ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံးနိုင်ငံတစ်ခုလို့ ဂုဏ်သတင်းမွှေးတဲ့၊ နိုင်ငံသေးသလောက် စီးပွားရေးဖွံ့ဖြိုးတဲ့၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မြန်မာကျောင်းသားတွေ ဒလဟောသွားခဲ့တဲ့ စင်ကာပူကို တစ်ခေါက်ရောက်ခဲ့ပါတယ်။ မြန်မာပြည်ကနေ လေယဉ်လက်မှတ် အနည်းဆုံး ဒေါ်လာ ၄၀၀ လောက်ပေးရပါတယ်။
ပထမဆုံးတွေ့ရမှာက ချန်ဂီးလေဆိပ်။ သန့်ရှင်းသပ်ရပ်တယ်ဆိုလို့ လေဆိပ်ရောက်ရောက်ချင်း လေဆိပ်ကိုကြည့်တော့ တကယ်သပ်ရပ်ပါတယ်။ မြန်မာပြည်နဲ့စာရင် ကွာတယ်လို့ပြောလို့ရပေမယ့် ဘန်ကောက်လေဆိပ်လောက်တော့ မကြီးပါဘူး။ ဒါပေမယ့် စင်္ကပူက ပိုသပ်ရပ်တယ် ထင်ပါတယ်။ ဆိုက်ရောက် အဆောင်ကနေ အောက်ထပ်ကို တစ်ထပ်ဆင်းတော့ ဗီဇာနဲ့ပတ်စပို့စစ်တဲ့ လ၀ကရောက်၊ အဲ ဒီမှာ ကြုံတုန်းပြောရရင် စင်ကာပူဗီဇာက A4 စာရွက်တစ်ရွက်ကို ပရင့်ထုတ်ထားတဲ့ စာရွက်တစ်ရွက်ပါပဲ။ တချို့နိုင်ငံတွေဆိုရင် အွန်လိုင်းကနေ လျောက်လို့ရတယ်။ မြန်မာနိုင်ငံလည်းပါတယ်။ ဗီဇာကြေး အစိမ်း ၆၅ ဒေါ်လာ ပေးရတယ်။ တခြားနိုင်ငံတွေကို ပတ်စပို့စာရွက်မှာ ကပ်မပေးဘူး။ လ၀ကမှာ ၁၀ မိနစ်လောက်တန်းစီပြီး ကိစ္စပြီးသွားတော့ နောက်ထပ် အောက်တစ်ထပ်ဆင်းပြီး အိပ်တွေဝင်ယူပြီးနောက် အပြင်ဘက်မှာ တန်းစီးစောင့်နေတဲ့ တက္ကစီတစ်စီးပေါ်တက်လိုက်ပါတယ်။ စင်ကာပူမှာက တက္ကစီပေါ် စတက်တက်ချင်း ၃ ဒေါ်လာလောက်ပေးရပါတယ်။ စလုံး ၃ ဒေါ်လာဆိုတော့ အစိမ်း ၂ ဒေါ်လာလောက်ရှိမှာပေါ့။ ကားအမျိုးအစားနှစ်မျိုးရှိတယ်လို့ လာကြိုတဲ့သူငယ်ချင်းက ပြောတယ်။ နည်းနည်းကောင်းတဲ့ကား မာစီဒီးလို ကားလိုင်းမျိုးက စတက်တက်ချင်းမှာ နည်းနည်းပိုပေးရတယ်လို့ပြောတယ်။ ဒါပေမယ့် စင်္ကပူမှာက လူအများသုံး ဘတ်စ်ကား၊ MRT မြေအောက်ရထားတွေနဲ့ အဆင်ပြေပြီး ဈေးနှုန်းလည်းပိုသက်သာတော့ အများသုံးယဉ်တွေကိုပဲ အသုံးပြုကြတာ များပါတယ်။ လေဆိပ်ကနေ စီးတီးဟောလ် မြို့ထဲကို ရထားနဲ့လာရင် ၁ ဒေါ်လာခွဲလောက်ပဲ ပေးရပေမယ့် ကားနဲ့ဆိုရင် ဒေါ်လာ ၂၀ လောက်ပေးရပါတယ်။
မြို့ထဲမရောက်ခင် လမ်းတစ်လျောက်မှာ မြင်ရတာ ကတော့ စာအုပ်ထဲကပြောတဲ့အတိုင်း လမ်းတွေ၊ မြင်ကွင်းတွေဟာ သန့်ရှင်း သပ်ရပ်နေပါတယ်။ နာရီဝက်ကျော်ကျော် လောက်ကားစီးတော့ မြန်မာဆိုင်တွေအများဆုံးရှိတဲ့ ပင်နီဆူးလား ပလာဇာရှေ့ကို ရောက်တာပေါ့။ မြန်မာဆိုင်တွေနဲ့ နီးနီးနားနားဟိုတယ်တစ်ခုမှာ တည်းချင်တာကြောင့် အဲဒီပလာဇာရှေ့က Penisula Exelsior Hotel မှာတည်းဖို့ အွန်လိုင်းကနေ အခန်းယူထားခဲ့တာလေ။ တစ်ညကို စလုံးဒေါ်လာ ၁၅၀ ပေးရပါတယ်။ ဒီဈေးနှုန်းက ဒီမြို့ထဲဝန်းကျင်းမှာ အနည်းဆုံးထဲမှာ ပါမယ်ထင်တယ်။ စလုံးမှာ ဟိုတယ်ခဈေးကြီးတယ်။ (နောက်ဈေးကြီးတာတွေ လာအုံးမယ်။)
