ချင်းမိုင် သောကြာ
ဇာနည်ဝင်း
ချင်းမိုင်မြို့မှာ တရက်လောက် နေမယ် ဆိုရင်တော့ သောကြာနေ့ကို ရွေးလိုက်စမ်းပါဗျာ။
ကားလမ်းကူးနေတဲ့ကလေးမက ကျောင်းသူတယောက် ဖြစ်မယ်။ ဒါဆို သူ ၀တ်ထားတာ ကျောင်းယူနီဖောင်းပေါ့။
ဒါက ၀ါးဒီးဖွင့်ဖို့ ရယ်ဒီ ဖြစ်နေတဲ့ ကျောင်းသားလေးတွေ။
ဝတ်ထားတဲ့ အင်္ကျီနဲ့ဘောင်းဘီက ဒီ Lanna ဒေသရဲ့ ရိုးရာ ၀တ်စုံတွေ ဆိုပါတော့။
ချင်းမိုင်လာရင် သောကြာနေ့ကိုရွေးပါ လို့ ပြောရခြင်းက ဒီဝတ်စုံတွေကြောင့်ပေါ့။ ဘန်ကောက်မြင်ကွင်းနဲ့ မတူတဲ့ အပြောင်းအလဲတွေ တွေ့ရမှာပါ။
ကျောင်းသူကျောင်းသား ရုံးဝန်ထမ်းတွေက သောကြောနေ့ ဆိုရင် ရိုးရာ ၀တ်စုံတွေကိုယ်စီနဲ့ ဖြစ်နေတတ်တယ်။ ရိုးရာယဉ်ကျေးမှု ပပျောက်မသွားအောင် ဒီလို ၀တ်ကြတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ရွာခေတ်မှာ ရိုးရာပုံစံအတိုင်း နေ့စဉ်ဝတ်ဖို့ မဖြစ်နိုင်လေတော့ တပတ်မှာ တရက် ၀တ်ကြဖို့ သဘောတူထားကြတာပါ။
ကျန်တဲ့နေ့မှာတော့ ဂလိုဘယ်ဝတ်စုံဖြစ်တဲ့ ဂျင်းဘောင်းဘီတို့၊ စကတ်တို့ ၀တ်ကြလေရဲ့။
ဒါက ၁၅ နှစ်ဝန်းကျင် ကလေးမတွေ။ လုံချည်နဲ့ပေမယ့် နောက်က ကျောင်းသူ ဆိုင်ကယ်ပေါ် ခွထိုင်တယ်။ ဒီလို ဒူးပေါ်ပေါင်ပေါ်အောင် လုံချည်ဝတ်တာကတော့ Lanna စတိုင် မဟုတ်ပါဘူး။ ကလေးတွေ ဆိုတော့လည်း သိပ်ဂရုစိုက်မနေတော့ဘူး ထင်ပါရဲ့။
ဒီ ဒေါ်လေးကလည်း လုံချည်နဲ့ခင်ဗျ။
ချည်သား လုံချည်၊ ချည်သား အင်္ကျီနဲ့ ၀န်ထမ်းမမ ဘယ်သူနဲ့ ဖုန်းပြောနေပါလိမ့်။ (ကျနော်နဲ့တော့ မဟုတ်ဘူး။ ကျနော်က ထိုင်းလို မတတ်)။ သူ့နောက်မှာ လမ်းကူးလာတာက တက္ကသိုလ်ကျောင်းသူ ၀တ်စုံနဲ့ ကလေးမ။ ချင်းမိုင် တက္ကသိုလ်ကျောင်းတွေကတော့ သောကြာနေ့ ရိုးရာဝတ်စုံဝတ် ဆိုတဲ့ ဓလေ့ကို လိုက်နာကြဟန် မတူပါဘူး။သူတို့လည်း ရိုးရာဝတ်စုံ ၀တ်စရာ မလိုဘူး။ ကာရာအိုကေခန်းရှေ့က အမျိုးသမီးတွေပါ။ ဟုတ်ပါတယ်၊ ကာရာအိုကေ ဆိုတာ သီချင်းဆိုတဲ့နေရာပေါ့။ သီချင်းမဆိုတတ်သူတွေကို