'' လန်ဒန်မှ ပဲရစ်သို့ ''
သို့ မှ
အယ်ဒီတာ ဒေါ်ဒဂုန်ခင်ခင်လေး
ယုဝတီဂျာနယ် ခေတ္တနယူးယောက်မြို့။
နယူးယောက်မြို့မှ စက်တင်ဘာလ ၂၀ရက်နေ့ကို ခရီးထွက်ရန် စီစဉ်ထားသော်လည်း ဗမာပြည်မှ ကိစ္စတခု ဆောင်ရွက်ပေးရန် ရှိသေး၍ တလတိတိထပ်မံ စောင့်နေရသဖြင့် ယခုအောက်တိုဘာလ ၂၁ရက်နေ့ကစပြီး ခရီးထွက် ရပါတော့မည်။
လန်ဒန်မြို့မှ ဇလိုင်လ ၃၀ရက်နေ့ ပြင်သစ်ပြည် ပဲရစ်မြို့သို့ လေကြောင်းခရီးဖြင့် ကူးခဲ့ပါသည်။ လန်ဒန်မြို့ ၏ ရှုခင်းအလှကလေးတွေကို လေယာဉ်ပျံပေါ်မှမြင်ရပြန်ပါပြီ။
ပြာလွင်စိမ်းစိုသည့် သဘာဝအလှတွေ သိမ်းမြစ်ကိုဗဟိုရ်ထားပြီး စည်ကားကြီးကျယ်သော လန်ဒန် မြို့ကြီး နှင့် တကွ ပတ်ဝန်းကျင် ဆင်ခြေဖုံးတ၀ိုက်မှာဖြင့်၊ သယာကြည်နူးစရာကောင်းပါပေသည်။ ရာသီဥတု က ကြည်တလှည့် မှောင်တလှည့် ဖြစ်အောင် တိမ်တောင်မိုးသားများ လေကစားတိုင်း ရွှေ့လျားလျက် ရှိပါ သဖြင့် တခါတခါ လူ့ရွာကို မမြင်ရဘဲ ၀ါဂွမ်းပုံကြီးထဲ နစ်မြုတ်ထိုးဖေါက်ပြေး လိုက်ရ၊ တချီတချီဂွမ်းပုံတိမ်စိုင် တိမ်လိမ့် များ အထက်မှ စီး၍ ကြည်လင်ပြာလဲ့သော အာကာသ အောက်သို့ ရေက်နေလိုက်နှင့် အင်္ဂလန် ကျွန်း ကို ပျောက်ချည် ပေါ်ချည် ကွက်ကြား ကွက်ကြား သောမြင်ရပါတော့သည်။
သို့နှင့် တချိန် တိမ်မြူကင်းစင်၍ လေယာဉ်မှ အောက်သို့ ငုံ့ကြည့်သောအခါ အင်္ဂလိပ် ရေလက် ကြားခေါ်တဲ့ ပင်လယ်ပြင် ပေါ်မှ ဖြတ်ကျော်နေသည်ကို တွေ့မြင်ရပါသည်။
ရေပြင်မှာ ပြာလဲ့လဲ့ အင်္ဂလန်ကျွန်းဘက် ဒို့ဗာကမ်းခြေတလျှောက်ကတော့ ဖြူဖွေးတဲ့ ကျောက်ကမ္ဘာ ပြတ်ကြီး များကို ပန်းချီကားထောင်ပြသကဲ့သို့ ရှုမြင်ကွင်းလှလှနှင့် တွေ့ရသည်။
ပင်လယ်ရေပြင် မှာ ကူးသန်းသွားလာနေကြတဲ့ ပင်လယ်ကူး သင်္ဘောကြီးတွေမှာလည်း သခွားခွံ ကလေး တွေ မြောနေသလို တွေ့မြင်ရပါသည်။
ပင်လယ်ကမ်း တဘက်မှာရှိတဲ့ ပြင်သစ် ပြည်နော်မံဒီကမ်းခြေဘက်ကလည်း စိမ်းစိမ်းစိုစိုနှင့် မြကမ္ဗလာကြီး ကို ဖြန့်ခင်းထားပါသည်။ ကြည့်လို့ ကောင်းနေခိုက်မှာ မိုးတိမ် တိုက်တွေရင်ဆိုင် လာပြီး လေယာဉ်ပျံကြီး လည်း နိမ့်ချည် မြင့်ချည် ' အဲယားပေါ့ကက် ' ဆိုတာတွေကို ဖြတ်ကျော် ပျံသန်းနေရပြန်တယ်။
ချစ်ချင်စဘွယ် လေယာဉ်မယ်
ဒီအချိန်မှာဘဲ နေ့လည်စာကျွေးချိန် ရောက်လာလို့ လေယာဉ်စီးတဲ့ ခရီးသည်များကို ပြုစုဘို့ လိုက်ပါလာတဲ့ လေယာဉ်မယ် ကလေး နှစ်ဦးဟာ ယာယီစားပွဲ ကလေးတွေ လူစေ့အောင် လိုက်တပ်ပေးတဲ့ လူကပေး စားစရာ လင်ဗန်းကလေးများ လိုက်ချသူက ချနှင့် ကိစ္စရှုပ်နေကြပြီး ဒီဝေဟင်နယ်မှာ ပျော်ကြတဲ့ လေယာဉ်မယ် အလှကလေး တွေဟာ ပြုံးရွှင်ကြည်လင်တဲ့ မျက်နှာနဲ့ လူတကာကို ဖော်ဖော်ရွှေရွေ ယုယုယယ နှင့် ပြုစုရှာကြတာဟာ အင်မတန် ချစ်စရာကောင်းတယ်။
စီးပွားရေး မျက်စေ့နှင့်ကြည့်မယ်ဆိုရင်လည်း (ဘီအိုအေစီ) အမေရိကား (အေအဲလ်အမ်) အဲဒီလေ ကြောင်း ကုမ္ပဏီ တွေဟာ လေယာဉ်စီးတဲ့ ခရီးသည်တွေ စိတ်ကျေနပ်အောင် အပြုအစု ပြိုင်နေ ကြသလိုဘဲ ဗမာပြည် မှာလည်း ကုမ္ပဏီပိုင် လေကြောင်းခရီးတုန်းကတော့ အပြုအစုခံလိုက်ကြရ ဘူးသေးတယ်။ ကျွေးမွေး တဲ့ စားစရာတွေဆိုလျှင်လည်း မြို့ထဲဟိုတယ်တွေထက် အရသာရှိ တယ်။ စုံလင်တယ်။ လင်ပန်း ကစပြီး ပန်းကန်ခွက်ယောက်၊ ခရင်းမှ အစ ပေါ့ပါးတဲ့ ပလပ်စတစ် ပစ္စည်းနဲ့ လှုပ်ရှားရင်လည်း မလဲ မစောင်း စေရန် အခြေခံမြဲတဲ့ ပုံစံစနစ်နဲ့ ပြုလုပ်ထားတယ်။ အဲဒီလို ၅ မိနစ်လောက်နေ့လည်စာ စားနေတဲ့ အချိန် အတောအတွင်းမှာ မကြာမကြာ လေယာဉ်ပျံ နိမ့်လိုက် မြင့်လိုက်၊ စောင်းလိုက် လူးလိုက် ဖြစ်နေတော့ ခရီးသယ် ထဲက မျက်နှာဖြူ အမျိုးသမီး ၃ ယောက် အစားခွက် တန်းလန်းနဲ့ မူးပြီး ထိုးအန်ကျတယ်။ လေယာဉ်မယ် ကလေးတွေလည်း သုတ် သင်သိမ်းဆည်းပေးရတဲ့အလုပ်တွေ ရှုပ်ပွေသွားတာဘဲ။
လေယာဉ်ပျံပေါ် မှာ မမခင် မူးလျှင် ရှူရအောင်လို့ဆိုပြီး ထည့်ပေးလိုက်တဲ့ သွေးဆေး၊ ရေမွှေးပုလင်းနဲ့ သံပုရာသီး တလုံးဟာ ထွက်လာတဲ့ နေ့ကစပြီး ဒီအချိန်ထိအောင် အကျိုးမဆောင် ရသေးလို့ သူတို့ကဖြင့် မမခင် ကို ကျေနပ်ပုံမရကြပါ။ စားစရာ သောက်စရာကိစ္စပြီး၍ စားပွဲကလေး တွေသိမ်းဆည်းနေကြချိန်မှာ တိမ်တိုက် တွေ ရှင်းလင်းသွားပေပြီ။
လေယာဉ်ပျံကြီးလည်း ပင်လယ်ပြင်နှင့် နော်မံဒီ ကမ်းခြေကို ကျော်လွန်၍ ဆွစ်ဇာလန်တောင်တန်း များမှာ အလွန် မြင့်မားကြသည့် အားလျော်စွာ လေယာဉ်ပျံကိုလည်း ပေနှစ်သောင်းကျော်က ပျံနေရ ပါသည်။
မြူတိမ်ကင်းစင် ကြည်လင်ခိုက်ဖြစ်၍ အထွတ်ထွတ် အလိပ်လိပ်တက်ခါ နင့်ထက်ငါကမြင့်သကွာလို့ အချင်းချင်းအားကျမခံ ခြေဖျားထောက်ပြိုင်နေတဲ့ တောင်စဉ် တောင်တန်းများကို ကြောက်ခမန်း၊ လန့်ခမန်း၊ မျှော်မဆုံးအောင် တွေ့မြင်နေရပါသည်။
