Thursday, February 11, 2010

Chiang Mai, Thailand

ချင်းမိုင်က မြန်မာဆိုင်တချို့
ဇာနည်ဝင်း

ချင်းမိုင်မြို့မှာ မြန်မာပြည်သားတွေ၊ မြန်မာနွယ်ဖွားတွေ ဘယ်လောက် ရှိသလဲ။ အင်း - ဒါကတော့ ဘယ်သူမှ မဖြေနိုင်တဲ့ မေးခွန်း ဖြစ်ပါလိမ့်မယ်။ ရွှေတွေ များလွန်းလို့ ရွှေတွေရဲ့ အသုံးပစ္စည်းတွေ ရနိုင်တဲ့ဆိုင်တွေတောင် အများအပြား တွေ့နေရပါတယ်။ ကဲ - အဲဒီထဲက တနေရာကို သွားကြည့်ကြစို့ရဲ့။
အပေါ်ကပုံမှာ မြင်ရတာကတော့ မြို့လယ်က ၀ပ်ပါပေါက် လို့ ခေါ်တဲ့ ဘုန်းကြီးကျောင်း နောက်ကျောဘက်က လမ်းကြားတခု မြင်ကွင်းပါ။ ဒီလမ်းထဲမှာ မြန်မာပြည်ထုတ် ပစ္စည်းတွေတင်ထားတဲ့ အရောင်းဆိုင်တချို့ ရှိပါတယ်။ ခေါက်ဆွဲဆိုင်တွေလည်း ရှိပါတယ်။ ကျနော် စားနေကျ ဆိုင်ကတော့ စလောင်းအနီရောင် တပ်ထားတဲ့ ရှမ်းခေါက်ဆွဲဆိုင်ပါပဲ။ ဈေးကတော့ သိပ်ပေါတယ်။ ခေါက်ဆွဲတပွဲ ၁၅ ဘတ်။ တိုဟူးနွေး တပွဲ ၁၅ ဘတ်။ တမျိုးတပွဲစားရင် ဘတ် ၃၀ ပဲ ကျတယ်။ ၁ ဒေါ်လာပေါ့ဗျာ။ အဲဒီဆိုင်နဲ့ကပ်လျက်ဆိုင် (ဒီဘက်ကဆိုင်) မှာလည်း ဒီဈေးပါပဲ။ ဆိုင်က နာမည်တွေ မရှိတော့ သို့ကလိုပဲ ညွှန်းရတော့မယ်း)

အဲဒီဆိုင်ရဲ့ဟိုဘက်ကဆိုင်မှာ ဆိုရင် ဘီယာ၊ တောအရက်တို့ပါ ရနိုင်တယ်။ စားပွဲတွေ ထိုင်ခုံတွေကအစ၊ စားစရာအလယ်၊ စားသုံးသူတွေအဆုံး မြန်မာရနံ့ ရှိတယ်လို့ ကာတွန်း ကိုဟန်လေးက ကျနော်နဲ့အတူသွားတုန်းက မှတ်ချက်ချဖူးတယ်။ သူ့စကား အတိအကျကတော့ "ဒီဆိုင်မှာ ထိုင်ရတာ ရှမ်းပြည်ကို ပြန်ရောက်သွားသလိုပဲကွာ" တဲ့။ ဒီဆိုင်မှာ အစားအစာ ပိုဈေးပေါတယ်။ ခေါက်ဆွဲ တပွဲ ၁၀ ဘတ် ခင်ဗျ။ ၁၀ ဘတ်တန်ခေါက်ဆွဲ ဆိုတော့လည်း ၁၀ ဘတ်တန် အရသာပဲ ထွက်ပါတယ်။

ဆိုင်တွေက လမ်းကြားထဲမှာ ဆိုတော့ ကား ဆိုင်ကယ် ရပ်စရာ သီးသန့် နေရာ မရှိပါ။ စားသုံးသူတချို့က ဘေးနားက အိမ်တွေမှာ ပိတ်ပြီး ရပ်ကြပုံရတယ်။ ဒါကြောင့် အိမ်ရှေ့တွေမှာ "ခြံတခါးရှေ့ ယာဉ်ပိတ်မရပ်ရ" ဆိုပြီး ရေးထားတယ်လို့ ယူဆရတဲ့ ဆိုင်းဘုတ်လေးတွေ ချိတ်ထားတယ်။ ထိုင်းဘာသာ၊ ရှမ်းဘာသာနဲ့တွေ့ရလိမ့်မယ်။ ကွမ်းတံတွေး မထွေးရလို့ ရေးတာလည်း ဖြစ်နိုင်ပေတာပေါ့း)

