Saturday, February 20, 2010

Chiang Mai Friday

ချင်းမိုင် သောကြာ
ဇာနည်ဝင်း

ချင်းမိုင်မြို့မှာ တရက်လောက် နေမယ် ဆိုရင်တော့ သောကြာနေ့ကို ရွေးလိုက်စမ်းပါဗျာ။

ကားလမ်းကူးနေတဲ့ကလေးမက ကျောင်းသူတယောက် ဖြစ်မယ်။ ဒါဆို သူ ၀တ်ထားတာ ကျောင်းယူနီဖောင်းပေါ့။

ဒါက ၀ါးဒီးဖွင့်ဖို့ ရယ်ဒီ ဖြစ်နေတဲ့ ကျောင်းသားလေးတွေ။
ဝတ်ထားတဲ့ အင်္ကျီနဲ့ဘောင်းဘီက ဒီ Lanna ဒေသရဲ့ ရိုးရာ ၀တ်စုံတွေ ဆိုပါတော့။
ချင်းမိုင်လာရင် သောကြာနေ့ကိုရွေးပါ လို့ ပြောရခြင်းက ဒီဝတ်စုံတွေကြောင့်ပေါ့။ ဘန်ကောက်မြင်ကွင်းနဲ့ မတူတဲ့ အပြောင်းအလဲတွေ တွေ့ရမှာပါ။
ကျောင်းသူကျောင်းသား ရုံးဝန်ထမ်းတွေက သောကြောနေ့ ဆိုရင် ရိုးရာ ၀တ်စုံတွေကိုယ်စီနဲ့ ဖြစ်နေတတ်တယ်။ ရိုးရာယဉ်ကျေးမှု ပပျောက်မသွားအောင် ဒီလို ၀တ်ကြတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ရွာခေတ်မှာ ရိုးရာပုံစံအတိုင်း နေ့စဉ်ဝတ်ဖို့ မဖြစ်နိုင်လေတော့ တပတ်မှာ တရက် ၀တ်ကြဖို့ သဘောတူထားကြတာပါ။

ကျန်တဲ့နေ့မှာတော့ ဂလိုဘယ်ဝတ်စုံဖြစ်တဲ့ ဂျင်းဘောင်းဘီတို့၊ စကတ်တို့ ၀တ်ကြလေရဲ့။

ဒါက ၁၅ နှစ်ဝန်းကျင် ကလေးမတွေ။ လုံချည်နဲ့ပေမယ့် နောက်က ကျောင်းသူ ဆိုင်ကယ်ပေါ် ခွထိုင်တယ်။ ဒီလို ဒူးပေါ်ပေါင်ပေါ်အောင် လုံချည်ဝတ်တာကတော့ Lanna စတိုင် မဟုတ်ပါဘူး။ ကလေးတွေ ဆိုတော့လည်း သိပ်ဂရုစိုက်မနေတော့ဘူး ထင်ပါရဲ့။
ဒီ ဒေါ်လေးကလည်း လုံချည်နဲ့ခင်ဗျ။
ချည်သား လုံချည်၊ ချည်သား အင်္ကျီနဲ့ ၀န်ထမ်းမမ ဘယ်သူနဲ့ ဖုန်းပြောနေပါလိမ့်။ (ကျနော်နဲ့တော့ မဟုတ်ဘူး။ ကျနော်က ထိုင်းလို မတတ်)။ သူ့နောက်မှာ လမ်းကူးလာတာက တက္ကသိုလ်ကျောင်းသူ ၀တ်စုံနဲ့ ကလေးမ။ ချင်းမိုင် တက္ကသိုလ်ကျောင်းတွေကတော့ သောကြာနေ့ ရိုးရာဝတ်စုံဝတ် ဆိုတဲ့ ဓလေ့ကို လိုက်နာကြဟန် မတူပါဘူး။သူတို့လည်း ရိုးရာဝတ်စုံ ၀တ်စရာ မလိုဘူး။ ကာရာအိုကေခန်းရှေ့က အမျိုးသမီးတွေပါ။ ဟုတ်ပါတယ်၊ ကာရာအိုကေ ဆိုတာ သီချင်းဆိုတဲ့နေရာပေါ့။ သီချင်းမဆိုတတ်သူတွေကို အစွမ်းကုန် ကူညီဖို့ အမျိုးသမီးတွေကို ခန့်ထားလေ့ရှိတယ်။ ဒီအမျိုးသမီးတွေ ရိုးရာဝတ်စုံလို လုံလုံခြုံခြုံ ၀တ်စားထားရင် ဧည့်သည် ဘယ်လာတော့မလဲ။ ဒါကြောင့် သောကြာနေ့ Lanna ၀တ်စုံ အစီအစဉ်မှာ သူတို့ မပါတာ ဖြစ်မယ်။ သူတို့က နွေမိုးဆောင်းကို သိပ်ဂရု မစိုက်ကြဘူး။ sexy ဖြစ်အောင်၊ တတ်နိုင်သမျှ တိုအောင် ၀တ်ကြတယ်။

ချင်းမိုင်ကို သောကြာမှာလာပါလို့ တဖွဖွ ပြောနေရတဲ့ နောက်တကြောင်းက သောကြာဈေး ကြောင့်ပါပဲ။ သောကြာနေ့တိုင်းဖွင့်လို့ သို့ကလို ခေါ်ကြတာပါ။ ထိုင်းလိုတော့ ဘယ်လို ခေါ်ကြသလဲ မသိ။
မြေပုံ ထည့်ပေးလိုက်ပါတယ်။


Thanon Charoen prathe 1 ဆိုတဲ့ လမ်းကြားလေးထဲမှာ ရှိတယ်။ မျက်စိထဲ မြင်အောင် ပြောရရင် ညဈေးထဲမှာ ဆိုပါစို့။ Chiang Klan Rd ဆိုတာကြီးက ညဈေးပေါ့။ မြန်မာတွေကတော့ နိုက်ဘဇား လို့ ခေါ်ကြတယ်။ (ညဈေးထဲမှာ မြန်မာပြည်သားတွေ ၂၀၀ ၀န်းကျင်လောက် ရှိမယ်၊ အရောင်းဈေးသည် လုပ်နေကြတာ။) Charoen Mueang လို့ ရေးထားတဲ့နေရာဟာ န၀ရတ်တံတားကြီးပါ။ အပြာရောင်က မြစ်။ ဒီလောက်ဆို သွားတတ်ရောပေါ့။ ဒါဟာ ခရီးသည်တွေ လမ်းသလားတဲ့ နေရာပဲ။ ဈေးရှေ့မှာ ပန်းသေးဗလီ ရှိတယ်။ ကားငှားမယ် ဆိုရင် Night Bazaar (နိုက်ဘဇား)လို့ သာ ပြောလိုက်၊ ကားဆရာတွေအကုန်လုံး အဲဒီဝေါဟာရကို သိပါလိမ့်မယ်။
ကိုယ်တိုင် ဆိုင်ကယ်၊ ကား မောင်းလာမှာလား။ လမ်းတွေပေါ်မှာ မျှားတွေ ပြထားတယ်နော်။ အဲဒီဝန်းကျင်က တလမ်းမောင်း များသဗျ။ လမ်းပြောင်းပြန်မောင်းရင် ကံဆိုးတဲ့အခါ ယာဉ်ထိန်းရဲနဲ့ ဆုံရလိမ့်မယ်။ ယာဉ်တိုက်မှုလည်း ဖြစ်နိုင်တယ်။ စည်းကမ်းရှိဖို့သာ ပြင်ပေတော့။
ဈေးရှိတဲ့ လမ်းက ကျဉ်းတော့ တလမ်းမောင်းစနစ် ပြဌာန်းထားဟန်တူတယ်။ ဟော - အပေါ်က ဆိုင်ကယ်လိုမျိုး စည်းကမ်းရှိရှိ မောင်းသွားလိုက်ဗျာ။ သောကြာဈေး ဆိုတာကို ရောက်လိမ့်မယ်။ မနက် ၆ နာရီ နဲ့ ၁၀ နာရီကြား အရောက်သွားဖို့တော့ လိုမယ်။ အဲဒါ ဈေးဖွင့်ချိန်ပဲ။