နှင်းခဲ ရေပျော်ကျချိန် ဖြစ်သောကြောင့်၊ တောင်ထိပ်ပိုင်းတွေမှာ ကျောက်ညို ကျောက်မဲကြီးတွေ ပေါ်နေပြီး ရှိုကြား မှန်သမျှ ကြီးကြီးငယ်ငယ်မှာ ဖြူဖွေးသော နှင်းခဲများ ဖုံးလျက်လုံးလျက် တွေ့ရသောကြောင့် အဖြူနှင့် အမဲ အရောင်နှစ်မျိုးကလွဲပြီး၊ အခြား ရှူမျှော်ခင်းဆို၍ မမြင်ရတော့ပါ။ ခါတခါ တိမ်တိုက်နှင့် လာတိုးလျှင် အဖြူရောင် သက်သက် လွှမ်းမိုးကြီးစိုးသွားကြပြန်ပါသည်။
ဒီလိုနှင့် တောင်ထွတ်နှင်းဖုံးလောကကြီးက ၀ါးကနဲ လွန်မြောက်ပြီး စိမ်းစိုသော တောင်တန်း ကလနာ ချသည့် ပြာလဲ့လဲ့ ရေပြင်ကျယ် အိုင်ကြီးကို အလယ်ဗဟိုပြုကာ သာယာသော တောင်ပေါ်မြို့ကလေးတွေ၊ အိမ်မိုး နီနီကလေးတွေကို တကန့်တကန့်တွေ့မြင်ရပါသည်။
ဆွဇ်ဇလန်ပြည်၏။ မြို့ကြီး မြို့ကလေးမှန်သမျှ ကောင်းကင်မှစီး၍ တ၀ကြီးကြည့်လိုက်ရပါတော့ သည်။ တတောင် နှင့် တတောင် ကူးသော ကြိုးသွယ်ရထားကလေးတွေကလည်း ပင့်ကူကောင် အမြှင်တန်း သည့်နှင်နှင်။ အေးအေးချမ်းချမ်း သာသာယာယာနှင့် ဦးနှောက်ကို အသုံးချကာ စက်ကိရိယာတန်ဆာပလာ။ အထူးသဖြင့် နာရီမှာ ကမ္ဘာကျော်အောင် အထက်တန်းကျခဲ့ကြတာဘဲ လို့ ဘုတလင်က၊ ကိုရင်ဘစံ၊ ဆီ ရောင်းလို့ ပြန်ခါနီးမှာ လက်ပတ်နာရီ ဆွဇ်စမိတ် မှ လိုချင်သကွာလို့ ပြောဘူးတာသွားပြီး သတိရ မိသေး တယ်။
ဆွစ်ဇာလန်မှပြင်သစ်သို့
ဆွဇ်ဇလန်နိုင်ငံ နယ်နိမိတ်က လွန်ပြီးတဲ့ နောက်တော့ ပြင်သစ်ပြည်ဘက်ကို ၀င်လာခဲ့တာ ပါဘဲ၊
ဒီဘက်မှာတော့ တောင်စဉ်တောင်တန်းများ ပါးသတဲ့ပါးပြီး မြေပြင်ဟာ ဆီမျက်နှာပြင်လို ညီလာ တယ်။ စိမ်းစို တဲ့ လယ်ကွင်းနှင့် သီးခင်း၊ ပွင့်ခင်းကြီးတွေဟာ တမျှော်တခေါ်ပါဘဲ။
လယ်ထွန်စက်နှင့် ဆွဲတဲ့နိုင်ငံဆိုတော့ ဗမာပြည်က နွားနဲ့ထွန်တဲ့ လယ်ကွက်တွေလို ကန့်သင်းကွက် စိပ်စိပ် ထားလို့ မရပါ။ တကွက်တကွက်မှာ ၁၁ မိုင် ၁၅ မိုင် ကျယ်ရပါသည်။ ကျယ်သလောက်လည်း ထွန်ယက် တဲ့ အခါ အချိန်တိုတို စရိတ်ကျဉ်းကျဉ်းနဲ့ ဖြန့်ဖြူးလှပတဲ့ စိုက်ခင်း တွေရနိုင်ခြင်းဖြစ်ပါသည်။
စိမ်းလန်းစိုပြေရှုခင်းတွေ
သစ်တောကြီးတွေကလည်း တမျှော်တခေါ်ကျယ်ပါသည်။ ဗမာပြည်က ကျွန်းပင်မျိုး မရှိသော်လည်း ၀က်သစ်ချ အုတ် ထင်းရှူးစသဖြင့် စိမ်းရောင်စိုတဲ့ သစ်တောကြီးတွေ ပါဘဲ။ သည်သစ်တောနဲ့ လယ် ကွင်းသွယ်တန်း ဖေါက်လုပ်ထားတဲ့လမ်းတွေမှာ၊ တတ္ထရာစေးရောင်၊ ညိုပြာပြာနှင့် အမွှာမွှာ အကန့်ကန့် မြို့ ရွာ နယ်ပယ် တလျှောက် ဒိုးရိုပေါက်၊ ဖေါက်လုပ်ထားပြီး အဓိကရ သစ်တောကြီးများ အတွင်းမှာလည်း တောလမ်းခရီးအသုံးချနိုင်ရန်၊ မျဉ်းသားသလို၊ တပြေးတည်း တညီတည်း မိုင် ပေါင်းများစွာ တမျှော်ကြီး ဆက်သွယ် ထွင်းဖေါက် ထားသည်မှာ၊ မြေပြင်ကနေ၍ ကြည့်ရသည်ထက် ဝေဟင်ထက်မှကြည့်ရဒါက မိမိရရ၊ လှလှပပ မြင်ရပါသည်။
ရှေးရှေးအခါ ' နပိုလီယန် ' တို့ခေတ်ဆီကစပြီး ကြီးပွားထွန်းကား၍ အထွတ်အထိပ်ရောက်ခဲ့ရပုံ၊ နောက်မကြာခဏ ပုန်ကန်မှုတွေ ရှုပ်ပွေခဲ့ကြပုံစတဲ့ ပြင်သစ်ရာဇ၀င်ကို နောက်ခံထားပြီး၊ ပြင်သစ် ပြည်ရဲ့ ရှုမျှော်ခင်း ကို အာရုံခံလို့မှမပြီးခင် လေယာဉ်ပျံဟာ(ပဲရစ်)မြို့ပေါ်ကိုဝဲပြီး၊ ' စိန်းမြစ် ' ကြီးကို ထင်းထင်း ကွက်ကွက် တွေ့ရပါသည်။
အင်္ဂလန်ပြည်က လန်ဒန်မြို့ဟာ သိမ်းမြစ်ကို ဗဟိုထား၍ အဆောက်အဦးများ ပြည့်ကြပ်အောင် တည်ရှိ နေသလို ပြင်သစ်ပြည် ပဲရစ်မြို့ကြီးဟာလည်း ' စိန်းမြစ်' ခေါ်တဲ့ မြစ်ကြီးတဘက်တချက်မှာ ပြည့်ကြပ်စွာ ဆောက်လုပ် ထားတဲ့တိုက်ကြီး ကားကြီးတွေ မြစ်ကိုဖြတ်ကူးတဲ့ တံတားကြီးတွေ၊ အမြောက်အများ တည်ရှိနေပါသည်။
အချိန်ကောင်း ရာသီဥတု ကြည်လင်ဆဲဖြစ်၍ လေယာဉ်ဝဲသလောက် အောက်က မြင်ကွင်းတွေကို လည်း သဲသဲ ကွဲကွဲ တွေ့ရပါသည်။
' အပ္ပါယ်တားဝါး ' ခေါ်တဲ့ အဓိကရ သံမျှော်စဉ်ကြီးနဲ့ ' စိန်းမြစ် ' အလယ်ကကျွန်းပေါ်မှာ ဆောက် လုပ်ထား တဲ့ ကမ္ဘာကျော် (နော်ဘီဒိန်း) ဘုရားရှိခိုးကျောင်းကြီးကိုလည်း လေထဲကဘဲ ပြတ်ပြတ် သားသားမြင်ရပါပြီ။ သည်မျှ လောက်နဲ့ဘဲ လေယာဉ်ဟာ ပဲရစ်မြို့ကို ဖြတ်ကျော်ပြီး မြို့အစွန် ဆင်ခြေဖုံးမှာရှိသည့် လေယာဉ်ကွင်း ကို ဆင်းလိုက်ပါသည်။
လေဆိပ်မှာ ခရီးသယ်တို့ ပြုမြဲဝတ္တရားအတိုင်း ပြုလုပ်ပြီးသည့်အခါ ပစ္စည်းရောလူပါ လေယာဉ် ကုမ္ပဏီက သယ်ယူ ပို့ဆောင်သောကားနှင့် ပဲရစ်မြို့ရှိ လေကြောင်းဌာနသို့ နာရီဝက်ခန့်သွားကြရ သည်။
ပဲရစ်မြို့တွင်း ကို ဖြတ်ကျော်၍ အတော်စုံလင်အောင် တွေ့မြင်ရပြီးတဲ့နောက် မြို့လယ်ရှိ လေကြောင်းဌာန အဆာက်အဦးကြီးသို့ မြေအောက်ကားလမ်းမှ ၀င်ရောက်မိကြပါပြီ။
သည်ကတဆင့် ခရီးသည်တို့ နားနေရာအပေါ်ထပ် အခန်းသို့ တက်ခဲ့ရပြီး ပစ္စည်းများကို စောင့်နေစဉ် ခင်မင် ဖော်ရွေစွာ လာရောက်ကြိုဆိုနေရှာသော ပဲရစ်မြို့နေ ပြင်သစ်သံအမတ် ဦးဇော်ဝင်း ၏ ဇနီး ခင်ဇော်ဝင်း တို့ သားအမိကို တွေ့ရပါသည်။
မြန်မာပြည်မှ ဆွေမျိုးများအကြောင်း အားရ၀မ်းသာ နှုတ်ဆက်ပြောဆိုနေကြစဉ် ပစ္စည်းသေတ္တာများ ရောက်လာ သဖြင့် ကားပေါ်တင်ပြီး ခရီးဆက်ခဲ့ပြန်ရာ...၊ မကြာမီပင် တည်းခိုရန် စီစဉ်ထားသော ဟိုတယ် သို့ ရောက်ကြပါသည်။