အရောင်းဆိုင်တွေမှာတော့ မီးဖိုဆောင်သုံး၊ ရိုးရာဆေးဝါး၊ လူသုံးကုန် စသဖြင့် ၀ယ်နိုင်တယ်။ ဆိုင်ရှင်များက မြန်မာစကားကို သုံးလေ့မရှိဘူး။ သို့သော်လည်း မြန်မာစကားကို ရှင်းရှင်း၊ ဖြည်းဖြည်း ပြောရင် နားလည်ကြပါတယ်။ ခေါက်ဆွဲ အသုတ် ၁ ပွဲ၊ အရည်နဲ့ ၂ ပွဲ၊ မုန်ညှင်းချဉ် ထပ်ထည့်ပေးဦး။ ဘယ်လောက်ကျသလဲ စသဖြင့် ဆိုင်သုံးစကားတွေပေါ့ဗျာ။ ဈေးသည်အများစုက မြန်မာလို ပြန်မပြောနိုင်ကြဘူး။ အင်္ဂလိပ်လိုလည်း မပြောဘူး။ သူတို့က ထိုင်းလိုပြောမယ်၊ မိခင်စကား ရှမ်းလို ပြောမယ်။
ဆိုင်တွေမှာ စာအုပ်တွေလည်း ရှိပါ့။ သို့သော်လည်း ရှမ်းစာအုပ်တွေ ဖြစ်နေတယ်။ ဖတ်တတ်ရင် ၀ယ်ပေါ့ဗျာ။ အပေါ်ကပုံမှာ မြင်ရတာကတော့ ကျွန်ုပ်တို့၏ကာတွန်းဆရာ ဟန်လေး ပါပဲ။

ရှမ်းခေါက်ဆွဲ စားဖို့ ဖြစ်ဖြစ်၊ ချောင်းဆိုးပျောက်ဆေး၊ ရယ်ဒီမိတ်သနပ်ခါး၊ ဆေးပေါ့လိပ် ဘာပဲဝယ်ချင် ၀ယ်ချင် သွားဦးမှ ဆိုရင်တော့ အပေါ်က မြေပုံကိုသာ ဆောင်ထားပါလေ။
ကျုံးဒေါင့်က ၀ပ်ပါပေါက် (
Wat Pa Pao) ဘုန်းကြီးကျောင်း ဆိုရင် ဒေသခံတွေ သိမှာပါ။ ကျောင်းနောက်ဘက်က Ban Silp Tutor လို့ ရေးထားတဲ့ နေရာဟာ အဲဒီဆိုင်တွေ ရှိတဲ့ လမ်းပါပဲ။ အဲဒါက လမ်းနာမည်တော့ မဟုတ်ဘူး။

အဲဒီနေရာကို မျက်စိထဲ မြင်အောင် ပြောရရင် ကျုံးထောင့်မှာ ရှိတယ်ဗျာ။ လေယာဉ်ကွင်းနဲ့အဝေးပြေးဘတ်စ်ကားဂိတ်ရဲ့ အလယ်လောက်မှာ ရှိတယ်လို့ ပြောရင် ချင်းမိုင်ရောက်ဖူးသူများက ဘယ်လောက်ဝေးတယ် ဆိုတာကို ခန့်မှန်းနိုင်မယ် ထင်ပါရဲ့။

မြို့ထဲက Central ကုန်တိုက်ရှေ့က လမ်းအတိုင်းသွားရင် အဲဒီဘုန်းကြီးကျောင်းကို ရောက်ပါတယ်။ ကဲ - သွားပေတော့၊ စားပေတော့ဗျာ။ ခေါက်ဆွဲဆိုင်မှာ တို့ဟူးကြော်၊ မုန့်လက်ကောက် တို့လည်း ရှိတတ်ပါတယ်။ ။

0 comments:

Post a Comment