မြန်မာပြည်သားတွေ ဆုံတတ်တဲ့ ဟောဒီဈေးထဲမှာတော့ သောင်းပြောင်းထွေလာ ရနိုင်တယ်။ အသီးအရွက်ကို ထုံးစံအတိုင်း ချိန်တွယ်ပြီး ရောင်းကြတာ တွေ့မယ်။ ဈေးမပေါပါဘူး။ ဒါပေမယ့် တခြားနေရာမှာ မရှိတဲ့ ပစ္စည်းလေးတွေ ဒီမှာ ရှိတတ်လို့ လူတွေက အားပေးကြတာ ဖြစ်မယ်။


မိတ်အင်ဘားမား မိတ်ကပ်၊ ကာဘော်လစ်ဆပ်ပြာ၊ စံဇာနည်ဘိုရဲ့ ဟောစာတမ်းတွေလည်း ရှိပါရဲ့။ ဦးချိန်တီ၊ လုပ်သမားမောင်၊ ချောင်းဆိုးပျောက်ဆေး၊ သွေးဆေးတို့လည်း ရှိပါရဲ့။ အပေါ်က အိတ်ကြီးထဲ တွေ့ရတာကတော့ ဂျူးမြစ်တွေပါ။ ဂျူးမြစ်ကိုတော့ သုတ်ပြီး ဒါမှမဟုတ် ကြော်ပြီး စားဖူးပါရဲ့။ ဂျူးမြစ်ပေါ်က အရွက် ဂျူးရွက်တွေကို ဘယ်လိုစားကြသလဲ မသိပါ။ အခုမှ မြင်ဖူးလို့ ဓာတ်ပုံ ရိုက်လိုက်မိတယ်။

မုန့်ဟင်းခါးဆိုင်ရှိတယ်။ တိုဟူးနွေးဆိုင်လည်း ရှိ၊ ရှမ်းခေါက်ဆွဲဆိုင်လည်း ရှိတယ်။ ဆိုင်ရှေ့မှ မီးဖိုနဲ့ ကင်ပေးနေတာကတော့ ခေါပုပ် ပါပဲ။ တချို့က ခေါပြင်လို့ပြောမှ နားလည်တယ်။ ကောက်ညှင်းကို ထောင်းထားတာပါ။ စားမယ် ဆိုရင် မီးကင်တာက ကြော်တာထက် ပိုမိုက်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်မယ်။ ဆား၊ သကြား၊ ထန်းလျက်၊ ဟင်း၊ ဆီတိုဟူး စသဖြင့်တို့နဲ့ တွဲပြီး စားလို့ရတယ်။ အင်း - ခင်ဗျား ရောက်ရင် ကျုပ်အတွက် နည်းနည်း ၀ယ်ခဲ့ပါဦး)


ဒီအဒေါ်ကြီးက မုန်ညှင်းချဉ် မျိုးစုံ ရောင်းတယ်။ ဆီတိုဟူးလည်း ရောင်းတယ်။ ပုလင်းထဲကဟာတွေ ဘာပါလိမ့်။ ပျားရည် ဖြစ်နိုင်တယ်။ မက်ခေါက်သီး (မြို့သားတွေအခေါ် ပင်စိမ်းသီး)လည်း သူ့ရာသီဆိုရင် တောင်ပုံရာပုံ တွေ့ရလိမ့်မယ်။
ပုံထဲက တောင်ပေါ်သား မြေးအဖွား ဈေးဝယ်နေတာကလည်း ကျနော်တို့ တောမြို့လေးကို အမှတ်ရစရာ။ ဒါပါပဲ။ ဒါဟာ သောကြာဈေး မြင်ကွင်းပါ။ အသေးစိတ် ကြည့်ချင် ၀ယ်ချင် စားချင် ခံစားချင်ရင်တော့ သောကြာနေ့ ချင်းမိုင်မှာ ရှိမှ ဖြစ်မယ်နော်။

Chiang Mai Sunday

ချင်းမိုင် တနင်္ဂနွေ
ဇာနည်ဝင်း

ချင်းမိုင်မြို့ကို တနင်္ဂနွေနေ့မှာ ရောက်လာရင် မသွားမဖြစ် သွားရမယ့် နေရာကတော့ တနင်္ဂနွေဈေး ဖြစ်ပါတယ်။ တနင်္ဂနွေတိုင်း ညနေ ၄ နာရီကျော်ကျော်ကနေ သန်းခေါင်နီးတဲ့အထိ ဖွင့်တဲ့ ကြည့်ချင်ဈေးပါပဲ။
ရှေးတုန်းက မြန်မာတွေ ၀င်တိုက်ခဲ့တဲ့ ဇင်းမယ်မြို့ ဒီကနေ့အခေါ် ချင်းမိုင်မြို့မှာ ကျုံးတခု ရှိတယ်။ မန္တလေးကျုံးလိုမျိုးပေါ့။ ရန်သူ အလွယ်တကူ မ၀င်နိုင်အောင် ရေတထပ်၊ မြို့ရိုးတထပ် ကာထားတာ။ ခုတော့ ဒီအရံအတားတွေက ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် သို့မဟုတ် နှောင်းလူတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ပြသစရာ ရိုးရာ အငွေ့အသက် ဖြစ်နေပါပြီ။
မြို့ရိုး ဂိတ်တံခါးတွေထဲက Thapae (ထပ်ဖယ်) ဂိတ်တံခါးကနေ အစပြုတဲ့ တနင်္ဂနွေဈေးဟာ
ကျုံးထဲက Ratchadamnoen လို့ ခေါ်တဲ့ လမ်းမကြီးတလျှောက် ရှည်လျားတဲ့ ဈေးကြီးပါ။
ဈေးကို မြေပုံဆွဲလိုက်ရင် ငါးတကောင်ရဲ့ အရိုးစုကို ဘေးတိုက်မြင်ရသလို ဖြစ်နေမလားပဲ။ ဘာကြောင့်လဲ ဆိုတော့ လမ်းသွယ်လေးတွေထဲပါ ဆိုင်လေးတွေ တိုးချဲ့နေကြလို့ပါ။ ကဲ - ပြောနေကြာတယ်၊ သွားကြစို့ - - ။

ဒေသထွက် ရိုးရာပစ္စည်း၊ လက်မှုပစ္စည်းတွေ ရှိသလို ဈေးတကာမှာ တွေ့နိုင်တဲ့ ပစ္စည်းတွေလည်း တွေ့ရမှာပါ။ အပျင်းပြေပဲ ဖြစ်ဖြစ်၊ ကိုယ့်အိမ်မှာ အလှဆင်ဖို့ သို့မဟုတ်တဦးတယောက်ကို လက်ဆောင်ပေးဖို့ သွားသင့်တဲ့ ဈေး ဆိုပါစို့။ အပေါ်က ပုလွေဆရာဓာတ်ပုံက သက်တမ်း ၄ နှစ် ရှိပြီ။ သူ့ဆိုင်က ရိုးရာပစ္စည်းတွေ ရောင်းတယ်။ ဒါကြောင့် သူကိုယ်တိုင်လည်း ရိုးရာဝတ်စုံ၊ ရိုးရာတူရိယာနဲ့ပေါ့။ ဦးထုပ်ကလည်း ရိုးရာလို့ ပြောနိုင်ပါတယ်၊ ရှေးတုန်းက ထိုင်းတွေ ဒီလိုမျိုး ဦးထုပ်ဆောင်းကြတာ ဓာတ်ပုံတွေမှာ တွေ့ဖူးတယ်။