အထပ် ငါးထပ်ခြောက်ထပ်လောက် ရှိတဲ့ ပင်နီဆူးလာထဲကို ရောက်တော့ တကယ့် မြန်မာပြည်က ယုဇနပလာဇာတို့၊ ဒဂုံစင်တာတို့ ရောက်သွားတဲ့အတိုင်းပါပဲ။ မြန်မာထမင်းဟင်း၊ လက်ဘက်ရည်၊ အသုံးအဆောင်၊ အ၀တ်အစား၊ ကွမ်းယာကအစ အကုန်ရှိတယ်။ လူတွေကလည်း စနေ၊ တနင်္ဂနွေဆိုတော့ ပြွတ်ခဲနေတာပဲ။ သူငယ်ချင်းတွေနဲ့ဆုံဖို့၊ မြန်မာစာလေးတွေ စားသောက်ဖို့၊ (ယောင်္ကျားလေးတွေကတော့ မျက်စေ့အစာကြွေးဖို့လည်း ပါမယ်ထင်တယ်) မြန်မာတွေ လာကြတယ်။
ပလာဇာထဲက ထွက်လိုက်တဲ့အချိန်မှာ မြန်မာပြည်ကို သတိရမိတာကတော့ လမ်းမဘေး မြောင်းဘောင်ပေါ်က ကွမ်းတံတွေးတွေပါပဲ။ ဘယ်လောက်ပဲ သန့်ရှင်းတဲ့ နိုင်ငံလို့ ပြောပါစေ။ ရွှေတွေနဲ့ တွေ့လို့ကတော့ အဲဒီလိုပဲ ဖြစ်သွားမယ် ထင်ပါတယ်။
စင်္ကပူမှာ သုံးရက်လည်ဖို့ သွားမယ့်နေရာတွေကို ဒီလို ခွဲလိုက်တယ်။
ပထမနေ့
ပင်နီဆူးလားပလာဇာ (မြန်မာကုန်တိုက်)
Esplanade ပြဇာတ်ရုံ
Merlion (မာလီယွန်ဆိုတာ ဓာတ်ပုံတွေထဲမှာ တွေ့တွေ့နေတဲ့ ခြင်္သေ့တစ်ပိုင်းနဲ့ငါးတစ်ပိုင်းရုပ်)
Asian Civilisation Museum အာရှယဉ်ကျေးမှုပြတိုက်
စင်ကာပူမြစ်တစ်လျောက်
- - -
ဒုတိယနေ့အောချပ်လမ်းတစ်လျောက် လျော့ပင်း၊ VivoCity
စန်တိုဆာကျွန်းဥယျာဉ် (ရေအောက်ငါးပြတိုက်၊ လင်းပိုင်ပြပွဲ၊ Song of the Sea ညပိုင်း)
တတိယနေ့
အီလက်ထရောနစ်လျော့ပင်း, Funan, Sim Lim Square
တရုတ်ပန်းခြံ၊ သစ်ခွပန်းခြံNight Safari ညပိုင်း တိရစ္ဆာန်ရုံ
သူငယ်ချင်းများဖြင့် ညရှုခင်းများလည်ပတ်
စင်ကာပူမှာက သုံးရက်လောက် ဆက်တိုက်လည်ရင် လည်စရာကုန်သလောက်ဖြစ်သွားမယ်ထင်ပါတယ်။ ပထမနေ့လျောက်လည်ရတဲ့ စင်ကာပူမြို့လယ်နေရာကတော့ စင်ကာပူရဲ့ သန့်ရှင်းသပ်ရပ်မှု၊ ခေတ်မီတိုက်တာအဆောက်အအုံတွေရဲ့ ခန်းနားမှုတွေနဲ့ စိတ်ဝင်စားစရာကောင်းပါတယ်။ စင်္ကပူမြစ်ကလည်း မြစ်ဆိုတာထက် အုတ်ဘောင်တွေနဲ့ သန့်ရှင်းလှပတဲ့ ချောင်းကြီးတစ်ခုလို့ ပြောရမှာပါ။ မြို့လယ်ကောင်မှာ တစ်နေရာနဲ့တစ်နေရာ ခြေလျင်လျောက်လည်လို့ရပါတယ်။ ခြေထောက်တော့ နည်းနည်းညောင်းတာပေါ့။ မြန်မာတွေကတော့ နေရာအများအပြားမှာ တွေ့ရပါတယ်။ မြန်မာစကားပြောသံတွေ တချို့နေရာတွေမှာ သွားရင်းလာရင်း ကြားနေရပါတယ်။
