Thursday, February 4, 2010

ပတ္တရားကမ်းခြေ (ကျော်ကျော် - မိုးမခ ခရီးသွားဆောင်းပါး)


ပတ္တရားကမ်းခြေ (Pattaya beach)
ကျော်ကျော်
နိုဝင်ဘာ ၂၄၊ ၂ဝဝ၉
ဘန်ကောက်မြို့ထဲမှာ မြဘုရားနန်းတော်၊ ချောင်ဘုရားမြစ်၊ ရှော့ပင်းစင်တာများ၊ စူကွန်ဗစ် ၄ လမ်းက Nana Plaza၊ ပတ်ဖုန်းလမ်း(Patpong)၊ တရုတ်တန်း၊ စနေ တနင်္ဂနွေနေ့မှာသာဖွင့်တဲ့ Chatuchak ဈေး၊ ဘိုဘေးလက်ကားဈေး (Bo Bae market)၊ လေးမျက်နှာဘုရား (Erawan Shrine)၊ ရေပေါ်ဈေး စတာတွေ ရောက်ဖူးပြီးရင် တော်တော်စုံပါပြီ။ ဘန်ကောက်အနီးအနား တနေရာရာ သွားချင်တော့ ကျနော်တို့က ပတ္တရား ပင်လယ်ကမ်းခြေ (Pattaya) ကို ရွေးခဲ့ပါတယ်။
Mo Chit ဘတ်စ်ကားဂိတ်မှာ ထိုင်းနိုင်ငံအတွင်း မြို့အများအပြားကို ပြေးတဲ့ လိုင်းတွေ ရှိပါတယ်။ အဲဒီမှာ ပတ္တရားမြို့ကို ရောက်တဲ့ ဘတ်စ်ကားလိုင်းလည်း ရှိပါတယ်။ ကိုယ့်ဘာသာ အေးအေးဆေးဆေး သွားချင်ရင်၊ ကလေးတွေ မိသားစုနဲ့ ဆိုရင်တော့ ကိုယ်ပိုင်ကားတစီး ငှားပြီးသွားတာ ပိုကောင်းပါတယ်။
ဘန်ကောက်မြို့တွင်းဆိုရင် တရက်ကားငှားခ (ဆီဖိုးအပါအ၀င်) ဘတ် ၁၅၀၀ နဲ့ ပတ္တရားမြို့ကို ဘတ် ၃၀၀၀ တောင်းပါတယ်။ မြန်မာမိသားစုတွေအတွက် စီးလုံး ကားငှားတာကို စီစဉ်ပေးတဲ့ မြန်မာအမျိုးသား ကိုဝင်းလွင်(phone – 0863022672) နဲ့ သိခွင့် ရခဲ့ပါတယ်။ သူတို့အဖွဲ့ လေးငါးယောက်နဲ့ ကားအငှားလိုက်တဲ့ ၀န်ဆောင်မှုကို လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။ ကျနော်တို့သွားချင်တဲ့ရက်မှာ ကိုဝင်းလွင် မအားဘူးဖြစ်နေတော့ သူ့မိတ်ဆွေနောက်တဦးနဲ့ ဆက်သွယ်ပေးခဲ့တယ်။ Tim လို့ခေါ်တဲ့ ထိုင်းလူမျိုးတဦးရဲ့ ဗင်ကားနဲ့ ပတ္တရားကို သွားခဲ့ပါတယ်။ နေရာဒေသ ကျွမ်းကျင်ပြီး ကိုယ်သွားချင်တဲ့နေရာတွေကို စိတ်ကြိုက် စီစဉ်ပေးပါတယ်။
ဘန်ကောက်ကနေ ၃ နာရီလောက်မောင်းရတဲ့ ပတ္တရားမြို့ကို မရောက်ခင်စပ်ကြားမှာ ကျား၊ ဆင်၊ မိချောင်းပြပွဲတွေရှိတဲ့ Sriracha Tiger Zoo ရှိပါတယ်။ မရောက်ဘူးရင်တော့ ခလေးတွေ လူကြီးတွေအတွက်ပါ နှစ်သက်မယ့် နေရာလေးဖြစ်ပါတယ်။ အံ့သြစရာကောင်းလောက်အောင် ကျား၊ မိချောင်း အရေအတွက် များစွာ ရှိပြီး ပြပွဲတွေက ကြည့်လို့ကောင်းပါတယ်။