တည်းခိုသောဟိုတယ်မှ ' ဗစ်တာဟူးရိုး ' လမ်းတွင်ရှိ သံအမတ် ဦးဇော်ဝင်းတို့နေရာ အဆောက် အဦှး နှင့် တလမ်းထဲ ပင်ဖြစ်ပါသည်။ ထိုလမ်းအမညမှာ ' ဗစ်တာဟူးရိုး ' ခေါ် စာရေးဆရာပညာရှိ ပုဂ္ဂိုလ်ကြီးကို အစွဲ ပြု၍ မှည့်ခေါ်ထားသော လမ်းဖြစ်သည်။
ဟိုတယ်မှာ (ဗစ်တာစိန့်ဟိုနိုရေးဒေးလူး)လို့ ပြင်သစ်လို့ခေါ်ပါသည်။ ဟိုတယ်အခန်းမှာ ပစ္စည်း သေတ္တာ များထားထား၍ လိုက်ခဲ့ပါဟုခေါ်သဖြင့် အခန်းသော့ခပ်ကာ သံရုံးအဆောက်အဦးသို့ လိုက်သွား ကြပါသည်။
ဗမာပြည်က လာရောက် အလုပ်လုပ်နေကြသော သံရုံးအဖွဲ့ ၀င်အရာရှိများပါ ပျော်ပျော်ပါးပါး စကားပြော ကြပြီး နောက် ညစာ စားချိန်ရောက်သဖြင့် အသင့် စီမံထားသော မြန်မာပြီပြီ ထမင်းဟင်းများကို စားကြ ရပါသည်။
ထမင်းစားပွဲ တွင် နောက်တနေ့ကစ၍ ပဲရစ်မြို့ပေါ် လှည့်လည်ကြည့်ရှုရန် ' ပရိုဂရမ် ' အစီအစဉ်ကို နှုတ်ဖြင့် ဆွဲလိုက် ကြပါတော့သည်။
ယုဝတီများကျန်းမာကြပါစေ၊

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပဲရစ်သံရုံး
လန်ဒန်မှ ပဲရစ်ကို ရောက်တဲ့နေ့မှာ လန်ဒန်မြို့ရှိ မြန်မာသံအမတ်ကြီး ဦးကာစီကတဆင့် အကြောင်း ကြားထား သဖြင့် ပြင်သစ်ပြည် ပဲရစ်မြို့မှ သံအမတ် ဦးဇော်ဝင်၏ ဇနီးနှင့် သမီးများ လာ ရောက်ကြိုလျှက် သူတို့ သံရုံးနှင့် တလမ်းတည်းတွင် အသင့်ငှားထားသော ပြင်သစ် ဟော်တယ် ဗစ်လာစိန် ဟိုနိုးရေးဒလူးသို့ ပို့ပြီး ညစာကို မြန်မာ ထမင်းဟင်းများဖြင့် ဦးဇော်ဝင်းတို့အိမ်တွင် ကျွေးမွေးဧည့်ခံပါသည်။
ပဲရစ်မြို့ရှိ ဗမာသံရုံးမှာ လန်ဒန်မြို့၊ ၀ါရှင်တန်မြို့များတွင် ရှိသော ဗမာ့ သံရုံးများကဲ့သို့ ခန့်ညားသော သံအလုပ်ရုံ နှင့် လှပသော သံအမတ်အိမ် သီးခြား မထားနိုင်သေးဘဲ ရှိရာတွင် အဆောက်အဦးကလည်း ဟောင်းနွမ်း အိုမင်း၍ ကျဉ်းကြပ်နေသောကြောင့် ဗမာနိုင်ငံတော်၏ ကျက်သရေဆောင် ပြောင်ပြောင် လက်လက် ခမ်းခမ်းနားနား ဗမာပီပီ ပြင်ဆင်ထားနိုင်မည့်သံရုံး အဆောက်အဦး ကောင်းကောင်းတခု ရှိဘို့ နေသည် ဟု ထင်ပါသည်။
သံရုံးအဖွဲ့ဝင်များကို စုံစမ်းသောအခါ ကြိုက်သော အဆောက်အဦး ငှားမရသေးသောကြောင့်၊ တဖြေးဖြေး တော့ ရပါလိမ့်မည်ဟု သိခဲ့ရပါသည်။ သို့ရာတွင် ကြိုက်ရာ အဆောက်အဦးကို ငှားမရ သေးမှီ ယခု အိမ်ဟောင်း အိမ်ပျက်ကြီးကိုပင် အိမ်ရှင်က ဖယ်ပေးရမည် ဆိုသောကြောင့် သံရုံးရော၊ သံအမတ်ပါ ဗစ်လာစိန် ဟိုနိုးရေးဒလူး ဟော်တယ် တစိတ်တဒေသကို ငှားရမ်းပြောင်းရွှေ့ ပေးရ ပြန်ကြောင့် တဆင့် စကား ကြားသိရပြန်ပါသည်။
ပြင်သစ်ပြည် ပဲရစ်မြို့ဆိုသည်မှာ ကမ္ဘာ့ခရီးသည်များ ဥဒဟို ၀င်ထွက် သွားလာရာဌာနကြီး တရပ် ဖြစ်သည် တကြောင်း၊ ပြင်သစ်ပြည် ဆိုသည်မှာ ကမ္ဘာ့နိုင်ငံကြီးတခု ဖြစ်သည်ကတကြောင်း၊ ကမ္ဘာ ပေါ်ရှိ နိုင်ငံ အသီးသီး တို့မှ သံရုံးကြီး ငယ်ပေါင်း သုံးဆယ်ကျော် ရှိကြသည့်အနက် ဗမာသံရုံးမှာ အစုတ်ချာ ဆုံးဖြစ် နေရာ တွင်ပင် ဖင်မြဲမြဲမနေရသေးဘဲ ရွှေ့ဖယ်ပေးနေရသည်တကြောင်း တို့ကြောင့် ဗမာ့သံရုံးကို လူသူ လေးစား ခန့်ညား ဘွယ်ရာ ထားပေးရန်အထူးသင့်တော်နေပြီဟု သဘောရပါသည်။
ပဲရစ်မြို့၏ညရှူမျှော်ခင်း
ထို့နေ့ညသည် ဦးဇော်ဝင်း ကိုယ်တိုင် ကားမောင်းလျှက် ပဲရစ်မြို့နှံ့အောင် လိုက်လံပြသရာ အသွယ် သွယ်သော လမ်းကြီးလမ်းမွှာများတွင် ထိန်ထိန်ပြောင်ပြောင် တောက်လောင် ခမန်းခမ်းနား ကြီး ကျယ်သော မီးသွယ် မီးတန်းကြီးများကညဥ့်အမှောင် နောက်ခံတွင် ရောင်စုံချယ်၍ ဖြစ်နေကြသည်၊ တအံ့တသြ တွေ့မြင် ရပါသည်။
လမ်းဘေး တလျှောက် တွေ့မြင်ရသော အဆောက်အဦးများ၊ ညဥ့်ကလပ်များ၊ ကုန်တိုက်ကြီးများ၊ ဈေးဆိုင်ကြီး များနှင့် စားသောက်ဖွယ်ရာရောင်းချသော ' ရက်စ်တော်ရင့် ' ကြီးများမှာ ရောင်စုံ ဓာတ်မီး ချောင်း မီးပွင့်များကို လိုတာထက် ပိုပိုသာသာကြီး သုံးထားပါသည်။
အဲဒါကြောင့်ပင်ဖြောင့်စင်းသော လမ်းကြီ တခုကိုမျှော်ကြည့်လိုက်လျှင် လမ်းဘေး တဖက်တချက် မှာ မြေပြင် အောက် ခြေမှစပြီး တဆယ့်သုံးလေးထပ်မြင့်သော တိုက်တန်းကြီးတွေ တလျှောက်က ၀င်းဝင်းတောက် ပြောင် ရောင်မျိုးထွေထွေ စပ်ချယ်ထားတဲ့ မီးရောင်စုံ နံရံကြီးများကို မျှော်မဆုံး မြင်မဆုံးနိုင်ဖြစ်ပါသည်။
ဝဲလမ်း၊ ညာလမ်းထားပြီး ကားများ၊ ယာဉ်များ၊ သွားတလမ်း၊ ပြန်တလမ်းထားတဲ့ လမ်းမကြီးများမှာ ဆိုလျှင်လည်း အမျှင်မပြတ်တဲ့ မီးနီတွေတတန်း၊ မီးဝါတွေက တတန်းဖြစ်နေသည်။
မီးနီတန်းမှာ သွားနေသော ကားတေရဲ့ နောက်မှ မြင်ရခြင်းဖြစ်၍ မီးဝါတန်းမှာ လာနေသော ကားတွေရဲ့ ရှေ့မှနေမြင်ရခြင်းဖြစ်သည်။ အရှေ့လမ်းကိုလျှောက်၍ အနောက်လမ်းကို မျှော်လိုက် လျှင်၎င်း၊ အနောက်လမ်းလျှောက်၍ အရှေ့လမ်းကို မျှော်လိုက်လျှင်၎င်း၊ တံခွန်တိုင် ရွှေအုက္ကားနဲ့ဘုရားကို မမြင်ရစေကာမူ တန်ဆောင်တိုင် မီးပွဲပမာ ဘယ်လမ်းကိုဘဲ မျှော်ကြည့်လိုက် မျှော်ကြည့်လိုက် သည်မီးအတိုင်းသား မီးရောင်ဖြာလျှက်စုံတွေ့မြင်နေရပါသည်။