စန်တိုဆာကျွန်းကတော့ မဖြစ်မနေသွားရမယ့်နေရာပါ။ မြို့လယ်ကနေ မိနစ် ၂၀ လောက် မြေအောက်၊ မြေပေါ်ရထား နှစ်ဆင့်စီးရင် ရောက်ပါတယ်။ ကုန်တင်ကုန်ချဆိပ်ကမ်းဘေးကနေ ဖြတ်သွားတော့ ကွန်တိန်နာတွေ၊ ကရိန်းတွေကို လှမ်းမြင်နေရတယ်။ ကျွန်းထဲမှာရှိတဲ့ ရေအောက်ကမ္ဘာငါးပြတိုက်ကတော့ မရောက်ဘူးသေးရင် သွားကြည့်သင့်ပါတယ်။ စကောလောက်ရှိတဲ့ ငါးလိပ်ကျောက်ကြီးတွေကို ကိုင်ရဲရင် ရေထဲလက်နိုက်ပြီး ကိုင်ကြည့်လို့ရသလို ငါးမန်းတွေ၊ အမည်မသိတဲ့ ငါးတွေအများကြီးရှိပါတယ်။ နောက်ပြီး လင်းပိုင်ပြပွဲလည်းရှိပါတယ်။ လင်းပိုင်းတွေ လေထဲပျံတက်တာ၊ ကြိုးကွင်းခုန်တာ၊ ဘောလုံးကစားတာတွေ ပြပါတယ်။ လင်းပိုင်နဲ့ ဓာတ်ပုံတွဲရိုက်လို့လည်း ရပါတယ်။ ပိုက်ဆံတော့ ပေးရတယ်။ သဲသောင်ပြင်ပေါ်မှာတော့ လူတွေ ဘောလီဘောပုတ်တဲ့သူတွေ ကစားနေကြသူတွေရှိသလို တချို့လည်း ကမ်းစပ်မှာ ရေချိုးနေကြတယ်။ (ဒီကမ်းစပ်က ခပ်သေးသေးပါ။ ဒါက အနောက်ဘက်ကမ်း West Coast ထဲမှာ ရှိပါတယ်။ စင်္ကပူကလူတွေ အေးအေးဆေးဆေးကမ်းစပ်ထိုင်ချင်ရင် လေဆိပ်နားက East Coast ကို သွားကြတယ်လို့ ဆိုပါတယ်)။ ကြိုးတံတားလေးတစ်ခုကို ဖြတ်ပြီး နောက်ထပ် ကျွန်းကမူသေးသေးလေးပေါ်ရောက်တော့ ပင်လယ်ပြင်ထဲမှာ သင်္ဘောတွေ ကျောက်ချထားတာတွေ့ရတယ်။ ညပိုင်းမှာ ကြည့်ရတဲ့ ပင်လယ်ရဲ့သီချင်းသံ (Song of the Sea)ကတော့ ရေပန်းတွေပေါ်ကို ဆလိုက်တွေထိုးပြီး ရေပန်းကို ပိတ်ကားသဏ္ဍန်လုပ်ပြီး ရုပ်ရှင်သရုပ်ဖော်လုပ်တဲ့ပြကွက်တွေပါ။ တော်တော်လေး ကြည့်လို့ကောင်းပါတယ်။
နောက်နေ့တွေမှာတော့ အောချပ်လမ်းတို့ ၊ ဘူးကစ်စ် တို့၊ နောက် ပင်နီဆူလားရှော့ပင်းကွန်ပလက်စ်၊ Funan အီလက်ထရောနစ်ဆိုင်တို့ကို ရောက်ပါတယ်။ လျောက်ကြည့်ရင်း ဈေးဝယ်ချင်ရင် ၀ယ်ရအောင်လို့။ ပစ္စည်းတွေက ကောင်းတယ်လို့ ယူဆရသလို ဈေးတွေကလည်း မချိုပါဘူး။ Night Safari ကလည်း မရောက်ဘူးရင် သွားကြည့်လို့ ကောင်းပေမယ့် ထူးထူးခြားခြားပြကွက်တွေ၊ မြင်ကွင်းတွေ မတွေ့ရပါဘူး။ ညဘက်မှာ တိရစ္ဆန်ရုံကို တွေ့ရတာပါပဲ။ သစ်ပင်ချုံနွယ်အုံ့မှိုင်းမှိုင်းတွေအောက်မှာ မီးအလင်းအမှောင်တွေတော့ ချိန်ထားတာ တွေ့ရပါတယ်။ သုံးရက်ခရီးကတော့ အများကြီးလည်ရလို့ တန်တယ်လို့ ပြောရမှာပါ။
စလုံးဓာတ်ပုံများကြည့်လိုလျင်
စလုံးအချက်အလက်များ
မြန်မာနဲ့ ကမ္ဘာ့အရပ်ရပ်မှာ ရှိနေကြတဲ့ စာဖတ်သူမိတ်ဆွေတို့အနေနဲ့လည်း ရောက်ဖူးတဲ့ အတွေ့အကြုံတွေရှိရင် သိချင်ပါတယ်။ အချက်အလက်တွေ ပေးပို့စေလိုပါတယ်။
0 comments:
Post a Comment