ဒီဈေးကို ကျနော် ၆ လ တကြိမ်လောက် ရောက်ဖြစ်တယ်။ ရောက်တိုင်း ဒီ ပုလွေဆရာကို တွေ့ရပါတယ်။ ဈေးကွက်သဘောအရ အရောင်းသွက်အောင် ဖျော်ဖြေရေးအစီအစဉ်ကို ကိုယ်တိုင် တင်ဆက်နေပုံပါပဲ။ ဒီဒေသရဲ့ အတီး အမှုတ် အက အခုန်တွေလည်း ရှိတယ်။ တဦးချင်း ဖြစ်စေ အုပ်စုလိုက် ဖြစ်စေ ကခုန်တီးမှုတ်ကြတယ်။ အလှူငွေ ထည့်နိုင်တယ်။
ဈေး ဘယ်က အစပြုသလဲ ဆိုတော့ ထပ်ဖယ်ဂိတ်ကနေ အစပြုတာပေါ့။ တက္ကစီ ငှားမယ် ဆိုရင် "ပိုင် ပတူး ထပ်ဖယ်" (ထပ်ဖယ်ဂိတ်ကို သွားမယ်) လို့သာ ပြောလိုက်ပါ။ ရောက်မှာပါ။ အပေါ်မှာ မြင်ရတဲ့ပုံက ညနေ ၅ နာရီ မထိုးခင် ဖြစ်မယ်။ လူမစည်သေးဘူး။ အလင်းရောင်လည်း အပြည့်။ မြို့ရိုးပေါ်တက်ပြီး ဓာတ်ပုံရိုက်ရင်တော့ အပေါ်စီးမြင်ကွင်းကို မှတ်တမ်းတင်နိုင်မယ်။ ခုတော့ ပေးမတက်တော့ဘူး။ ဘာကြောင့်လဲတော့ မသိ။ အပေါ်တက်တဲ့ အုတ်လှေခါးကို ပိတ်ထားတယ်။

ဒီဈေးဟာ မိတ်ဆွေတွေ ဆုံတဲ့နေရာလည်း ဖြစ်တယ်။ ဆုံပြီးတော့ အုပ်စုလိုက် ဈေးတန်းလျှောက် လမ်းသလားကြတယ်။ ဈေးဝယ်ကြတယ်။ ပြည်တွင်းပြည်ပခရီးသည်တွေ၊ ဒေသခံတွေကို စည်စည်ကားကား တွေ့ရမယ်။ တိုးဝှေ့သွားလာတာမျိုး မနှစ်သက်ဘူး ဆိုရင်တော့ စောစောသွားတာ ကောင်းမယ်။ မှောင်ပြီဆိုရင် တိုးဝှေ့ရပြီ။ တခွန်းဆိုင်တွေလည်း ရှိတယ်။ ဈေးဆစ်လိုသူတွေ စိတ်ကျေနပ်အောင် ထင်ပါရဲ့ တချို့ဆိုင်တွေက ပစ္စည်းတွေကို ဈေးနှုန်းကပ်မထားဘူး။ အမြဲတမ်း အရောင်းသွက်၊ တန်းစီစောင့်နေရတဲ့ ဆိုင်တွေကတော့ စားစရာ ရောင်းတဲ့ဆိုင်တွေပါပဲ။


ရှေးဟောင်းပစ္စည်း အစစ်၊ အတု ရောင်းတာတွေလည်း တွေ့ရမယ်။ ဈေးတန်းဘေးမှာ အနှိပ်ဆိုင်တွေလည်း ရှိတယ်။ အဲဒါက တကယ်နှိပ်တာနော်၊ ပုံမှာ တွေ့ရတဲ့အတိုင်းပါပဲ။ ချင်းမိုင်မြို့ နေရာအတော်များများမှာတော့ အနှိပ်ခန်းဗန်းပြပြီး ပြည့်တန်ဆာ လုပ်ငန်း လုပ်တာတွေလည်း ရှိနိုင်ပါတယ်။ ကမ္ဘာ့ရှေးအကျဆုံး အသက်မွေးဝမ်းကျောင်းလုပ်ငန်းဟာ ဒီခေတ်မှာတော့ ဥပဒေပြုသူ အများစုက ခွင့်မပြုတာမို့ တခြားဆိုင်းဘုတ်တွေ တင်ထားရပေတာပေါ့ဗျာ။ ကဲ - လိုရင်းကို ပြန်သွားရရင်-

၆ နာရီဆို ဈေးတန်းလျှောက်တဲ့သူတွေ လမ်းမလျှောက်ကြတော့ဘူးး၊ ရောက်နေတဲ့ နေရာမှာ မလှုပ်မယှက် ရုတ်တရက် ရပ်လိုက်တာ တွေ့လိမ့်မယ်။ ဒါဆို ခင်ဗျားလည်း ရပ်လိုက်ပေတော့။ ညနေ ၆ နာရီ ဆိုတာ ရေဒီယို တီဗီ လမ်းဆုံလမ်းခွတနေရာ စသဖြင့်တို့ကနေ နိုင်ငံတော်သီချင်း လာတဲ့အချိန်ဗျ။ သူများရပ်သလို ရပ်လိုက်ပါ။ မြန်မာပြည် ရုပ်ရှင်ရုံထဲမှာ ဇာတ်ကားမပြခင် မတ်တပ်ရပ်သလိုပေါ့ဗျာ။ မရပ်လို့ မရဘူးလား ဆိုတော့ အင်း - ရပါတယ်၊ လိုက်ဖမ်းမယ့်သူမှ မရှိဘဲ။ ဒီအချိန်မှာ စက္ကန့် သုံးဆယ်လောက် (ထင်တယ်) ရပ်လိုက်တာ အပမ်းမကြီးပါဘူး။ ကိုယ်ရောက်တဲ့နေရာက ဥပဒေကို လိုက်နာတယ် ဆိုပါတော့ဗျာ။ ဒါက ဈေးထဲမှာမို့ပါ။ လူမစည်တဲ့ တခြား လမ်းတွေမှာဆို ၆ နာရီထိုးရင် နိုင်ငံတော်သီချင်းသံ ကြားချင်မှ ကြားရတာ။ သို့ကလို နေရာမျိုးမှာဆို ရပ်စရာ မလိုပါဘူး။

ပန်းချီဆွဲတာ စိတ်ဝင်စားရင်တော့ လက်စွမ်းပြနိုင်၊ လက်ဆော့နိုင်အောင်လည်း ဈေးလယ်ခေါင်မှာ အကျိုးဆောင်ပေးသူတွေ ရှိတယ်။ မလှုပ်မယှက် ကိုယ်ဟန်ပြနေသူက ကင်းဗတ်စ ဆိုပါစို့။ ခင်ဗျားက ပန်းချီဆရာ တဒင်္ဂ ဖြစ်နိုင်ပေတာပေါ့။


ကင်းဗတ်စ လူသားရဲ့ ရှေ့မှာ စုတ်တံတွေ ဆေးတွေ ချထားတယ်။ ပန်းချီဆွဲပြီးရင်တော့ အလှူငွေ အဆင်ပြေသလောက် ထည့်လိုက်ပေတော့။

ပန်းချီမဆွဲချင်ဘူး၊ ဆွဲပြီးသား ၀ယ်မယ်ဆိုရင်လည်း ရပါတယ်။ ပန်းချီကားတွေ လမ်းဘေးချရောင်းနေတာ တွေ့ရမယ်။ ဒေါ်အောင်ဆန်းစုကြည် ပုံတူတောင် တွေ့ရနိုင်တယ်။ ဟင့်အင်း - မကြိုက်ဘူး၊ ရယ်ဒီမိတ်ပန်းချီကားတွေ မကြိုက်ဘူး၊ ကိုယ့်ပန်းချီကား မရှိဘူးလား ဆိုတော့ ရှိနိုင်တာပေါ့။ လူ့အလို နတ်မလိုက်နိုင်ပေမယ့် ဒီတခါ ပန်းချီဆရာကတော့ လိုက်နိုင်ပါတယ်။ အောက်ကပုံ ကြည့်ပါဦး။

ကဲ - ၁၅ မိနစ်၊ မိနစ် ၂၀ အချိန်ပေး၊ ဆိုက်ပေးလိုက်တာနဲ့ ခင်ဗျားရဲ့ ပုံတူပန်းချီ ရပါပြီ။ ပုံတူ အဆုံးသတ်ပြီးတဲ့အခါ ပန်းချီဆရာကိုလည်း ၅ ဒေါ်လာ (ဘတ် ၁၅၀) ထက် မနည်း ပေးသင့်ပါတယ်။ ဒါပဲဗျို့၊ တနင်္ဂနွေဈေးမှာ တွေ့ကြမယ်လေ။