Tiger Zoo ကနေ နောက်ထပ် နာရီဝက်လောက်မောင်းရင်တော့ ပတ္တရားမြို့ကို ရောက်ပါပြီ။ ဟော်တယ်တော်တော်များများ လမ်းလျှောက်ရင် ပင်လယ်ကမ်းခြေကို ရောက်နိုင်တဲ့ အကွာအဝေးမှာ ရှိကြပါတယ်။ ညနေခင်း ၃ ၄ နာရီလောက်ဆိုရင် ကမ်းနားလမ်းတလျှောက် ပလက်ဖောင်းဘေး ဈေးဆိုင်တန်းတွေ စတင်ရောင်းချနေပါပြီ။ ပင်လယ်ကမ်းခြေမှာလည်း ရောင်စုံထီးအမိုး များစွာနဲ့ ပက်လက်ကုလားထိုင်ခုံတွေ မျက်စိတဆုံး တွေ့ရပါတယ်။ ထိုင်ခုံတလုံးကို ဘတ် ၃၀ ပေးပြီး ထိုင်ရပါတယ်။ ကမ်းခြေမှာ jet ski စီးတာ၊ parasailing (ကိုယ်ပေါ်လေထီးတပ်ပြီး သင်္ဘောနဲ့ဆွဲတာ) စတာတွေ ရှိပါတယ်။
ပတ္တရားရဲ့ညဖက်မှာဆိုရင်တော့ နာမည်ကျော် အခြောက် (ထိုင်းကခေါ်တာ ladyboy) ကပွဲကို မလွတ်တမ်း ကြည့်သင့်ပါတယ်။ Tiffany Show နဲ့ Alcazar show ၂ ခုရှိပြီး Alcazar က ပိုပြီး ကြည့်လို့ကောင်းတယ်လို့ ပြောပါတယ်။ သူတို့ရဲ့ ကပြဖျော်ဖြေမှု အစီအစဉ်တွေက အလွန်ပဲကောင်းပါတယ်။
ပတ္တရားမှာ ပင်လယ်ရေဆင်းဆော့၊ အုန်းရည်သောက်၊ ကမ်းခြေတလျှောက်လမ်းလျှောက်၊ ခြေထောက် massage လုပ်၊ ladyboy show ကြည့်ပြီးရင်တော့ ပတ္တရားမြို့ အနားတ၀ိုက်မှာ လည်ပတ်စရာတချို့ ရှိပါသေးတယ်။ လက်ဆောင်လေးတွေ၊ အမှတ်တရပစ္စည်းလေးတွေ ၀ယ်ချင်တယ်ဆိုရင် Pattaya Floating Market ဆိုတာ ရှိပါတယ်။ အဲဒီ ရေပေါ်ဈေးက ဘန်ကောက်က ရေပေါ်ဈေးနဲ့ မတူဘဲ ရေပေါ်မှာ ဟိုနားဒီနား ဆောက်ထားတဲ့ ဆိုင်တွေအားလုံးကို ပျဉ်ခင်းလမ်းလေးတွေနဲ့ ဆက်ထားပေးပါတယ်။ ချစ်စရာကောင်းတဲ့ ရေပေါ်ဈေးလေး ဖြစ်ပါတယ်။
တရုတ်ပြည်ရာဇ၀င်နဲ့ ဗုဒ္ဓရုပ်ထုများပြထားတဲ့ Wihan Sian ပြတိုက်လည်း လည်ပတ်သင့်တဲ့ နေရာတခုဖြစ်ပါတယ်။ အဲဒီပြတိုက်ကို ထိုင်းဘုရင်မွေးနေ့ ၆၀နှစ် အထိမ်းအမှတ်အဖြစ် ၁၉၈၇ ခုနှစ်မှာ ထိုင်း-တရုတ်လူမျိုးအဖွဲ့အစည်းက တည်ဆောက်ခဲ့ပြီး ပန်းပုရုပ်ထုအများအပြားနဲ့ ရာဇ၀င်ကို ဖော်ပြထားပါတယ်။ တရုတ်ရုပ်ထုပြတိုက်ရဲ့ အနီးအနား Khao Chichan တောင်ပေါ်မှာ ထွင်းထားတဲ့ အမြင့် ၁၃၀ မီတာ ရှိပြီး အကျယ် မီတာ ၇၀ ရှိတဲ့ ဗုဒ္ဓရုပ်ထုဟာလည်း ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ နေရာတခု ဖြစ်ပါတယ်။