ပဲရစ်မြို့ရှိ အစည်ကားဆုံး လမ်းရှည်ကြီးမှာ ရှိရှိသမျှ မီးရောင်စုံ လမ်းတွေထဲမှာ သူဟာ ဗိုလ်အကျဆုံး၊ ကျယ်လည်းအကျယ်ဆုံး၊ ကုန်ဆိုင်ကြီးတွေ။ ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ၊ ဟော်တယ် စသည် လူအများဆုံး ကြိတ်ကြိတ် တိုးလျှက် နေ့ရော ညရော ဘယ်အါမှ လူရှင်းနေသည်ဟု မရှိ တော့ပါ။
ပဲရစ်မြို့ လမ်းပေါ်ရှိ လမ်းတွေပေါ်မှာ ထွန်းပေးတဲ့ ဓာတ်မီးတိုင်များဟာ တခုနှင့်တခု နီးကပ်လျက် ရှိကြသည်။ အပေါ်မှာ မီးတိုင်တတိုင် မီးလုံးကြီးများ နှစ်လုံးသုံးလုံးက ငါးလုံးအထိ တတ်ဆင်ထား သဖြင့် အလင်းရောင်မှာ နေ့နှင့် ညမကွာလှတော့ သလောက် ရှိပါတော့သည်။
ရှည်လျားသော မီးလုံးကြီးတွေ တသွယ်တတန်းကြီး မြင်ရတဲ့ အတွက် မျက်စိပသာဒကို အထူးလှပ ကြည်လင်နေကြသည်။
နောက်တဖန် လမ်းမီးတိုင်များထားပုံမှာ လန်ဒန်တို့ ... နယူးယောက်တို့ကလို တမြို့လုံးတမျိုးတစား တည်းထား သည်မဟုတ်ပါ။ လမ်းကြီးတလမ်းမှာဆိုလျှင် မီးလုံးကြီးများ၏ ပုံစံကို တမျိုးစီ ခွဲထားလိုက် ပါသေးသည်။ တမြို့လုံးရှိသမျှ လမ်းတွေ လိုက်ကြည့်မည်ဆိုလျှင် တမင် တကာ အလှအပ အသားယူ ဂုဏ်ယူလျက် ထွန်းထားသော လမ်းမီးတိုင်တွေ ပေလော...ဟု တွေးတော ထင်မှားလောက်သည်။ တလမ်းနှင့် တလမ်းရှိသော မီးပွင့် မီးလုံးပုံသဏ္ဍာန်များ တခုနှင့် တခုမတူကြပါ။ ၀ိုင်းဝိုင်းတမျိုး၊ လေးဒေါင့်၊ ငှက်ပျောဖူး၊ ရှည်ရှည်၊ ပြားပြား၊ လုံးလုံး၊ ဂျပန်မီးပုံးလို ကတမျိုး၊ ပုဏ္ဏားစည် ကလေး လိုကတသွယ်၊ ဟိုရှေးရှေးက ရေနံဆီထွန်း လမ်းမီးတိုင်လိုကတဖုံ၊ ပုံစံမျိုးတော့ စုံလို့သွားပါတော့သည်။
မီးတိုင်ကို ရိုးရိုးသံတိုင် အုတ်တိုင်လိုမဟုတ်ပြန်သေး။ ရှေးအနုပညာလက်ရာမြောက်တဲ့ အတွန့် အတက် အခက်အနွယ်တွေနှင့် ချယ်လှယ်လျက် ထွန်းလုပ်ထားပြန်သေးသည်။ မြို့ပြ သာယာမှုကို မခိုမကပ် အမြတ် မထုတ်ကြသောကြောင့်သာဟု ယူဆမိပါသည်။ ဒါတောင် ပြင်သစ်ပြည် ကမ္ဘာ စစ်ကြီးအပြီးမှာ စီးပွားရေး၌ အတော် အကြပ်ရိုက်သွားရှာခဲ့သည်။
ညဈေးတန်း စားစရာဆိုင်ကြီးမှာလည်း အင်္ဂလိပ်၊ အမေရိကန်တို့နှင့်မတူ သူတို့ကတပါသာကွဲနေပါ သေးသည်။ လန်ဒန်တို့၊ နယူးယောက်တို့ရှိ စားစရာဟော်တယ်များမှာ လင်ပန်းထိုး၍ လိုရာဝယ်ယူ စားနိုင်သော ဆိုင်ကြီးတွေမှာ ဆိုင်တွင်း၌သာ စားပွဲကုလားထိုင်တွေနှင့်စားသောက်နိုင်ရန် ခင်းကျင်း ပြင်ဆင်ပေးထားကြသည်။
ပြင်သစ်ကတော့ ဒီလိုမဟုတ်သေးပါ။ ဆိုင်ထဲမှာ ပြင်ဆင်ခင်းကျင်းထားတဲ့အပြင် ဆိုင်အပြင်ဘက် လူသွားလမ်း ပလက်ဖေါင်းပေါ်မှာထွက်ပြီး ကုလားထိုင်တွေ ခင်းကျင်းပြင်ဆင်ထားလိုက်သေးသည်။ နေ့လည် နေပူချိန်ဆိုလျှင် အပေါ်က တာရပတ်အခင်း အကြားကြီးများ မိုးပေးသည်။ တာရပတ် အခင်း ဆိုသည် မှာ အဖြူနှင့်အနီ၊ အဖြူနှင့်အစိမ်း စင်းထားသောအရောင်မျိုး၊ ပြင်သစ်စားစရာဆိုင် များ၏ မူ အဖြစ်သုံးလေသည်။
စားပွဲခင်းအနီရောင် ခင်းထားသော စားပွဲကုလားထိုင်ခုံများကို ရွက်လှပင်ကဲ့သို့ သစ်ပင်တမျိုးကို ခြံ စည်းရိုးကလေးသဖွယ် ပန်းအိုးရှည်များနှင့် ယာယီပိုင်းခြား ကန့်သတ်ပေးထားသည်။ ဤလည်း တမူပင်ဖြစ်ပါသည်။
လမ်းသွား လမ်းလာများသည် ဤပလက်ဖေါင်းနယ်ပေါ်က စားသောက်နေသူများကို ရှောင်ကွင်း ပွတ်သပ် နေကြပါသည်။ စားသောက်နေကြသူများကလည်း အေးအေးဆေးဆေး၊ တငေးတမောပင် လူသွား လမ်းဘေး ၌ အကျအနတိုင် တုတ်နေကြသည်။
ဘီယာခွက်လက်ကမချသော ပြင်သစ်သူမတွေကလည်း ဤနည်းအတိုင်း ပလက်ဖေါင်းလမ်းဘေး ထိုင်ခုံတို့မှာ ဗိုတ်ရှုခံ သဘင်ကျင်းပလျက်ရှိကြပါသည်။ ရုတ်တရက် ကြည့်လိုက်လျှင် ဗမာပြည်က ဗိုလ်တထောင် ဘုရားပွဲ၊ ကျိုက္ကဆံဘုရားပွဲ၊ ဆူးလေဘုရားပွဲမှ ညပွဲဈေးတန်းလဘက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင် တွေ ရှေ့တွင် စားပွဲကုလားထိုင်ကလေးတွ လမ်းပေါ် ထုတ်ခင်းထားသကဲ့သိုပ မြင်ရ သည်။
သို့သော် ... သူတို့ဆီကတော့ လမ်းပေါ်မှာ ဖုံတွေ၊ အမှိုက်တွေ၊ ရွံ့ဘွတ်တွေ၊ ပေရေညစ်ပတ်မနေ၊ မြောင်းပုတ် နံ နံနံစော်စော် အနံ့မျိုးတွေလဲမရှိ၊ အခင်းအကျင်းကလည်း သန့်သန့်ရှင်းရှင်းနှင့် ၀င်းဝင်း တောက် နေပါသည်။
ပြင်သစ်ပြည်မှ အလှကုန်ဖြစ်တဲ့ ရေမွှေးပေါင်ဒါများ၊ ကမ္ဘာက အမြတ်တနိုး အသုံးပြုကြသည့် အနက်မှ ရေမွှေးကို အထူးထုတ်လုပ်သုံးစွဲသော နိုင်ငံဖြစ်သည်နှင့်အညီ လမ်းသွားလမ်းလာ ပြင်သစ်သူ အမျိုးသမီး တွေနှင့် တိုးမိတိုင်း ရေမွှေးနံ့ကဖြင့် သင်းသင်းပျံ့ပျံ့ ယနံ့ ကြိုင်လှိုင်လျက်ရှိ ကြပါသည်။ ရေမေးကို ရေလိုသုံးကြပေမဲ့ ရေကိုတော့ မသောက်ကြပါ။ ဒါကြောင့် စားစရာဆိုင် တွေဆိုလျှင် ဘယ်တော့မှ ရေပေးလေ့မရှိပါ။ တကူးတကန့် တောင်းသောက်မှဘဲ ရပါသည်။ သူတို့ ဆီမှာ ရေသောက်မဲ့ အစား ယောက်ျား ရော၊ မိန်းမများပါ ဗြစ်ရည်ကိုသာ ရေအမှတ်ဖြင့် သောက်ကြ တဲ့အလေ့ရှိကြပါသည်။