Thursday, February 11, 2010

ချင်းမိုင်မြို့ အချက်အလက်များ

တည်ရှိရာနိုင်ငံ


ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ဒုတိယမြို့  တော်၊ ခရိုင်မြို ဖြစ်တယ်။ ၂၅ မြို့ နယ်ရှိတယ်။

စတင်တည်ခဲ့တဲ့နှစ်


၁၂၉၆ ခုနှစ်မှာ သီးခြားနိုင်ငံအဖြစ် မန်းရိုင်း စော်ဘွားမင်းက စတင် တည်ထောင်တယ်။

အကျယ်အ၀န်း


၂၀၁၀၇ စတုရန်းကီလိုမီတာ

လူဦးရေ


၁ ဒသမ ၆၇ သန်းကျော်

ဖုန်းကုတ်


ချင်းမိုင်အ၀င် +66-053 (landline)

+66-8 (mobile)
ထိုင်းမှ အခြားနိုင်ငံသို009+ , 001+

ဘာသာစကား


မြောက်ပိုင်း ရှမ်းစကား

ကိုးကွယ်ဘာသာ


ဗုဒ္ဓဘာသာ

လည်စရာပတ်စရာများ


ချင်းမိုင်းမြို့  ရိုးကျုံးပတ်ပတ်လည်၊ အင်းထနွန်းတောင်ပေါ်ဘုရား၊ ဒွိုင်းစူထေ့ပ်တောင်ပေါ်၊ ဗန်ဒါဝက်ဝံတိရိစ္ဆာန်ရုံ၊




(ဈေးဝယ်စရာ)


နိုက်ဘဇားဈေး၊

ကားဂိတ်

ဗန်ကောက်မှ ချင်းမိုင်အသွား

မော်ချစ်ကားဂိတ်မှာ စီးရပါတယ်။

ဖုန်းနံပတ် 02-9362841- 48 / 02-9362852-66 လိုင်းခွဲ 442, 311


ခရီးအကွာအဝေး

၇၁၃ ကီလိုမီတာ။


ကြာမြင့်ချိန်

၉ နာရီ မှ ၁၀ နာရီ အထိကြာမြင့်တယ်။


ကားခနှင့် ဗန်ကောက်မှစထွက်ချိန်

ဗွီအိုင်ပီ ဘတ်စ်ကား ၈၀၆ ဘတ်

နံနက် ၉ နာရီ

ည ၈ နာရီ

(၁၁.၂.၂၀၁၀ အချက်အလက်)



လေအေးစက်(၁) ၅၁၈ ဘတ်

ည ၉ နာရီ ၄၅ မိနစ်

(၁၁.၂.၂၀၁၀ အချက်အလက်)


ဘန်ကောက် မော်ချစ်ကားဂိတ်မြေပုံ


Chiang Mai, Thailand

ချင်းမိုင်က မြန်မာဆိုင်တချို့
ဇာနည်ဝင်း

ချင်းမိုင်မြို့မှာ မြန်မာပြည်သားတွေ၊ မြန်မာနွယ်ဖွားတွေ ဘယ်လောက် ရှိသလဲ။ အင်း - ဒါကတော့ ဘယ်သူမှ မဖြေနိုင်တဲ့ မေးခွန်း ဖြစ်ပါလိမ့်မယ်။ ရွှေတွေ များလွန်းလို့ ရွှေတွေရဲ့ အသုံးပစ္စည်းတွေ ရနိုင်တဲ့ဆိုင်တွေတောင် အများအပြား တွေ့နေရပါတယ်။ ကဲ - အဲဒီထဲက တနေရာကို သွားကြည့်ကြစို့ရဲ့။
အပေါ်ကပုံမှာ မြင်ရတာကတော့ မြို့လယ်က ၀ပ်ပါပေါက် လို့ ခေါ်တဲ့ ဘုန်းကြီးကျောင်း နောက်ကျောဘက်က လမ်းကြားတခု မြင်ကွင်းပါ။ ဒီလမ်းထဲမှာ မြန်မာပြည်ထုတ် ပစ္စည်းတွေတင်ထားတဲ့ အရောင်းဆိုင်တချို့ ရှိပါတယ်။ ခေါက်ဆွဲဆိုင်တွေလည်း ရှိပါတယ်။ ကျနော် စားနေကျ ဆိုင်ကတော့ စလောင်းအနီရောင် တပ်ထားတဲ့ ရှမ်းခေါက်ဆွဲဆိုင်ပါပဲ။ ဈေးကတော့ သိပ်ပေါတယ်။ ခေါက်ဆွဲတပွဲ ၁၅ ဘတ်။ တိုဟူးနွေး တပွဲ ၁၅ ဘတ်။ တမျိုးတပွဲစားရင် ဘတ် ၃၀ ပဲ ကျတယ်။ ၁ ဒေါ်လာပေါ့ဗျာ။ အဲဒီဆိုင်နဲ့ကပ်လျက်ဆိုင် (ဒီဘက်ကဆိုင်) မှာလည်း ဒီဈေးပါပဲ။ ဆိုင်က နာမည်တွေ မရှိတော့ သို့ကလိုပဲ ညွှန်းရတော့မယ်း)

အဲဒီဆိုင်ရဲ့ဟိုဘက်ကဆိုင်မှာ ဆိုရင် ဘီယာ၊ တောအရက်တို့ပါ ရနိုင်တယ်။ စားပွဲတွေ ထိုင်ခုံတွေကအစ၊ စားစရာအလယ်၊ စားသုံးသူတွေအဆုံး မြန်မာရနံ့ ရှိတယ်လို့ ကာတွန်း ကိုဟန်လေးက ကျနော်နဲ့အတူသွားတုန်းက မှတ်ချက်ချဖူးတယ်။ သူ့စကား အတိအကျကတော့ "ဒီဆိုင်မှာ ထိုင်ရတာ ရှမ်းပြည်ကို ပြန်ရောက်သွားသလိုပဲကွာ" တဲ့။ ဒီဆိုင်မှာ အစားအစာ ပိုဈေးပေါတယ်။ ခေါက်ဆွဲ တပွဲ ၁၀ ဘတ် ခင်ဗျ။ ၁၀ ဘတ်တန်ခေါက်ဆွဲ ဆိုတော့လည်း ၁၀ ဘတ်တန် အရသာပဲ ထွက်ပါတယ်။

ဆိုင်တွေက လမ်းကြားထဲမှာ ဆိုတော့ ကား ဆိုင်ကယ် ရပ်စရာ သီးသန့် နေရာ မရှိပါ။ စားသုံးသူတချို့က ဘေးနားက အိမ်တွေမှာ ပိတ်ပြီး ရပ်ကြပုံရတယ်။ ဒါကြောင့် အိမ်ရှေ့တွေမှာ "ခြံတခါးရှေ့ ယာဉ်ပိတ်မရပ်ရ" ဆိုပြီး ရေးထားတယ်လို့ ယူဆရတဲ့ ဆိုင်းဘုတ်လေးတွေ ချိတ်ထားတယ်။ ထိုင်းဘာသာ၊ ရှမ်းဘာသာနဲ့တွေ့ရလိမ့်မယ်။ ကွမ်းတံတွေး မထွေးရလို့ ရေးတာလည်း ဖြစ်နိုင်ပေတာပေါ့း)

