှုလည်းပဲ ဖြစ်နိုင်ပါတယ်။ ဒါကို သင့်အနေနဲ့ လွတ်လပ်စွာ သဘောမတူနိုင်ခွင့်လည်း ရှိပါတယ်။
ကတ်တီဆာက်ဘေးမှာရှိတဲ့ ရင်ပြင်ကျယ်ပေါ်က ထိုင်ခုံလေးတွေပေါ်မှာ ခဏအနားယူကာ ထိုင်ခဲ့တယ်။ ရင်ပြင်ပေါ်နဲ့ ရင်ပြင်ဘေးတွေမှာတော့ ပင်လယ်ရေကြောင်းဆိုင်ရာ အထိမ်းအမှတ်သင်္ကေတ ရုပ်တုများကို ထုလုပ်ပြသထားလို့။ ဒီနေရာရပ်ဝန်းလေးဟာ နှစ်ပေါင်းကြာရှည်ကတည်းက တည်ရှိနေတဲ့နေရာလေးလို့ မပြောဘဲ သိသာနိုင်လောက်တဲ့ အနေအထားမျိုး ဖန်တီးထားသလိုထင်ရတယ်။ တကယ်တော့ ဒါတွေဟာ တကယ့်ကိုမှ နှစ်ပေါင်းကြာရှည်နေခဲ့တဲ့ အရာများသာ ဖြစ်တယ်။ နွမ်းညစ်ညစ် သစ်သားရင်ပြင်လေးပေါ်က ဆင်းလို့ ခရီးဆက်ဖို့ ဂရင်းနစ်မြို့လယ်ဆီကို ဦးတည်ခဲ့တယ်။
လမ်းပေါ်ကနေ စိန့်အဲလဖဲ့ဂ်ျ ဘုရားရှိခိုးကျောင်းကြီးကို နောက်ခံထားလို့ မှတ်တမ်းဓာတ်ပုံ ရိုက်ဖြစ်တယ်။ ခပ်ကျဉ်းကျဉ်းလမ်းကြားကနေ မြင်ရတဲ့မြင်ကွင်းမို့ ဘုရားရှိခိုးကျောင်းကြီးရဲ့ ကြီးမားတဲ့ ဘေးမြင်ကွင်းများကတော့ ဓာတ်ပုံထဲမှာ မပါဝင်နိုင်ဘူးပေါ့။ သို့ပေမယ့် လမ်းကျဉ်းကျဉ်းလေးထဲမှာ ပြေးသွားနေတဲ့ နှစ်ထပ်ဘတ်စ်ကားကြီးရယ်။ လမ်းထောင့်မှာရှိနေတဲ့ ဗြိတိန်ရဲ့ရှေးအကျဆုံး၊ နှစ်ပေါင်းအကြာရှည်ဆုံး ဘရောဝါးအဆောက်အဦကြီးကို နောက်ခံထားလို့ပေါ့။
အမှောင်ကျဖို့ တစစနီးလာတဲ့အချိန်။ ကောင်းကင်မှာလည်း ညိုမှောင်မှောင်တိမ်စတို့က မိုးစက်ပွင့်အလှတွေကို သွန်းချဖို့ တာစူနေသည့်အလား။ အုပ်ဆိုင်းကာ ဝိုင်းလို့လာလေပြီ။ သိမ်းမြစ်ကမ်းဘေး လမ်းလျှောက်သူတို့အတွက် စနစ်တကျဖောက်လုပ်ထားတဲ့ လမ်းလေးပေါ်မှာလည်း တစ်ယောက်စ နှစ်ယောက်စသာလျှင် တွေ့ရတော့တယ်။ သိမ်းမြစ်ပြင်ကနေ ဖြတ်တိုက်လာတဲ့ အေးမြမြလေပြည်လေးက မကြာမီ ကျရောက်လာတော့မယ့် မိုးသက်နံ့လေးတွေကို သယ်ဆောင်လို့ ရာဇဝင်ထဲက ပင်လယ်ဆိပ်ကမ်းငယ်တစ်ခုရဲ့ နေဝင်စအလှကို ကန့်လန့်ကာချဖို့ သက်ဝင်လှုပ်ရှားစ ညကို နိုးထစေခဲ့ပြီ။
တပြိုင်တည်းမှာပဲ အမှောင်ထုကိုဖြိုခွင်းဖို့ ဗစ်တိုးရီးယားခေတ်နွယ် ဓာတ်မီးတိုင်ဟောင်းများဆီကနေ ဝါကျင်ကျင် မီးရောင်စလေးတွေကလည်း လင်းလက်တောက်ပလာပြီပေါ့။ အနက်ရောင်အင်္ကျီရှည်ကြီးကိုဝတ်လို့ ခေါင်းမှာလည်း ၁၈ ရာစု ပင်လယ်ဓားပြ ဦးထုပ်ကြီးတစ်လုံးကိုဆောင်းကာ မျက်နှာတပြင်လုံး အမွေးတွေ ဖုံးအုပ်နေတဲ့ မုတ်ဆိတ်ရှည်ရှည် ကလန်ကလား အင်္ဂလိပ်အဘိုးအိုကြီးတစ်ယောက်က သူ့လိုပဲ ရုပ်ဆိုးဆိုးခွေးအိုကြီးတစ်ကောင်ကို လက်မှာဆွဲလို့ အမှောင်ကမ္ဘာထဲကနေ ရုတ်တရက်ပေါ်လာပြီး ကိုယ့်အနားကနေ ဖြတ်သွားလေရဲ့။ လူသူကင်းစ ဒီဆိပ်ကမ်းငယ်မှာ ဒီလူကြီးဘယ်ဆီကိုများ သွားနေတာပါလိမ့်။ ရာဇဝင်ထဲက တံငါရွာတစ်ခုဆီသို့များလား။