ပဲရစ်မြို့က အစားအစာများမှာဆိုရင်လည်း ဟင်းကျွေးဟင်းရာများချက်ပြုတ်ရာမှာ ဥရောပ တ၀ိုက် တွင် ပြင်သစ် ဟာဖြင့် နာမည်ကြီးခဲ့တဲ့အတိုင်း ဘာမဟုတ်တဲ့ ဆိုင်ကလေးမှာပင် အရသာပေါ်စေ တဲ့ သတ္တိရှိပါသည်။ ဗမာရဲ့ လျှာနဲ့ ခံတွင်းတွေ့စေတတ်တဲ့ အစာတွေများပါတယ်။ ဆားပြားမပါတဲ့ ရေလုံပြုတ်တွေမဟုတ်ပါ။ နောက်တခု ဗမာနဲ့ လိုက်လျောနိုင်တဲ့အချက်တခုက တဦးနှင့်တဦး ရှေး ကသိကျွမ်းခြင်း မရှိပေမဲ့ လမ်းပေါ်မှာ ရင်ဆိုင်တွေ့ကြတဲ့အခါဖြစ်စေ၊ ယာဉ်ရထားပေါ်မှာဖြစ်စေ၊ တယောက်နှင့် တယောက်ကြားက မိတ်ဆက်ပေးမည့်သူမရှိဘဲနှင့် စကားပြောနိုင်ကြတယ်။ မေး မြန်းနိုင် ကြတယ်။ တယောက်တလှည့် အမည်နေရပ် ဂုဏ်ထူးတို့ကိုပြောပြီး မိတ်ဆွေဖြစ်သွားနိုင် တယ်။ ဗမာပြည် မှာ ကျောင်းတကာကြီး၊ ဘယ်အရပ်ကို ရောက်တဲ့ ပေါက်တဲ့အခါ ၀င်သွားပါအုံးဆို တဲ့ ဖိတ်ခေါ်မှုမျိုးကစပြီး အချင်းချင်း အသိမိတ်ဆွေဖြစ်သွားနိုင်ကြသလိုပါဘဲ။
အင်္ဂလန်ပြည်မှာတော့ ... လမ်းပေါ်မှာဘဲဖြစ်စေ၊ အိမ်ထဲမှာ ဟော်တယ်မှာ ဆိုင်ထဲမှာ ရုပ်ရှင်ရုံထဲမှာ အချင်းချင်း တိုးတိုးကလေးပြောပြီး သူတပါးကို မိမိတို့ အသံကြောင့် အနှောင့် အယှက် မဖြစ်စေရအောင် ဆိတ်ငြိမ်ခြင်း ကို ယဉ်ကျေးမှုတရပ် အကျင့်တရပ်အဖြစ်နဲ့ ဂုဏ်ယူကြ သော်လည်း ဥရောပ အပါအ၀င် ပြင်သစ်ပြည် ပဲရစ်မြို့မှာတော့ ဆိတ်ငြိမ်မှုကို ထပ်ပြီး အသားယူ ကြပုံမရပါ။
ကိုယ့်နှင့်နီးစပ် အသိမိတ်ဆွေချင်း လမ်းပေါ်မှာ ဟစ်အော်ခေါ်ကြသည်။ စကားဝိုင်းဖွဲ့ချင်က ဖွဲ့ကြ ပြီး ၀ါးကနဲ အော်ရယ်ချင်လည်း ရယ်လိုက်ကြသည်။
အခြားတဦးကလည်း ဒီအသံတွေကြောင့် အနှောင့်အယှက် ဖြစ်တယ်လို့ ယူဆဟန်မတူ ၊ ရှုံ့ချမျက် နှာနှင့် လှည့်၍ မကြည့်ကြပါ။ သို့မဟုတ် မသိမသာကလေး ဖယ်ခွာကြဉ်ရှောင်သွားသော အနေမျိုး နှင့် တယောက် ပြီး တယောက် ကြက်ပျောက်၊ ငှက်ပျောက်ပျောက်၍ မတွားတတ်ကြပါ။
လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်း၊ ဟောဟောဒိုင်းဒိုင်း ပြောဆို ရယ်မောမှုမျိုးဟာ ချုပ်ချုပ်ချယ်ချယ် ပါးစပ်ပိတ်နေရမယ် ဆှိုလျှင် အင်မတန် စိတ်ကျဉ်းကြပ်တတ်ကြတဲ့ ဗမာရဲ့ အယူ အဆနှင့်တော့ ပြင်သစ်ကို နှစ်သက်ကြပါလိမ့်မည်။
တနေရာမှာ စိတ်ပါလက်ပါအသံ ထုတ်ရယ်လိုက်ပြီးမှ မှားများသွားလေသလား၊ ရိုင်းရာ ကြနေ သလားပါးစပ်ပိတ်ပြီး ကျီးလန်ပစာစားစိုးရိမ်စွာ မကြည့်ရတော့ပါ။
အပျော် အပါး အားကြီးတဲ့နိုင်ငံ ဖြစ်လေတော့ ညဥ့်အပျော် စခန်းတွေကလည်းမနည်းပါ။ ကာစီနိုဆို တဲ့ ဗလာကျင်း မယ်တို့ ကပွဲမျိုးတွေ၊ သောက်တော်ဖူးရယ်နဲ့ ကိုယ်မခွာသူတို့ ပျော်မွေ့ရာ ' ဘား' တွေပေါလိုက်များ လိုက်တဲ့ အရာမှာ ဒီပြည်ဒီဌာနကို ဘယ်ကမှ မှီနိုင်လိမ့်မည်မထင်။
အင်မတန်စည်ကားတဲ့ နေရာကလေးတခုမှာတော့ ဖါးကြော်ရောင်းတဲ့ ဆိုင်တခုသည်ဆိုင်က ညညမှ အကြီးအကျယ်ဖားကြော် ရောင်းပါသည်။ုဏ်သရေရှိ လူကြီးလူကောင်းတွေ၊ အရာရှိတွေ၊ နိုင်ငံခြားက လာတဲ့ ဧည့်သည်ဟာ ဒီဖားကြော် ဆိုင်ကို လာမစားဘဲ မနေနိုင်ကြပါ။ နောက်ပြီး အပျော်အပျက်လိုလိုနှင့် အ၀တ်ကို ၀တ်ချင်လို ၀တ်ထားကြသူများလည်း ရှိသေးသည်။
ဆိုင်ထဲဝင်မိလျှင် အင်မတန် အူရွှင်ပြီး ပျော်ချင်ပါးချင်ပြောင်ချင် နောက်ချင်စိတ်ရှိသည်။ သည်စိတ် မျိုးပေါ်လျှင်လွတ်လပ်စွာ ဟစ်အော် ပြောင်လှောင်ရယ်လိုက်သူကို အခြားသူများက အပြစ်မတင်ပါ။ ပျော်ရွှင်စွာ လက်ခံလိုက်သည်။
နောက်တမျိုးက ၀မ်းဘဲကင်ကို နံပါတ်စဉ်နှင့် တတ်၍ ရောင်းသောဆိုင်၊ ဤဆိုင်ကလည်းအမှုပင်၊ သူ့ဘဲကင်နံပါတ် ဘယ်လောက်ရှိသည် ဆိုဒါကို အသားယူထားပြန်သည်။
စားသွားသူ ကလည်း ဤဘဲကင်ဆိုင်မှာ အမှတ် ဘယ်နှစ်သိန်းမြောက် ဘဲကင်ကို စားခဲ့သည်ဟု မှတ်တမ်း တင်လိုက်သေး၏။ ဖန်နန်းရှင် - မှန်နန်းရှင် ဆိုတဲ့ စကားတွေ ဆိုဒါဟာ ဗမာပြည်မှာ အမရပူရခေတ် ဘကြီးတော်ဘုရားလက်ထက်က သုံးစွဲခြ့တဲ့ တော်ဝင် စကားတရပ်ဖြစ်စေကာမူ ပြင်သစ်မှာတော့ အိမ်တိုင်း၊ ဆိုင်တိုင်း၊ နေရာတကာတိုင်းမှန်နန်းရှင်တွေကြီးပါဘဲ။
မှန်ပေါတဲ့ အရပ်ဆိုတော့ အနံ-အလျားကြီးတဲ့ မှန်ကြီးတွေကိုဗမာပြည်က ကျူထရံ တချပ် ၀ယ်သလို ဈေးပေါပေါ နှင့် အလွယ်တကူ ၀ယ်ယူရရှိနိုင်တဲ့အတွက် အထူးအဆန်းတော့ မဟုတ်ပါ ဘူး။
ဒါပေမယ့် မှန်ရှားတဲ့ အရပ်က လူတွေလာရင် ခဏခဏ အူကြောင်ကြောင် ဖြစ်သွားတယ်လို့ သိရ တယ်။
တချို့အမှတ်မဲ့ ဆိုင်ကြီးတခုထဲ ၀င်သွားရင် ဒိတ်ကန့ နဖူးနဲ့ တိုက်ကြသတဲ့။ မှန်းရိပ်တွေဟာ လူကို အမြဲလှည့်စားနေကြတယ်။ တော်ရုံတန်ရုံ အခန်းတခုဟာ လေးမျက်နှာမှာ မှန်ကြီးတွေကလည်း ခြား ထားတော့ ဧရာမ အခန်းကျယ်ကြီးတွေထင်ရတယ်။
လူပရိသတ် အသင့်အတင့် ထိုင်နေလျှင်လည်း လူတွေ အများကြီးလို တွေ့မြင်နေရပြီး ၀င်လာတဲ့ လူကိုရုတ်တရက်မျက်စိလှည့်စားခဲ့တဲ့အတွက် ခြေလှမ်းကိုအလွဲ အမှားဖြစ်သွားစေတယ်။
ပဲရစ်မြို့က ဆိုင်တွေ ကန္နားတွေနှင့် အလုပ်ရုံတွေမှာ ဆိုရင် အလုပ်လုပ်သူများဟာ လူ ၁၀၀ မှာ ၃၀ လောက်သာ အင်္ဂလိပ်စကားပြောတတ်သူများကို တွေ့ရပါသည်။