အရောင်းဆိုင်တွေမှာတော့ မီးဖိုဆောင်သုံး၊ ရိုးရာဆေးဝါး၊ လူသုံးကုန် စသဖြင့် ၀ယ်နိုင်တယ်။ ဆိုင်ရှင်များက မြန်မာစကားကို သုံးလေ့မရှိဘူး။ သို့သော်လည်း မြန်မာစကားကို ရှင်းရှင်း၊ ဖြည်းဖြည်း ပြောရင် နားလည်ကြပါတယ်။ ခေါက်ဆွဲ အသုတ် ၁ ပွဲ၊ အရည်နဲ့ ၂ ပွဲ၊ မုန်ညှင်းချဉ် ထပ်ထည့်ပေးဦး။ ဘယ်လောက်ကျသလဲ စသဖြင့် ဆိုင်သုံးစကားတွေပေါ့ဗျာ။ ဈေးသည်အများစုက မြန်မာလို ပြန်မပြောနိုင်ကြဘူး။ အင်္ဂလိပ်လိုလည်း မပြောဘူး။ သူတို့က ထိုင်းလိုပြောမယ်၊ မိခင်စကား ရှမ်းလို ပြောမယ်။
ဆိုင်တွေမှာ စာအုပ်တွေလည်း ရှိပါ့။ သို့သော်လည်း ရှမ်းစာအုပ်တွေ ဖြစ်နေတယ်။ ဖတ်တတ်ရင် ၀ယ်ပေါ့ဗျာ။ အပေါ်ကပုံမှာ မြင်ရတာကတော့ ကျွန်ုပ်တို့၏ကာတွန်းဆရာ ဟန်လေး ပါပဲ။

ရှမ်းခေါက်ဆွဲ စားဖို့ ဖြစ်ဖြစ်၊ ချောင်းဆိုးပျောက်ဆေး၊ ရယ်ဒီမိတ်သနပ်ခါး၊ ဆေးပေါ့လိပ် ဘာပဲဝယ်ချင် ၀ယ်ချင် သွားဦးမှ ဆိုရင်တော့ အပေါ်က မြေပုံကိုသာ ဆောင်ထားပါလေ။
ကျုံးဒေါင့်က ၀ပ်ပါပေါက် (
Wat Pa Pao) ဘုန်းကြီးကျောင်း ဆိုရင် ဒေသခံတွေ သိမှာပါ။ ကျောင်းနောက်ဘက်က Ban Silp Tutor လို့ ရေးထားတဲ့ နေရာဟာ အဲဒီဆိုင်တွေ ရှိတဲ့ လမ်းပါပဲ။ အဲဒါက လမ်းနာမည်တော့ မဟုတ်ဘူး။

အဲဒီနေရာကို မျက်စိထဲ မြင်အောင် ပြောရရင် ကျုံးထောင့်မှာ ရှိတယ်ဗျာ။ လေယာဉ်ကွင်းနဲ့အဝေးပြေးဘတ်စ်ကားဂိတ်ရဲ့ အလယ်လောက်မှာ ရှိတယ်လို့ ပြောရင် ချင်းမိုင်ရောက်ဖူးသူများက ဘယ်လောက်ဝေးတယ် ဆိုတာကို ခန့်မှန်းနိုင်မယ် ထင်ပါရဲ့။

မြို့ထဲက Central ကုန်တိုက်ရှေ့က လမ်းအတိုင်းသွားရင် အဲဒီဘုန်းကြီးကျောင်းကို ရောက်ပါတယ်။ ကဲ - သွားပေတော့၊ စားပေတော့ဗျာ။ ခေါက်ဆွဲဆိုင်မှာ တို့ဟူးကြော်၊ မုန့်လက်ကောက် တို့လည်း ရှိတတ်ပါတယ်။ ။

Friday, February 5, 2010

စင်္ကာပူမြို့အချက်အလက်

-->
တည်ရှိရာနိုင်ငံ
စင်္ကပူကျွန်းမြို့နိုင်ငံ၊ ၁၈၁၉ မှာမြို့တည်၊ ၁၉၆၃ မှာ ဗြိတိသျှအောက်ကလွတ်၊ ၆၅ မှာ မလေးရှားနဲ့ခွဲ။
အကျယ်အ၀န်း
၂၅၅ စတုရန်းမိုင်
လူဦးရေ
၎ ၉၀၀ ၀၀၀
အချိန်ဇုန်
GMT +8 (မြန်မာထက် ၁ နာရီခွဲစော)
ဖုန်းကုတ်
+65-6, 65-3 (landline) +65-9, 65-8 (mobile)
ဘာသာစကား
အင်္ဂလိပ် (Singlish)၊ မလေး၊ မန်ဒရင်းတရုတ်၊ တမီလ်
ကိုးကွယ်ဘာသာ
ဗုဒ္ဓဘာသာ၊ အစ္စလမ်၊ ခရစ်ယံ၊ တာအို
သုံးစွဲငွေ
စင်္ကပူဒေါ်လာ (၁ ဒေါ်လာ = ပျှမ်းမျှ ၇၀၀-၈၅၀ ကျပ်)
အင်တာနက်ဒိုမိန်း
.sg
ဝက်ဘ်ဆိုက်
www.singapore.gov.sg

ဘန်ကောက်မြို့တော်အချက်အလက်များ



တည်ရှိရာနိုင်ငံ

ထိုင်းနိုင်ငံမြို့တော်၊ အကြီးဆုံးမြို့၊ နိုင်ငံအလယ်ပိုင်း၊ Krung Thep ဟုလည်းခေါ်၊ အယုဒ္ဓယကျဆုံးပြီးနောက် ၁၇၆၈ မှာ မြို့တော်ဖြစ်လာ။

အကျယ်အ၀န်း

၆၀၅ စတုရန်းမိုင်

လူဦးရေ

,၁၀၀,၀၀၀

အချိန်ဇုန်

GMT +7 (မြန်မာထက်နာရီဝက်နောက်ကျ)

ဖုန်းကုတ်

ထိုင်းအ၀င် +66-2 (landline) +66-8 (mobile)
ထိုင်းမှ အခြားနိုင်ငံသို009+ , 001+

ဘာသာစကား

ထိုင်း

ကိုးကွယ်ဘာသာ

ဗုဒ္ဓဘာသာ

သုံးစွဲငွေ

ဘတ် (တစ်ဘတ် = ပျှမ်းမျှ ၃၀-၃၅ ကျပ်)

အင်တာနက်ဒိုမိန်း

.th

ဝက်ဘ်ဆိုက်

http://city.bangkok.go.th/

လည်စရာပတ်စရာများ

(ဘုရားများ)

မြဘုရားနဲ့နန်းတော်၊ ရွှေတောင်ကုန်းဘုရား၊ ၀ပ်ပို လျှောင်းတော်မူ၊ ၀ပ်အာရွန်ဘုရား၊

(စိတ်ဝင်စားဖွယ်)

ဘိုင်းရွတ်တာဝါ (ဘန်ကောက်အမြင့်ဆုံး ၈၃ ထပ်တိုက်)၊ ဒူးဆစ်တိရစ္ဆာန်ရုံ၊ ပြတိုက်၊

(ဈေးဝယ်စရာ)

- MBK မာဘွန်ခရောင်း (မိုဘိုင်းဖုန်း၊ အ၀တ်၊ ဖန်စီ)

- Siam (တံဆိပ်ကောင်းတဲ့အ၀တ်အထည်၊ အသုံးအဆောင်)

- ပရာတူနမ် (ပတူနမ်) ပလက်တီနမ် (ဈေးသင့်သည့် ထိုင်းလုပ် အ၀တ်များ)

- Victory Monument (အနုစာဝရီ) (ထိုင်းလုပ် လမ်းဘေး အ၀တ်

ဈေးတန်း)

- ကျတူးကျတ် (weekend မှာဖွင့်တဲ့ ဈေးပေါပေါအ၀တ်အထည်ဈေး)

- Central World Plaza (အ၀တ်အထည်အသုံးအဆောင်)

- BIG C စူပါမားကတ်နဲ့ အသုံးအဆောင်

- Tesco Lotus စူပါမားကတ်နဲ့ အသုံးအဆောင်

- 7 Eleven (မီနီမတ် - နေရာတိုင်းမှာရှိ)


ကားဂိတ်

ဗန်ကောက်မြို့ ပြင်အနီးတ၀ိုက်

အနုစာဝရီး ပတ်ပတ်လည်မှာ ဗဲန်ကား(ပေါင်မုန့်  ကား) တွေကို စီးနိုင်တယ်။

စင်ကျူရီကုန်တိုက်ကားဂိတ်

(ဘီတီအက်စ် ကောင်းကင်ရထား

အနုစာဝရီး စတေရှင်)