အစွမ်းကုန် ကူညီဖို့ အမျိုးသမီးတွေကို ခန့်ထားလေ့ရှိတယ်။ ဒီအမျိုးသမီးတွေ ရိုးရာဝတ်စုံလို လုံလုံခြုံခြုံ ၀တ်စားထားရင် ဧည့်သည် ဘယ်လာတော့မလဲ။ ဒါကြောင့် သောကြာနေ့ Lanna ၀တ်စုံ အစီအစဉ်မှာ သူတို့ မပါတာ ဖြစ်မယ်။ သူတို့က နွေမိုးဆောင်းကို သိပ်ဂရု မစိုက်ကြဘူး။ sexy ဖြစ်အောင်၊ တတ်နိုင်သမျှ တိုအောင် ၀တ်ကြတယ်။
ချင်းမိုင်ကို သောကြာမှာလာပါလို့ တဖွဖွ ပြောနေရတဲ့ နောက်တကြောင်းက သောကြာဈေး ကြောင့်ပါပဲ။ သောကြာနေ့တိုင်းဖွင့်လို့ သို့ကလို ခေါ်ကြတာပါ။ ထိုင်းလိုတော့ ဘယ်လို ခေါ်ကြသလဲ မသိ။
မြေပုံ ထည့်ပေးလိုက်ပါတယ်။
Thanon Charoen prathe 1 ဆိုတဲ့ လမ်းကြားလေးထဲမှာ ရှိတယ်။ မျက်စိထဲ မြင်အောင် ပြောရရင် ညဈေးထဲမှာ ဆိုပါစို့။ Chiang Klan Rd ဆိုတာကြီးက ညဈေးပေါ့။ မြန်မာတွေကတော့ နိုက်ဘဇား လို့ ခေါ်ကြတယ်။ (ညဈေးထဲမှာ မြန်မာပြည်သားတွေ ၂၀၀ ၀န်းကျင်လောက် ရှိမယ်၊ အရောင်းဈေးသည် လုပ်နေကြတာ။) Charoen Mueang လို့ ရေးထားတဲ့နေရာဟာ န၀ရတ်တံတားကြီးပါ။ အပြာရောင်က မြစ်။ ဒီလောက်ဆို သွားတတ်ရောပေါ့။ ဒါဟာ ခရီးသည်တွေ လမ်းသလားတဲ့ နေရာပဲ။ ဈေးရှေ့မှာ ပန်းသေးဗလီ ရှိတယ်။ ကားငှားမယ် ဆိုရင် Night Bazaar (နိုက်ဘဇား)လို့ သာ ပြောလိုက်၊ ကားဆရာတွေအကုန်လုံး အဲဒီဝေါဟာရကို သိပါလိမ့်မယ်။
ကိုယ်တိုင် ဆိုင်ကယ်၊ ကား မောင်းလာမှာလား။ လမ်းတွေပေါ်မှာ မျှားတွေ ပြထားတယ်နော်။ အဲဒီဝန်းကျင်က တလမ်းမောင်း များသဗျ။ လမ်းပြောင်းပြန်မောင်းရင် ကံဆိုးတဲ့အခါ ယာဉ်ထိန်းရဲနဲ့ ဆုံရလိမ့်မယ်။ ယာဉ်တိုက်မှုလည်း ဖြစ်နိုင်တယ်။ စည်းကမ်းရှိဖို့သာ ပြင်ပေတော့။
ဈေးရှိတဲ့ လမ်းက ကျဉ်းတော့ တလမ်းမောင်းစနစ် ပြဌာန်းထားဟန်တူတယ်။ ဟော - အပေါ်က ဆိုင်ကယ်လိုမျိုး စည်းကမ်းရှိရှိ မောင်းသွားလိုက်ဗျာ။ သောကြာဈေး ဆိုတာကို ရောက်လိမ့်မယ်။ မနက် ၆ နာရီ နဲ့ ၁၀ နာရီကြား အရောက်သွားဖို့တော့ လိုမယ်။ အဲဒါ ဈေးဖွင့်ချိန်ပဲ။