အချိန်ယူပြီးလည်ပတ်ဖို့ကောင်းတဲ့ နာမည်ကြီးနေရာကတော့ Nong Nooch ရုက္ခဗေဒဥယျာဉ် ဖြစ်ပါတယ်။ ဧက ၆၀၀ လောက်ကျယ်ဝန်းတဲ့ ဥယျာဉ်ထဲမှာ အလွန်လှပတဲ့ ပန်းပေါင်းမျိုးစုံအပြင် ထိုင်းရိုးရာကပွဲရုံ၊ တိရိစ္ဆာန်ရုံ၊ စားသောက်ဆိုင် ၂ ဆိုင်၊ ဟော်တယ်တခုလည်း ရှိပါတယ်။ ၁၉၅၄ ခုနှစ်မှာ Nong Nooch လို့ခေါ်တဲ့ ထိုင်းအမျိုးသမီးဟာ အဲဒီမြေကွက်ကြီးကို မူလက သစ်သီးခြံစိုက်ပျိုးဖို့ ရည်ရွယ်ပြီး ၀ယ်ယူခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့ ဥရောပခရီးမှာ မြင်တွေ့ခဲ့ရတဲ့ လှပကြီးကျယ်တဲ့ ဥယျာဉ်ခြံတွေကို အားကျအတုယူပြီး မြေကွက်ကို ဥယျာဉ်ပန်းခြံအဖြစ် ပြောင်းလဲခဲ့ပြီး ၁၉၈၀ မှာ အများပြည်သူတွေ လည်ပတ်ကြည့်ရှုဖို့ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
ပတ္တရားကို ကျနော်တို့ ရောက်တဲ့နေ့က နိုဝင်ဘာ ၂ ရက်နေ့ပါ။ တိုက်တိုက်ဆိုင်ဆိုင် ထိုင်းနိုင်ငံက Loy Krathong ရိုးရာပွဲတော်နေ့နဲ့ ကြုံကြိုက်နေပါတယ်။ နှစ်စဉ် ထိုင်းရိုးရာပြက္ခဒိန်က ဆယ်နှစ်လမြောက်ရဲ့ လပြည့်နေ့ (အနောက်တိုင်းပြက္ခဒိန်မှာ နိုဝင်ဘာလ) မှာ အဲဒီပွဲတော်ကို ကျင်းပပါတယ်။ Loy ဆိုတာ ‘ရေပေါ်မှာ ပေါလောပေါ်သည်’ Krathong ကတော့ ‘ဖောင်’ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ပွဲတော်နေ့ညဖက်မှာ ဌက်ပျောပင်စည် အပိုင်းဖြတ်လေးနဲ့ အောက်မှာအခံလုပ်ထားပြီး အပေါ်မှာ ပန်းတွေ၊ ဖယောင်းတိုင်၊ အမွှေးတိုင် စတာတွေပါတဲ့ ဗန်းလေးတွေကို ပင်လယ်ထဲကို မျှောလွတ်တာကို တွေ့ရပါတယ်။
ကမ်းခြေတလျှောက် ဈေးဆိုင်တန်းတွေ၊ ရေမျှောဖို့ ကန်တော့ဗန်းတွေ ရောင်းတဲ့ဆိုင်တွေနဲ့ အလွန်စည်ကားပြီး မြို့ခံလူတွေသာမက နိုင်ငံခြားဧည့်သည်တွေပါ ပုံစံမျိုးစုံရှိတဲ့ ဗန်းကြီးဗန်းသေး လိုက်ဝယ်ပြီး ရေထဲမျှောကြတာကို တွေ့ရပါတယ်။ ဒေသခံတွေရဲ့အဆိုအရ လပြည့်နေ့ပွဲတော်မှာ ဖယောင်းတိုင်၊ ပန်းတွေ၊ အမွှေးတိုင်တွေနဲ့ ရေထဲမျှောလွတ်တဲ့အခါ ကိုယ့်ရဲ့ မကောင်းမှုအပြစ်၊ အညစ်အကြေးတွေကို စွန့်လွှတ်ပြီး စိတ်သစ်လူသစ်နဲ့ ဘ၀ကို ပြန်လည်စတင်ဖို့ ရည်ရွယ် ဆုတောင်းကြတယ်လို့ သိရပါတယ်။ ။

0 comments:

Post a Comment