ဖတ်ထယား၊ ဟွာဟင်၊ ကန်ကျနာ့ဘူရီ၊ နခေါန်းပထုမ်၊ ရယောင်း၊ ရတ်ခ်ျဘူးရီး၊

ဖေ့တ်ခ်ျဘူးရီင်္း၊ ပတ်ထုံးချိုင်း၊ဘန်ကောက် တက္ကသိုလ်။

အနုစာဝရီးကားဂိတ်

(ဟိုင်းဝေးမိုးပျံတံတားအောက်)

မဟာချိုင်း၊ မူးယန်းထောင်းဌားနီး။

အနုစာဝရီးကားဂိတ်

(စင်တာပွိုင့်ကုန်တိုက်ဘေး)

အယုဒ္ဓယမြို့ ၊ ဘန်းပအင်းမြို့ ၊ ထမ်းမစတ်တက္ကသိုလ် (ရန်းစစ်) များသို့ 

မော်ချစ်ကားဂိတ်

(ထိုင်းမြောက်းပိုင်း)

မဲဆောက်၊ တာ့ခ်၊ နခေါန်းစ၀မ်၊ ချင်းမိုင်၊ ချင်းရိုင်း၊ မဲ့ဆိုင်း၊ လမ်းပန်း အစရှိတဲ့မြို့  များသို့ 

မော်ချစ်ကားဂိတ်

(ထိုင်းအရှေ့ မြောက်ပိုင်း - အီစန် အရပ် )

လွိုင်းအေ့က်၊ ခေါန်းကဲန်၊ နောင်ခိုင်း အစရှိတဲ့မြို့  များသို့ 

အေ့က်ကမိုင် ကားဂိတ်

(စူခုမ်ဝစ်လမ်း)

(ထိုင်းအရှေ့ ပိုင်း)

ရယောင်း၊ ကျန်းထ့ါဘူးရီး၊ တရာတ် အစရှိတဲ့မြို့  များသို့ 

စိုင်တိုက်မိုင်ကားဂိတ်

(ထိုင်းတောင်ပိုင်း)

ဖူးကေတ်၊ ရနောင်း၊ ချုမ်းဖေါန်း၊ ပရာ့ချွ(ပ်)၊ မလေးရှားနယ်စပ်မြို့ များအထိနဲ့  ကန်ချနာ့ဘူးရီ၊ စန်ခရာ့ဘူးရီ အစရှိသည့်မြို့  များသို့ သွားနိုင်တယ်။


Thursday, February 4, 2010

အထက်မြန်မာပြည်က ဓာတ်ပုံများ



အထက်မြန်မာပြည်က ဓာတ်ပုံတွေပါ။ ကနေဒါက ဓာတ်ပုံဆရာတစ်ယောက်ရိုက်ထားတာ။



စင်ခေါန် နယ်စပ်ဂိတ်

အချက်အလက်ကြည့်ရန်

စင်ခေါန် နယ်စပ်ဂိတ်ဟာ တနင်္သာရီမြို့ နယ်နဲ့ ဆက်စပ်နေတဲ့ မော့တောင်ကြားလမ်းမှာ ရှိပါတယ်။
စင်ခေါန် နယ်စပ်ဂိတ်ဟာ ပရာ့ကျွ(ပ်)ခီရီခန်ခရိုင်၊ ပရာ့ကျွ(ပ်)ခီရီခန် မြို့ နယ်၊ ခလောင်းဝမ်းကျေးရွာ အုပ်မှာရှိပါတယ်။ စင်ခေါန် နယ်စပ်ဂိတ်မှာ မြန်မာ ဘက်ခြမ်းက မော့တောင်ရွာခံ တွေလာရောက်ရောင်း ချတဲ့ ကျွန်းသစ်ပရိဘောဂပစ္စည်း၊ သစ်ခွပန်းနဲ့  ဟင်းသီးဟင်းရွက်တွေ အပြင် မြန်မာအလှကုန်နဲ့  အထည်တွေလည်းရောင်းတာကိုတွေ့ ရတယ်။

ဗန်ကောက်မြို့ ကနေ ကီလိုမီတာ ၃၅၀ နီးပါးဝေးပါတယ်။ ကိုယ်ပိုင်ကားနဲ့ ဆိုရင် ၃ နာရီလောက် သွားရပါတယ်။ ဗန်ကောက်မြို့ ကနေ တောင်ဘက်ကိုဆင်းသွားရတယ်။ ဖေ့တ်ကစေမ်အဝေးပြေး လမ်းမကြီး အတိုင်းသွားရပြီး စမွတ်စာခေါန်းခရိုင်၊ စမွတ်စုံ ခရမ်းခရိုင်နဲ့ ဖေ့တ်ဘူရီခရိုင်တွေ ကိုဖြတ်သွားပြီးနောက် ပရာ့ကျွ(ပ်)ခီရီခန်မြို့ ပြင် အဝေးပြေးလမ်း အတိုင်းဖြတ် သွားပြီးနောက် ကီလိုမီတာ ၃၃၂ အရောက်မှာ ညာဖက်ခြမ်းကိုချိုးသွားရပါတယ်။ ဖေ့တ်ကစေမ် အဝေးပြေးလမ်းမကနေ စင်ခေါန်နယ်စပ်ကို ၁၂ ကီလိုသွားရပါတယ်။ အဝေးပြေးကားနဲ့  သွားမယ်ဆိုရင် ဗန်ကောက်မြို့  တောင်ပိုင်းကားဂိတ်ဖြစ်တဲ့ စိုင်တိုက်မိုင်ကားဂိတ်မှာ သွားစီးရပါတယ်။

ပရာ့ကျွ(ပ်)ခီရီခန် မြို့  ကားဂိတ်ကိုရောက်ပြီးနောက် စင်ခေါန်နယ်စပ်ကို လိုင်းကားနဲ့  တဆင့်သွားရပါတယ်။ နယ်စပ်ကိုသွားတဲ့ လိုင်းကားက နံနက်စောစောပိုင်းသာရှိပါတယ်။ ညနေပိုင်းဆိုရင်တော့ ပုဒ်ပြတ်ငှါးသွားရမှာဖြစ်ပါတယ်။