ကုန်တိုက်ကြီးတွေမှာ အင်္ဂလိပ်စကားပြောနိုင်သူတွေကို နိုင်ငံခြား ဧည့်သည်များနှင့် ဆက်ဆံနိုင်ရန် တခန်း တဌာန လျှင် နှစ်ယောက် သုံးယောက် ထားရပါသည်။
သို့နှင့်ပင် သူတို့မှာ လက်မလည်နိုင်အောင် မေးရဖြေရနှင့် ဖြစ်နေရှာရပါသည်။
လန်ဒန်မှာ ဟုတ်ကဲ့ဆိုတဲ့ စကားမျိုးတွေ အမေရိကန်မှာ ယပ်၊ အိုကေ၊ ရှူးဝါးဆိုတဲ့ ဟုတ်ကဲ့ရဲ့ အစ ပြင်သစ် မှာ ' ဟုတ်ကဲ့ ' ကို ၀ီဝီနဲ့ တ၀ီထဲဝီ၍ နေရှာသည်။
တည်းခိုသော (ဗစ်တာစိမ့် ဟိုနိုးရေးဒလူး) ဟော်တယ်မှာ နံက်စာကိုသာစားသည်။ အနားနီးသော ပြင်သစ်ဟော်တယ်တခုမှာတော့ ငါးကောင်လုံးကျော်က ကောင်းလှသဖြင့် ကြုံတိုင်းဝယ်၍ စားကြ သည်။
၎င်းဆိုင်က စားပွဲထိုး ပြင်သစ် လူငယ်များမှာ ခါးတွင် ဖဲနီစကြီးများပတ်၍ လည်ပင်းလည် အနီစကို စီးလျှက် ယူနီဖောင်း သဖွယ် ၀တ်ဆင်ထားကြသည်။ သူတို့မှာ အင်္ဂလိပ်လို မပြောတတ်သော်လည်း ဖော်ဖော်ရွေရွေ အမူ အယာနှင့် ဧည့်ဝတ်များ ကျေပြွန်လေသည်။
ပြင်သစ်ငါးကြော်ကို အရိုးတချောင်းမှ မကျန်ရစ်အောင် ခရင်းတချောင်းနဲ့ ကိုင်၍ ကျင်လည်စွာ အကောင် မပျက်ပင် ပေးလေ့ရှိသော စားပွဲထိုးကလေးကို ပြုံးချိုဟု၍ပင် အမည်ပေးခဲ့ရသည်။
ပြုံးချို၏ မျက်နှာမှာ နံမည်ကြီးဟောလိဝုဒ် ရုပ်ရှင်မင်းသား အဆိုကျော် မာရိုလင်ဆာ၏ မျက်နှာနှင့် ခပ်ဆင်ဆင်တူသည်။ သူတို့ ဟော်တယ်နှင့် ပြုံးချိုကို အမှတ်တရ ရှိစေရန် တိုက်အပြင်ဘက် ပလက်ဖောင်း ပေါ်ထိ ပန်းပင်၊ ပန်းအိုတို့နှင့် ၀င်းထရံသဖွယ် နယ်ချဲ့ထားသော သူ့ဟော်တယ် ရှေ့မှာပင် ဓာတ်ပုံ ရိုက်ယူ ခဲ့ရသည်။
သူတို့ဟော်တယ်မှာ စားစရာ စာရင်းလာချတိုင်း ပြင်သစ်လိုရေးထားသောကြောင့် မဖတ်တတ် သော အခက်အခဲကို သူတို့ကလည်း အင်္ဂလိပ်လို ပြန်မပြောတတ်ချေ၊ မဖြေရှင်းနိုင်ပေ တခါတရံ စားပွဲ နီးချင်း ပြင်သစ်ကလေးက အင်္ဂလိပ်လိုတတ်၍ ဘာသာပြန်ပေးမှ မှာရန်ဟင်းများကို နားလည် သည်။
ဘာသာပြန်ပေးမည့်သူ မကြုံလျှင်ကား ဆိုင်မန်နေဂျာ လင်မယားက မီးဖိုအခန်းထဲ လက်တို့ခေါ် သွားပြီး ပြင်ဆင် ချက်ပြုတ်ထားတာတွေ လက်ပြ ခြေပြနဲ့ ပြောပြတော့မှ သဘောကျရာကို လက်ပြ ခြေပြနဲ့ပင် မှာခဲ့ ရတော့ သည်။
ထိုရက်အတွင်းတွင် သံအမတ်ကြီး ကျလာသောကြောင့် ဗမာပြည်က မစ်ရှင်တွေ တသုတ်ကြီး ကျ လာသောကြောင့် သွားကြိုရ၊ နေရာထိုင်ခင်းပြင်ဆင်ရ၊ သွားလိုရာ လိုက်ပို့ပေးရ ဗမာစာများ တည်ခင်း ကျွေးမွေးရ၊ သံရုံး တရုံးလုံး အလုပ်ရှုပ်လျက်ရှိကြသည်။
ထိုအထဲကပင် တနေပ သံရုံးအရာရှိ ဦးစိုးတင်တို့ ဇနီးမောင်နှံက သူတို့အိမ်မှာ ဗမာထမင်း ဘိတ် ကျွေးရှာ သေးသည်။ ဦးတင်စိုး ဇနီးမှာ ပြင်သစ် စကားကို၎င်း၊ ပြင်သစ် ဖားကြော်နည်းကို၎င်း၊ ကောင်းကောင်း တတ်နေ ပါသည် ဦးဇော်ဝင်း၏ သားသမီးများကတော့ ခလေးတွေ ဖြစ်သောကြောင့် ပြင်သစ်စကားကိုပို၍ သွက်လက် နေကြပါသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပဲရစ် တွင် အသေးအဖွဲ့ထဲက တခုသတိထားမိပါသည်။ လမ်းဘေးရှိ ကုန်တိုက် အဆောက်အဦး တို့၏ အောက်ထပ် တွေမှာ အများအားဖြင့် ပေါင်မုန့် အမျိုးမျိုး ဖုတ်ကြသော မုန့်ဖိုကြီးများရှိသည်။ ညပိုင်း လမ်းဘေး ပလက်ဖောင်း ပေါ်က လမ်းလျှောက်သွားတိုင်း မှန်ပေါက်များမှနေ၍ မုန့်ဖုတ်နေ ကြသော ပြင်သစ် ကျား မ များကို တွေကမြင်ရပါသည်။
မုန့်အနံ့ မှာ အတော်ထူးခြားစွာ မွှေးကြိုင်သင်းပျံ့၍ အနံ့ရှူမိလျှင် စားချင်စိတ် ယိုဖိတ်လာစေသည်။
ပေါင်မုန့် ဘိန်းမုန့် ပုံသဏ္ဍာန်တွေက အမျိုးမျိုး၊ အရသာတွေက အမျိုးမျိုး၊ သည်အနံ့နှင့် သည်အရ သာမျိုးမှာ အင်္ဂလန်နှင့် အမေရိကန်တို့မှာ ပေါင်မုန့်လောကထဲတွင်လည်း မမြင်ခဲ့ရ။ မရှူရှိုက်ခဲ့ရ ဘူးသဖြင့် ပို၍ ထူးခြား ပါသည်ဟုဆိုချင်သည်။ တညီတည်းထူးနေသေးတဲ့ ပေါင်မုန့် ထင်းချောင်း ကြီးတွေရှိပါသေးသည်။ လက်မောင်း ခန့်တုတ်၍ တလံခန့်ရှည်သော ပေါင်မုန့်ရှည်ကြီးတွေ၊ ဆိုင် ထဲမှာ ထင်းချောင်းကြီးတွေ ထောင်ထား သလို စုထောင်ထားသည်။
မုန့်ဖုတ်နံ့ တသင်းသင်းတွင် မိုးလင်းစကနေပြီး ဈေးဝယ်တွေ ကြိတ်ကြိတ်တိုးပြီး ထိုပေါင်မုန့် ထင်း ချောင်းကြီးတွေကို လူတကိုယ်လျှင် တချောင်းမှ သုံးလေးချောင်းထိ ပိုက်ပွေ့ဝယ်ယူသွားကြသည်။ ဘာလုပ်ဘို့ သည်လောက် များများကြီး လူတိုင်းလူတိုင်း ယူသွားကြလေသည်မသိ။ စဉ်းစားပြီး မေးမြန်းမိရာ၊ ဒါဟာ သူတို့ ထမင်းချောင်းကြီးတွေဘဲတဲ့။ လူဝယ်ပြီး လူနည်း၍ စားအိုးငယ်တဲ့အိမ် ကတော့ ... တချောင်း တလေ ၀ယ်ခြင်းဖြစ်သည်။
ဤမုန့်ထင်းချောင်းကြီးများကို လက်မ၀က်ခန့် အ၀ိုင်းလိုက် အ၀ိုင်းလိုက် ငါးခုတ်သလို ခုတ်ထစ်၍ ကြိမ်ခြင်းတောင်း ကလေးနှင့်ထည့်ကာ ထောပတ်သုတ်၍ ဟင်းနှင့်တ၀ကြီးစားကြလေသည်။
ဒါကြောင့် ညည်းတို့အိမ်မှာ ဆန်နို့ဆီဗူးနှင့် တနေ့ဘယ်နှစ်လုံးချက်ရသလဲဟူသော အမေးနှင့် ဗမာ အိမ်ထောင်ရှင် တို့အိမ်သားဦးရေကို ခန့်မှန်းရဘိသကဲ့သို့ ရှင်တို့အိမ်မှာ တနေ့ပေါင်မုန့်ဘယ်နှစ် ချောင်းဝယ် ရပါသလဲ... ဟူသော အမေးမျိုးနှင့် လူအနည်းအများ ခန့်မှန်းနိုင်ပါသည်။