အမှောင်ရိပ်အောက်မှာ တဖြည်းဖြည်းကွယ်ပျောက်တော့မယ့် ဂရင်းနစ်မြို့လေးရဲ့အလှကို နှမြောတသစွာ ငေးရင်း ကိုယ်လာရာလမ်းဆီကို ပြန်ဖို့ ခြေလှမ်းစခဲ့တယ်။ ကိုယ့်ရင်တွင်းမြစ်ငယ်ပြင်မှာတော့ မကြာမီအချိန်ပိုင်းလေးများအတွင်းဆီကမှ တွေ့ခဲ့ရတဲ့ ဂရင်းနစ်ရဲ့ စွဲမက်ဖွယ်အလှ လှေငယ်လေးတွေက လှုပ်ရှားကာ ကူးခတ်နေဆဲ။ ဂရင်းနစ်ဆိုတာ ဘာလဲလို့ စကားတစ်ခွန်းနဲ့ပြောရလျှင်တော့ ဂရင်းနစ်ဆိုတာ ‘ကိုယ့်ကို ရှေးဟောင်းဒေသတစ်ခုကို တိတ်ဆိတ်စွာ ခေါ်ဆောင်သွားနိုင်ခဲ့တဲ့ ရာဇဝင်ပုံပြင်ဟောင်းထဲက မျက်လှည့်ဆရာတစ်ဦးရဲ့ ရွာငယ်လေးဖြစ်ပါတယ်’ ဆိုတဲ့ စကားပဲ ဖြစ်မှာပါ။
ဂရင်းနစ်က အပြန်လမ်းမှာတော့ လမ်းဘေးရှိ မီလီနီယံဒုန်း (The O2) အဆောက်အဦကြီးဆီကို ခဏဝင်ရောက် ကြည့်ရှုဖို့ ကားကိုဒုန်းဘက် ဦးတည်ခဲ့တယ်။ ဒီဒုန်းကြီးကလည်း အင်္ဂလန်ခေတ်သစ်သမိုင်းမှာ ငြင်းခုံစရာများစွာနဲ့ တည်ဆောက်ခဲ့ရတဲ့ အဆောက်အဦတစ်ခု။ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်လာစေဖို့ ရည်ရွယ်ခဲ့ပေမယ့် မျှော်လင့်သလို မဖြစ်ခဲ့တာကြောင့် ငွေကြေးအခက်အခဲတွေနဲ့ ကြုံခဲ့တယ်လို့လည်း မှတ်သားရ။ ဂရင်းနစ်ရဲ့ သမိုင်းဝင်နယ်မြေမှာ ခေတ်သစ်ဗိသုကာလက်ရာတစ်ခုအဖြစ် မှတ်တမ်းတင်ရမည့် အဆောက်အဦးတစ်ခုဆိုတာ အဝေးကနေ မြင်ရုံနဲ့ သတိပြုမိလောက်တဲ့အရာပါ။ နောင်နှစ်ပေါင်းကြာလာတဲ့အခါမှာ သူလည်း အိမ်နီးနားချင်း သူငယ်ချင်းတွေလို ဂန္ထဝင် ဝင်လာဦးလေမလား။ သေချာတာကတော့ ၂ဝ၁၂ မှာပြုလုပ်မယ့် လန်ဒန်အိုလံပစ်ပွဲတော် ကျင်းပရာဒေသရဲ့ အစိတ်အပိုင်းတစ်ခုမို့ မီလီနီယံဒုန်းကြီးဟာ ကမ္ဘာသူကမ္ဘာသားများရဲ့ မြင်ကွင်းမှာ ထင်ရှားတဲ့ အမှတ်အသားတစ်ခုအနေ ပေါ်လာဦးမှာ မလွဲပါဘူး။
ဒုန်းကြီးရဲ့ဂိတ်ဝအထိရောက်ခဲ့ပေမယ့် ကားပတ်ကင်အတွင်း ဝင်ရောက်ခွင့် မရခဲ့။ ဒီညမှာ အမေရိကက ပေါ့ပ်အဆိုတော် ဘရစ်တနီစပီးယားရဲ့ ရှိုးရှိတဲ့အတွက် ကားပါကင်တွေကို ပိတ်ထားတာပါတဲ့။ ဒီလိုဆိုတော့ ဂရင်းနစ်ဆိုတဲ့ ဂန္ထဝင်ဒေသမှာ ဒီညအဖို့ မော်ဒန်အလှတွေနဲ့ ပြည့်လျှမ်းလို့ နေဦးမှာပေါ့။ ခေတ်ဟောင်းခေတ်သစ် မတူမှုနှစ်ခု ပေါင်းစပ်ထားတဲ့ လန်ဒန်ညက ဘယ်လိုပုံစံများ ဖြစ်လေမလဲ။ အင်း ... အတွေ့အကြုံကို အခြေခံလို့ စဉ်းစားဖို့ဆိုတာကလဲ ဒါမျိုးက ကိုယ့်ဘဝအခြေအနေနဲ့ဆို အလွန့်အလွန်မှ အလှန်းကွာဝေးလွန်းလှတဲ့ အရာမျိုးမို့ အမှန်ရဖို့ ဘယ်လိုမှ နီးစပ်နိုင်မယ် မဟုတ်ပေဘူးကလား။ ကဲ .. လာ .. ဒီမှာခဏ နားကြမယ်လေ။ ။
အရှင်ဉာဏိက
ဇွန်လ ၃ ရက်၊ ၂ဝဝ၉