စလုံးကို သုံးရက်ခရီး

ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံးနိုင်ငံတစ်ခုလို့ ဂုဏ်သတင်းမွှေးတဲ့၊ နိုင်ငံသေးသလောက် စီးပွားရေးဖွံ့ဖြိုးတဲ့၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မြန်မာကျောင်းသားတွေ ဒလဟောသွားခဲ့တဲ့ စင်ကာပူကို တစ်ခေါက်ရောက်ခဲ့ပါတယ်။ မြန်မာပြည်ကနေ လေယဉ်လက်မှတ် အနည်းဆုံး ဒေါ်လာ ၄၀၀ လောက်ပေးရပါတယ်။
ပထမဆုံးတွေ့ရမှာက ချန်ဂီးလေဆိပ်။ သန့်ရှင်းသပ်ရပ်တယ်ဆိုလို့ လေဆိပ်ရောက်ရောက်ချင်း လေဆိပ်ကိုကြည့်တော့ တကယ်သပ်ရပ်ပါတယ်။ မြန်မာပြည်နဲ့စာရင် ကွာတယ်လို့ပြောလို့ရပေမယ့် ဘန်ကောက်လေဆိပ်လောက်တော့ မကြီးပါဘူး။ ဒါပေမယ့် စင်္ကပူက ပိုသပ်ရပ်တယ် ထင်ပါတယ်။ ဆိုက်ရောက် အဆောင်ကနေ အောက်ထပ်ကို တစ်ထပ်ဆင်းတော့ ဗီဇာနဲ့ပတ်စပို့စစ်တဲ့ လ၀ကရောက်၊ အဲ ဒီမှာ ကြုံတုန်းပြောရရင် စင်ကာပူဗီဇာက A4 စာရွက်တစ်ရွက်ကို ပရင့်ထုတ်ထားတဲ့ စာရွက်တစ်ရွက်ပါပဲ။ တချို့နိုင်ငံတွေဆိုရင် အွန်လိုင်းကနေ လျောက်လို့ရတယ်။ မြန်မာနိုင်ငံလည်းပါတယ်။ ဗီဇာကြေး အစိမ်း ၆၅ ဒေါ်လာ ပေးရတယ်။ တခြားနိုင်ငံတွေကို ပတ်စပို့စာရွက်မှာ ကပ်မပေးဘူး။ လ၀ကမှာ ၁၀ မိနစ်လောက်တန်းစီပြီး ကိစ္စပြီးသွားတော့ နောက်ထပ် အောက်တစ်ထပ်ဆင်းပြီး အိပ်တွေဝင်ယူပြီးနောက် အပြင်ဘက်မှာ တန်းစီးစောင့်နေတဲ့ တက္ကစီတစ်စီးပေါ်တက်လိုက်ပါတယ်။ စင်ကာပူမှာက တက္ကစီပေါ် စတက်တက်ချင်း ၃ ဒေါ်လာလောက်ပေးရပါတယ်။ စလုံး ၃ ဒေါ်လာဆိုတော့ အစိမ်း ၂ ဒေါ်လာလောက်ရှိမှာပေါ့။ ကားအမျိုးအစားနှစ်မျိုးရှိတယ်လို့ လာကြိုတဲ့သူငယ်ချင်းက ပြောတယ်။ နည်းနည်းကောင်းတဲ့ကား မာစီဒီးလို ကားလိုင်းမျိုးက စတက်တက်ချင်းမှာ နည်းနည်းပိုပေးရတယ်လို့ပြောတယ်။ ဒါပေမယ့် စင်္ကပူမှာက လူအများသုံး ဘတ်စ်ကား၊ MRT မြေအောက်ရထားတွေနဲ့ အဆင်ပြေပြီး ဈေးနှုန်းလည်းပိုသက်သာတော့ အများသုံးယဉ်တွေကိုပဲ အသုံးပြုကြတာ များပါတယ်။ လေဆိပ်ကနေ စီးတီးဟောလ် မြို့ထဲကို ရထားနဲ့လာရင် ၁ ဒေါ်လာခွဲလောက်ပဲ ပေးရပေမယ့် ကားနဲ့ဆိုရင် ဒေါ်လာ ၂၀ လောက်ပေးရပါတယ်။

မြို့ထဲမရောက်ခင် လမ်းတစ်လျောက်မှာ မြင်ရတာ ကတော့ စာအုပ်ထဲကပြောတဲ့အတိုင်း လမ်းတွေ၊ မြင်ကွင်းတွေဟာ သန့်ရှင်း သပ်ရပ်နေပါတယ်။ နာရီဝက်ကျော်ကျော် လောက်ကားစီးတော့ မြန်မာဆိုင်တွေအများဆုံးရှိတဲ့ ပင်နီဆူးလား ပလာဇာရှေ့ကို ရောက်တာပေါ့။ မြန်မာဆိုင်တွေနဲ့ နီးနီးနားနားဟိုတယ်တစ်ခုမှာ တည်းချင်တာကြောင့် အဲဒီပလာဇာရှေ့က Penisula Exelsior Hotel မှာတည်းဖို့ အွန်လိုင်းကနေ အခန်းယူထားခဲ့တာလေ။ တစ်ညကို စလုံးဒေါ်လာ ၁၅၀ ပေးရပါတယ်။ ဒီဈေးနှုန်းက ဒီမြို့ထဲဝန်းကျင်းမှာ အနည်းဆုံးထဲမှာ ပါမယ်ထင်တယ်။ စလုံးမှာ ဟိုတယ်ခဈေးကြီးတယ်။ (နောက်ဈေးကြီးတာတွေ လာအုံးမယ်။)
အထပ် ငါးထပ်ခြောက်ထပ်လောက် ရှိတဲ့ ပင်နီဆူးလာထဲကို ရောက်တော့ တကယ့် မြန်မာပြည်က ယုဇနပလာဇာတို့၊ ဒဂုံစင်တာတို့ ရောက်သွားတဲ့အတိုင်းပါပဲ။ မြန်မာထမင်းဟင်း၊ လက်ဘက်ရည်၊ အသုံးအဆောင်၊ အ၀တ်အစား၊ ကွမ်းယာကအစ အကုန်ရှိတယ်။ လူတွေကလည်း စနေ၊ တနင်္ဂနွေဆိုတော့ ပြွတ်ခဲနေတာပဲ။ သူငယ်ချင်းတွေနဲ့ဆုံဖို့၊ မြန်မာစာလေးတွေ စားသောက်ဖို့၊ (ယောင်္ကျားလေးတွေကတော့ မျက်စေ့အစာကြွေးဖို့လည်း ပါမယ်ထင်တယ်) မြန်မာတွေ လာကြတယ်။
ပလာဇာထဲက ထွက်လိုက်တဲ့အချိန်မှာ မြန်မာပြည်ကို သတိရမိတာကတော့ လမ်းမဘေး မြောင်းဘောင်ပေါ်က ကွမ်းတံတွေးတွေပါပဲ။ ဘယ်လောက်ပဲ သန့်ရှင်းတဲ့ နိုင်ငံလို့ ပြောပါစေ။ ရွှေတွေနဲ့ တွေ့လို့ကတော့ အဲဒီလိုပဲ ဖြစ်သွားမယ် ထင်ပါတယ်။
စင်္ကပူမှာ သုံးရက်လည်ဖို့ သွားမယ့်နေရာတွေကို ဒီလို ခွဲလိုက်တယ်။

ပထမနေ့

ပင်နီဆူးလားပလာဇာ (မြန်မာကုန်တိုက်)
Esplanade ပြဇာတ်ရုံ
Merlion (မာလီယွန်ဆိုတာ ဓာတ်ပုံတွေထဲမှာ တွေ့တွေ့နေတဲ့ ခြင်္သေ့တစ်ပိုင်းနဲ့ငါးတစ်ပိုင်းရုပ်)
Asian Civilisation Museum အာရှယဉ်ကျေးမှုပြတိုက်
စင်ကာပူမြစ်တစ်လျောက်
- - -
ဒုတိယနေ့
အောချပ်လမ်းတစ်လျောက် လျော့ပင်း၊ VivoCity
စန်တိုဆာကျွန်းဥယျာဉ် (ရေအောက်ငါးပြတိုက်၊ လင်းပိုင်ပြပွဲ၊ Song of the Sea ညပိုင်း)

တတိယနေ့
အီလက်ထရောနစ်လျော့ပင်း, Funan, Sim Lim Square
တရုတ်ပန်းခြံ၊ သစ်ခွပန်းခြံ
Night Safari ညပိုင်း တိရစ္ဆာန်ရုံ
သူငယ်ချင်းများဖြင့် ညရှုခင်းများလည်ပတ်


စင်ကာပူမှာက သုံးရက်လောက် ဆက်တိုက်လည်ရင် လည်စရာကုန်သလောက်ဖြစ်သွားမယ်ထင်ပါတယ်။ ပထမနေ့လျောက်လည်ရတဲ့ စင်ကာပူမြို့လယ်နေရာကတော့ စင်ကာပူရဲ့ သန့်ရှင်းသပ်ရပ်မှု၊ ခေတ်မီတိုက်တာအဆောက်အအုံတွေရဲ့ ခန်းနားမှုတွေနဲ့ စိတ်ဝင်စားစရာကောင်းပါတယ်။ စင်္ကပူမြစ်ကလည်း မြစ်ဆိုတာထက် အုတ်ဘောင်တွေနဲ့ သန့်ရှင်းလှပတဲ့ ချောင်းကြီးတစ်ခုလို့ ပြောရမှာပါ။ မြို့လယ်ကောင်မှာ တစ်နေရာနဲ့တစ်နေရာ ခြေလျင်လျောက်လည်လို့ရပါတယ်။ ခြေထောက်တော့ နည်းနည်းညောင်းတာပေါ့။ မြန်မာတွေကတော့ နေရာအများအပြားမှာ တွေ့ရပါတယ်။ မြန်မာစကားပြောသံတွေ တချို့နေရာတွေမှာ သွားရင်းလာရင်း ကြားနေရပါတယ်။