ပြင်သစ် မြေအောက်မီးရထားသည် အမေရိကန်နှင့် နင်လား ... ငါလား ... ရှိနေသော်လည်း လန်ဒန် မြေအောက် မီးရထားကို မမှီပါ။ အများချည်းညံ၍ ကျန်ရစ်ပါသည်။
မြေအောက် မှာ ဖေါက်လုပ်ထားတဲ့ ယာဉ်သွားလမ်းကြီးများကတော့ ကောင်းကြပါသည်။ လမ်းဘေး ဥမင်နံရံ နှင့် အမိုးကြီးတလျှောက်မှာ ဖွေးဖွေးဖြူနေတဲ့ ကြွေပြားတွေ ကပ်စီပြီး မီးပွင့်များထွန်းလျက် အလင်းရောင်ကို အားကောင်း အောင် ပြုပြင်ထားပါသည်။
ဗမာပြည်က မိတ်ဆွေအမျိုးသမီးများမှာကြ၍ ပြင်သစ်ကုန်တိုက်ကြီးများမှ ဘရိုကိတ်ခေါ် ရွှေဇာပြင်၊ ငွေဇာပြင်ယက် လုံချည်စများကို လိုက်ရှာရပါသေးသည်၊ ချဉ်သီးပင်အောက် ချဉ်သီးရှားဆိုသလိုပါ ဘဲ၊ ဗမာပြည် ရောက်လာတဲ့ ဘရိုကိတ်အထည်တွေလိုမှ စုံစုံလင်လင် မတွေ့မမြင်ခဲ့ရပါ။ တွေ့သမျှ မှာလည်း အဆင် က ဗမာကြိုက်မဟုတ်တဲ့ ကိုးယိုးကားယားကြီးတွေများပါသည်။ ဈေးနှုန်းကြည့် လိုက်ပြန်တော့လည်း တမီတာ လျှင် ဖရန့်ဒင်္ဂါးနှစ်ထောင်မှ သုံးထောင်အထိရှိသည်၊ အကြမ်းမျဉ်း အားဖြင့် တွက်လျှင် ဖရန့်ဒင်္ဂါး တထောင့် ငါးရာ ကို ဗမာငွေ (၁၄ ကျပ်၊ ၁၅ ကျပ်)လောက် ရှိမည်ထင် ပါသည်။ တမီတာဆိုသည်မှာ တကိုက် နှင့် တမိုက်လောက်ရှိပါသည်။
ဂျပန်ခေတ် ဘုရားနီဘေးဖြူ ထောင်မလဲသဲကော် ဂျပန်ငွေစက္ကူတွေ သုံးရတုန်းက ဆီတပုံးငါးသောင်း၊ ချည်ကြမ်း လုံချည်တထည် သောင်းရှစ်ထောင်၊ ကဇွန်းရွက်တစီး ၇၅... ကျပ် ဆိုတာလိုပါဘဲ။ ဘာကလေး ကြည့်လိုက် ကြည့်လိုက် ... ဘာကလေး မေးလိုက် မေးလိုက်၊ ဆယ် ဂဏန်းမရှိပါ။ ထောင်နှင့် သောင်းသာ ချီ ၍ ရေးထားတော့သည်။
ရာ ဂဏန်းများမှာ ဓါးမနောက်ပိတ်ဂွေ၊ အပေါဆုံး တပဲတမူးတန် စားစရာပစ္စည်းများ၊ ချိုချဉ်ငန်စပ်၊ မီးချစ် သတင်းစာ ... စသည်တို့တွင်သာ သုံးတော့သည်။ သောင်းနှင့်ချီ၍ ခေါ်ပြောသုံးစွဲနေရသော ကြောင့် တခါ တခါလည်း ထိတ်လန့်အံ့သြသွားမိသည်။ တခါတခါလည်း မီလျှံနာကြီးပမာ ဘ၀င် မြင့်စရာချည်း ဖြစ်နေပြန် ပါသည်။
အလှကုန် နှင့် ရေမွှေးဆိုင်ကြီးတွေကတော့ သူမတူအောင် ပေါများလှပါသည်။ ရေမွှေးအမျိုးအစား နှင့် အနံ့ အမျိုးအစား တခုနှင့်တခုမတူအောင် ခြားနားသလို ရေမွှေးထည့်ရောင်းသော ပုလင်းတွေ ကလည်း ပုံသဏ္ဍာန်အမျိုးမျိုးနှင့် အဆန်းထွင်ထားပါသည်။ ခလေးသုံးရေမွှေးများကိုပင် ခလေးများ ကြိုက်နှစ်သက် စေမည့် အိုးပုတ်ချိုးရုပ်တွေလို ပုံသဏ္ဍာန်အစားစား၊ ရုပ်လုံးရုပ်ပြားအထွေထွေကို ပုံသွင်း ထားသော ပုလင်းများနှင့်ထည့်၍ ရောင်းချကြပါသည်။
အခြား ရောင်းကုန်ပစ္စည်းများ ဈေးကြီးသော်လည်း ရေမွှေးကိုတော့ ဗမာငွေနှင့်တွက်ကြည့်လျှင် ဈေးပေါ သည် ဟု ထင်ပါသည်။
---------------------------------
အောင်မုဒ်
စိန်းမြစ်မှာ ပဲရစ်မြို့လည်ကို ဖြတ်၍စီးဆင်းနေသည်ဖြစ်ရာ မြို့လည်၌ပင် တဘက်နှင့်တဘက်ကို ခိုင်ခန့်သားနားသော ကျောက်တံတားကြီးပေါင်း သုံးဆယ်ကျော်ဖြင့် ဖြတ်ကူးထားလျက် ယာဉ် ရထားများ ဥဒဟိုသွားလာကူးသန်းလျက်နေသည်မှာ ကြည့်မငြီးနိုင်သလိုရှိတော့သည်။
စိန်းမြစ်၏ မြောက်ဘက်တနေရာတွင် အထိကရကြီးကျယ်သော မုဒိကုံးပေါက်ကြီးတခု ရှိပါသည်။ ၎င်းအောက် မုဒ်အာဒီထရွမ်းခေါ် ဗိမာန်အဆောက်အဦးကြီးမှာ ပြင်သစ်လူမျိုးတို့၏ စစ်အောင်နိုင် ခြင်း အထိမ်းအမှတ်အဖြစ် ဆောက်လုပ်ထားခြင်းဖြစ်သည်။ လေးဒေါင့်ကျောက်ပြဿဒ်ကတုံးကြီး ကဲ့သို့လည်း မှတ်ထင်စရာ အောင်ပွဲသရုပ်ဖော်သော ရုပ်လုံးရုပ်ထုတို့နှင့် အနုပညာ လက်ရာမြောက်အောင် ထုလုပ်မွမ်းမံထားသည်။
ထိုအောင်မုဒ်၏ အထွတ်ပေါ်ရှိ စိန်းတောင်ကြားကလေးတွေတွင် တက်ရောက် ကြည့်ရှုနေကြသော ပရိသတ်တို့၏ ဦးခေါင်းကလေးတွေမှာ ထာဝစဉ် ပြွတ်သိပ်ညပ်ခဲ့လျက်တွေ့ရပါသည်။ အချို့လည်း အား အားရှိတိုင်း အောင်မုဒ်၏ အပေါ်ထပ်ကိုတက်၍ ပဲရစ်မြို့ရှုမျှော်ခင်းများကို မျက်စိအရသာခံနေ ကြဟန် တူပါသည်။
အဆိုပါ အောင်မုဒ်မှ ပေါင်းကူးဂုံးပေါက်ကြီးအောက် တည့်တည့်မြေပေါ်တွင် ဘယ်တော့မှ မငြိမ်း သောမီးခွက်ကြီးတခုမှ မီးတောက်မီးလျှံများ အမြဲထွက်လျက်ရှိပါသည်။ ဤမီးဘယ်တော့မှမသေရ၊ မငြိမ်းရ၊ မီးမငြိမ်းသကဲ့သို့ စစ်ပွဲအောင်ရာ၊ ကျဆုံးရာ၊ စစ်သည်တော်တို့၏ ဂုဏ်ကျေးဇူးကို တိမ် ကောမေ့လျော့မှုမရှိကြောင်း၊ အမြဲ သတရကြောင်းကို လူမျိုး၏ အထိမ်းအမှတ်ကြီးသဖွယ် လေးစား စွာအလေးပြုထားခြင်းဖြစ်သည်ဟု အဆိုရှိပါသည်။ သွား၍ အနီးကပ်ကြည့်လျှင် အမျှင်မပြတ်၊ အလျှင်မ်ြပတ်သော မီးတောက်မီးလျှံများသည် ဘယ်သောအခါမှ ရဲရဲတောက်လောင် အရောင် တလက်လက် ထွက်ကာ လေလာတိုင်း မီးညွန့် မီးနွယ်ကလေးများ လှုပ်ရှားယိမ်းထိုးနေသည်ကို တွေ့မြင် ရပါသည်။
ထိုမီးခွက်ကြီး ကို လေးလေးစားစားလာရောက်ကြည့်ရှုနေသော ပရိသတ် ဗိုလ်ထုလည်း စဲသည်ဟူ၍ မရှိ တော့ပါ။