မြန်မာပြည်သားတွေ ဆုံတတ်တဲ့ ဟောဒီဈေးထဲမှာတော့ သောင်းပြောင်းထွေလာ ရနိုင်တယ်။ အသီးအရွက်ကို ထုံးစံအတိုင်း ချိန်တွယ်ပြီး ရောင်းကြတာ တွေ့မယ်။ ဈေးမပေါပါဘူး။ ဒါပေမယ့် တခြားနေရာမှာ မရှိတဲ့ ပစ္စည်းလေးတွေ ဒီမှာ ရှိတတ်လို့ လူတွေက အားပေးကြတာ ဖြစ်မယ်။
မိတ်အင်ဘားမား မိတ်ကပ်၊ ကာဘော်လစ်ဆပ်ပြာ၊ စံဇာနည်ဘိုရဲ့ ဟောစာတမ်းတွေလည်း ရှိပါရဲ့။ ဦးချိန်တီ၊ လုပ်သမားမောင်၊ ချောင်းဆိုးပျောက်ဆေး၊ သွေးဆေးတို့လည်း ရှိပါရဲ့။ အပေါ်က အိတ်ကြီးထဲ တွေ့ရတာကတော့ ဂျူးမြစ်တွေပါ။ ဂျူးမြစ်ကိုတော့ သုတ်ပြီး ဒါမှမဟုတ် ကြော်ပြီး စားဖူးပါရဲ့။ ဂျူးမြစ်ပေါ်က အရွက် ဂျူးရွက်တွေကို ဘယ်လိုစားကြသလဲ မသိပါ။ အခုမှ မြင်ဖူးလို့ ဓာတ်ပုံ ရိုက်လိုက်မိတယ်။
မုန့်ဟင်းခါးဆိုင်ရှိတယ်။ တိုဟူးနွေးဆိုင်လည်း ရှိ၊ ရှမ်းခေါက်ဆွဲဆိုင်လည်း ရှိတယ်။ ဆိုင်ရှေ့မှ မီးဖိုနဲ့ ကင်ပေးနေတာကတော့ ခေါပုပ် ပါပဲ။ တချို့က ခေါပြင်လို့ပြောမှ နားလည်တယ်။ ကောက်ညှင်းကို ထောင်းထားတာပါ။ စားမယ် ဆိုရင် မီးကင်တာက ကြော်တာထက် ပိုမိုက်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်မယ်။ ဆား၊ သကြား၊ ထန်းလျက်၊ ဟင်း၊ ဆီတိုဟူး စသဖြင့်တို့နဲ့ တွဲပြီး စားလို့ရတယ်။ အင်း - ခင်ဗျား ရောက်ရင် ကျုပ်အတွက် နည်းနည်း ၀ယ်ခဲ့ပါဦး)
ဒီအဒေါ်ကြီးက မုန်ညှင်းချဉ် မျိုးစုံ ရောင်းတယ်။ ဆီတိုဟူးလည်း ရောင်းတယ်။ ပုလင်းထဲကဟာတွေ ဘာပါလိမ့်။ ပျားရည် ဖြစ်နိုင်တယ်။ မက်ခေါက်သီး (မြို့သားတွေအခေါ် ပင်စိမ်းသီး)လည်း သူ့ရာသီဆိုရင် တောင်ပုံရာပုံ တွေ့ရလိမ့်မယ်။
ပုံထဲက တောင်ပေါ်သား မြေးအဖွား ဈေးဝယ်နေတာကလည်း ကျနော်တို့ တောမြို့လေးကို အမှတ်ရစရာ။ ဒါပါပဲ။ ဒါဟာ သောကြာဈေး မြင်ကွင်းပါ။ အသေးစိတ် ကြည့်ချင် ၀ယ်ချင် စားချင် ခံစားချင်ရင်တော့ သောကြာနေ့ ချင်းမိုင်မှာ ရှိမှ ဖြစ်မယ်နော်။

0 comments:
Post a Comment