စန်တိုဆာကျွန်းကတော့ မဖြစ်မနေသွားရမယ့်နေရာပါ။ မြို့လယ်ကနေ မိနစ် ၂၀ လောက် မြေအောက်၊ မြေပေါ်ရထား နှစ်ဆင့်စီးရင် ရောက်ပါတယ်။ ကုန်တင်ကုန်ချဆိပ်ကမ်းဘေးကနေ ဖြတ်သွားတော့ ကွန်တိန်နာတွေ၊ ကရိန်းတွေကို လှမ်းမြင်နေရတယ်။ ကျွန်းထဲမှာရှိတဲ့ ရေအောက်ကမ္ဘာငါးပြတိုက်ကတော့ မရောက်ဘူးသေးရင် သွားကြည့်သင့်ပါတယ်။ စကောလောက်ရှိတဲ့ ငါးလိပ်ကျောက်ကြီးတွေကို ကိုင်ရဲရင် ရေထဲလက်နိုက်ပြီး ကိုင်ကြည့်လို့ရသလို ငါးမန်းတွေ၊ အမည်မသိတဲ့ ငါးတွေအများကြီးရှိပါတယ်။ နောက်ပြီး လင်းပိုင်ပြပွဲလည်းရှိပါတယ်။ လင်းပိုင်းတွေ လေထဲပျံတက်တာ၊ ကြိုးကွင်းခုန်တာ၊ ဘောလုံးကစားတာတွေ ပြပါတယ်။ လင်းပိုင်နဲ့ ဓာတ်ပုံတွဲရိုက်လို့လည်း ရပါတယ်။ ပိုက်ဆံတော့ ပေးရတယ်။ သဲသောင်ပြင်ပေါ်မှာတော့ လူတွေ ဘောလီဘောပုတ်တဲ့သူတွေ ကစားနေကြသူတွေရှိသလို တချို့လည်း ကမ်းစပ်မှာ ရေချိုးနေကြတယ်။ (ဒီကမ်းစပ်က ခပ်သေးသေးပါ။ ဒါက အနောက်ဘက်ကမ်း West Coast ထဲမှာ ရှိပါတယ်။ စင်္ကပူကလူတွေ အေးအေးဆေးဆေးကမ်းစပ်ထိုင်ချင်ရင် လေဆိပ်နားက East Coast ကို သွားကြတယ်လို့ ဆိုပါတယ်)။ ကြိုးတံတားလေးတစ်ခုကို ဖြတ်ပြီး နောက်ထပ် ကျွန်းကမူသေးသေးလေးပေါ်ရောက်တော့ ပင်လယ်ပြင်ထဲမှာ သင်္ဘောတွေ ကျောက်ချထားတာတွေ့ရတယ်။ ညပိုင်းမှာ ကြည့်ရတဲ့ ပင်လယ်ရဲ့သီချင်းသံ (Song of the Sea)ကတော့ ရေပန်းတွေပေါ်ကို ဆလိုက်တွေထိုးပြီး ရေပန်းကို ပိတ်ကားသဏ္ဍန်လုပ်ပြီး ရုပ်ရှင်သရုပ်ဖော်လုပ်တဲ့ပြကွက်တွေပါ။ တော်တော်လေး ကြည့်လို့ကောင်းပါတယ်။

နောက်နေ့တွေမှာတော့ အောချပ်လမ်းတို့ ၊ ဘူးကစ်စ် တို့၊ နောက် ပင်နီဆူလားရှော့ပင်းကွန်ပလက်စ်၊ Funan အီလက်ထရောနစ်ဆိုင်တို့ကို ရောက်ပါတယ်။ လျောက်ကြည့်ရင်း ဈေးဝယ်ချင်ရင် ၀ယ်ရအောင်လို့။ ပစ္စည်းတွေက ကောင်းတယ်လို့ ယူဆရသလို ဈေးတွေကလည်း မချိုပါဘူး။ Night Safari ကလည်း မရောက်ဘူးရင် သွားကြည့်လို့ ကောင်းပေမယ့် ထူးထူးခြားခြားပြကွက်တွေ၊ မြင်ကွင်းတွေ မတွေ့ရပါဘူး။ ညဘက်မှာ တိရစ္ဆန်ရုံကို တွေ့ရတာပါပဲ။ သစ်ပင်ချုံနွယ်အုံ့မှိုင်းမှိုင်းတွေအောက်မှာ မီးအလင်းအမှောင်တွေတော့ ချိန်ထားတာ တွေ့ရပါတယ်။ သုံးရက်ခရီးကတော့ အများကြီးလည်ရလို့ တန်တယ်လို့ ပြောရမှာပါ။


စလုံးဓာတ်ပုံများကြည့်လိုလျင်

စလုံးအချက်အလက်များ


မြန်မာနဲ့ ကမ္ဘာ့အရပ်ရပ်မှာ ရှိနေကြတဲ့
စာဖတ်သူမိတ်ဆွေတို့အနေနဲ့လည်း ရောက်ဖူးတဲ့ အတွေ့အကြုံတွေရှိရင် သိချင်ပါတယ်။ အချက်အလက်တွေ ပေးပို့စေလိုပါတယ်။






ပဲရစ်မြို့တော် ပုံရိပ်များ


အီဖယ်မျှော်စင်

fort wayne testing

စရာ

dubai testing

စရာ

penang testing

စရာ

ချင်းမိုင်မြို့ အချက်အလက်များ


တည်ရှိရာနိုင်ငံ

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ဒုတိယမြို့ တော်၊ ခရိုင်မြို ဖြစ်တယ်။ ၂၅ မြို့ နယ်ရှိတယ်။

စတင်တည်ခဲ့တဲ့နှစ်

၁၂၉၆ ခုနှစ်မှာ သီးခြားနိုင်ငံအဖြစ် မန်းရိုင်း စော်ဘွားမင်းက စတင်တည်ထောင်တယ်။

အကျယ်အ၀န်း

၂၀၁၀၇ စတုရန်းကီလိုမီတာ

လူဦးရေ

၁ ဒသမ ၆၇ သန်းကျော်

ဖုန်းကုတ်

ချင်းမိုင်အ၀င် +66-053 (landline)

+66-8 (mobile)
ထိုင်းမှ အခြားနိုင်ငံသို009+ , 001+

ဘာသာစကား

မြောက်ပိုင်း ရှမ်းစကား

ကိုးကွယ်ဘာသာ

ဗုဒ္ဓဘာသာ

လည်စရာပတ်စရာများ

ချင်းမိုင် မြို့ ရိုးချုံးပတ်ပတ်လည်၊ အင်းထနွန်းတောင်ပေါ်ဘုရား၊ ဗန်နာဝက်ဝံ

တိရိစ ၦာန္ရံု၊

(ေစ်း၀ယ္စရာ)

နိုက်ဘဇားဈေး၊

ကားဂိတ်

ဗန်ကောက်မှ ချင်းမိုင်းအသွား

မော်ချစ်ကားဂိတ်မှာ စီးရပါတယ်။

ဖုန်းနံပတ် 02-9362841- 48 / 02-9362852-66 လိုင်းခွဲ 442, 311

ခရီးအကွာအဝေး

၇၁၃ ကီလိုမီတာ။

ကြာမြင့်ချိန်

၉ နာရီ မှ ၁၀ နာရီ အထိကြာမြင့်တယ်။

ကားခနှင့် ဗန်ကောက်မှစထွက်ချိန်

ဗွီအိုင်ပီ ဘတ်စ်ကား ၈၀၆ ဘတ်

နံနက် ၉ နာရီ

ည ၈ နာရီ

(၁၁.၂.၂၀၁၀ အချက်အလက်)

လေအေးစက(၁) ၅၁၈ ဘတ်

ည ၉ နာရီ ၄၅ မိနစ်

(၁၁.၂.၂၀၁၀ အချက်အလက်)