ထိုအောင်မုဒ်ကြီးကို သံကြိုးဝိုင်းနှင့် လူသွားလမ်းကျောက်ပြား ပလက်ဖောင်းပတ်လည်ဝိုင်းရံထား သည်။ ထိုအ၀ိုင်းကြီးအပြင်မှ ယာဉ်ရထားတို့သွားရန် လမ်းကျယ်ကြီး ၀ိုင်းထားပြန်သည်။ ၎င်းလမ်း ကျယ် အ၀ိုင်းကြီးကို ဦးတိုက်လျက် ဖြောင့်တန်းသော လမ်းမွှာဆယ့်သံးခုထက်မနည်း ဖောက်လုပ် ထားပါသည်။
' အောင်မုဒ် 'ကို ဗဟိုရ်ထား၍ ဦးတိုက်နေကြသော လမ်းများမှ မှတ်မိသမျှ အမည်များမှာ အယ်ဗဒူး ဒီလ်ဂရီအမ်း။ အယ်ဗဒူးဒီချွဲမ္ပဇလီဇေး။ အယ်ဗဒူးဖို့ချ။ အယ်ဗဒူးဗစ်တာဟူကိုး။ အယ်ဗဒူးကလီးဗား။ အယ်ဗဒူး ဒိုင်ယာနား။ အယ်ဗဒူးမာဘူးရယ်။ အယ်ဗဒူးဒီဖရိုင်းလင်း။ အယ်ဗဒူးတို့ချ။ အယ်ဗဒူးဝါးဂရမ်း။ အယ်ဗဒူး မဂ္ဂဟွန်း။ အယ်ဗဒူးကာတွန်းစသော လမ်းအမည်များဖြစ်၍ အယ်ဗဒူး ဗစ်တာဟူကိုးလမ်းမှာတည်းခိုရာ ဟော်တယ် ဗစ်လာစိန့်ဟိုနိုးရေးဒလူးရှိနေသဖြင့် လမ်းထိပ်ထွက် လျှောက်လိုက်တိုင်း ထို ' အောင်မုဒ် ' ကြီး ကို အမြဲတွေ့မြင်နေရပါသည်။
အမြင့်မှ ဆီးကြည့်ရသောအခါများတွင် လမ်းကျယ်ကြီးတွေဆယ့်သုံးလေးခုစု၍ ဦးတိုက်နေသော အောင်မုဒ်ကြီးမှာ ပင့်ကူအိမ်၏ အလယ် ဗဟိုချက်မနေရာကြီးပမာ သွားလိုရာလမ်းကို အလွယ် တကူ ထွက်သွား နိုင်သော ဌာနကြီးတခုကဲ့သို့လည်း ဖြစ်နေပါသည်။
ထိုအချိန်သည် (ဆန်းမားဟောလီးဒေး) ဖြစ်၍ အရပ်ရပ်အလုပ်သမား၊ ကျောင်းသားတွေ အနားယူ လည်ပတ်နေချိန်ဖြစ်သဖြင့် ဘယ်နေရာ သွားသွား နိုင်ငံခြား ဟည့်သည်ရော၊ နိုင်င့တွင်းဟည့်သည် ရော နေရာတိုင်း သောသောကြွယ်နေချိန်ဖြစ်သည်တွင် ပဲရစ်မြို့အိမ်တွေ၊ ရုံးတွေက အလုပ်သမား တွေကလည်း အနားယူချိန်ပေးရသောကြောင့် ဘယ်အိမ်မဆို ကိုယ့်မီးဖိုချောင်ကိုယ်ဝင်နေရခိုက်ဖြစ်ပါသည်။
နောက်တနေ့မှာ အမေရိကန်သံရုံးမှ အတွင်းဝန် မစ္စတာစပီးဘက်နှင့် သူ၏ ဇနီးမစ္စစ် စပီးဘက်တို့ က ခင်မင်စွာ လာရောက်ဖိတ်ခေါ် ဧည့်ခံကြသည်နှင့် သူတို့အိမ်သို့ လိုက်သွားရပါသည်။
အတွင်းဝန် မစ္စတာ စပီးဘက်၏ ဇနီးမှာ ဗမာပြည် ရန်ကုန်မြို့နေ ဆာပေါ်ထွန်းနှင့် ဒေလီပေါ်ထွန်း တို့၏ သမီးဖြစ်၍ အင်္ဂလိပ်လိုဝတ်သော်လည်း ဗမာစကားကို ရခိုင်သံမပါ၊ ဗမာကဲ့သို့ လေယူလေ သိမ်း ပြတ်ပြတ် သားသား ပြောဆိုနိုင်ရုံမက အင်မတန်လည်း သွက်လက်ဖော်ရွေလှသည်။
သူတို့အိမ်မှာ ဗမာပြည်၏ အထိမ်းအမှတ်၊ ဗမာအသုံးအဆောင်အလှအပများနှင့် ဧည့်ခန်းမှာ ခြယ်လှယ် မွမ်းမံ ထားပါသည်။ အိမ်စေများ ဟောလီးဒေးပေးထားရသော နေ့ရက်ဖြစ်စေကာမူ အိမ် တွင် စားသောက်ဖွယ်ရာတွေ ပြုပြင်စီမံထားပြီးဖြစ်၍ ဘာမျှလိုသေလေးမရှိတော့ပါ။
အိမ်တွင် ဧည့်ခံမှု စားသောက်မှုပြီးစီးသောအခါ မစ္စတာ စပီးဘက်ဇနီးမောင်နှံသည် သူတု့၏ ကား နှင့် ပဲရစ်မြို့ တမြို့လုံးကို လမ်းတိုင်းစေ့ နှံ့အောင် တနေကုန် ကားမောင်းပို့ပြန်ပါသည်။ လယ်လို့ မကုန်နိုင် အောင် ကျယ်ဝန်းသော မြို့ကြီးမှာ ကားဘီးရာများထပ်၍ထပ်၍ လာသည်ဟုပင် ထင်မိ ပါသည်။
ရောက်ခဲ့ရသော နေရာများတွင် ဓါတ်ပုံများ မကြာခဏ ဆင်းရိုက်ရသည်မှာလည်း နားရသည်မရှိ တော့ပါ။ သို့စေကာမူ ဓါတ်ပုံရိုက်ယူစရာ နေရာများပေါလွန်းသဖြင့် အားရတင်းတိမ်ခြင်းမရှိနိုင်အောင် ဖြစ်ရ ပါတော့ သည်။
သ့မျှော်စင်ကြီးနှင့် ၎င်း အနီးတ၀ိုက်မှာ ဓါတ်ပုံရိုက်စရာ အလှဆုံးနေရာများဖြစ်ပါသည်။ နပိုလီယံသင်္ချိုင်းဂူ၊ ဘုရားရှိခိုး ကျောင်းကြီး၏ အတွင်းတွင်လည်း ဓာတ်ပုံရိုက်ချင်စရာတွေပေါသဖြင့် ၃-၄ခေါက် ဆက်တိုက် သွားရ ပါသေးသည်။
စိန်းမြစ်၏ အလယ်ကျွန်းတွင် လွမ်းချင့်သဖွယ် ဟိုရှေးနှစ်များစွာက တည်ဆောက်ထားသော နော်တိဒိန် ဘုရားရှိခိုးကျောင်းကြီး၏ ပတ်ဝန်းကျင် တ၀ိုက်မှာလည်း မျက်လုံးထဲက မထွက်နိုင်အောင် ရေရောင် နေရောင် နှင့် ဓါတ်ပုံရိုက်ယူချင်အောင် သွေးဆောင်၍ ပဏာဟပ်လျက်တွေ့မြင်ရသည်။
ကျောင်းဆောင် အတွင်းရှိ သစ်ပင် ပန်းနွယ်ကလည်း ဘုရားကျောင်းဆောင်ကြီး၏ အုဌ်တံတိုင်းကြီး ၏ အောက်ခြေ မြစ်ရေ ထဲမှာ တွဲလိတွဲလောင်းကျနေစေလျှက် အလှကိုသဘာဝကျအောင် ပြင်ဆင် ပေးထား ကြသည်။
ကျောင်းမြေနှင့် အနီးတ၀ိုက်မှာ နိုင်ငံတကာက ရောက်လာသော ဧည့်ပရိသတ်များကို တွေ့ရပါ သည်။ ထိုပရိသတ်တွေမှာ လူအမျိုးမျိုးအစားအစားရှိပါလိမ့်မည်။
ဟောလီဒေး အတွင်း အပျော်ခရီးထွက်သူများလည်း ပါသည်။ ပညာပိုင်းဆိုင်ရာ ဒေသန္တရဗဟုသုတ ရှားမှီး သူတွေလည်းပါသည်။
အချို့နိုင်ငံငယ်ကလေးတွေက မစ်ရှင်အဖွဲ့တခု နာမည်တပ်ခါ လက်သင့်ရာစားတော်ခေါ်လာကြသူ တွေလည်း ပါပါသည်။
အကပ်ကောင်း၊ အမကောင်း၊ အဆို အငိုကောင်းသောကြောင့်လည်း နားအေးပြီးရောလို့ တွန်းပို့ လိုက်ရသူတွေကတော့ နိုင်ငံတခုခုမှ ခေါင်းဆောင်တဦးဦးလာတိုင်း အချွေအရံ အတိုင်ပင်ခံ အဖြစ် နှင့် လိုက်ပါခွင့် ရလာတတ်ကြူ၊ ပါတော်မူအချောင်သမားတွေလည်း ပါသည်ဟု တဆင့်စကားကြား ရပါသည်။ ပြောသည့်အတိုင်းလည်း ဟုတ်ပုံရပါသည်။ ဘယ်နေရာကြည့်လိုက် ကြည့်လိုက် မှန်မိုး နှင့် ခရီးသွား ဘတ်စကားကြီး တွေမှာ သူတို့မြို့ရွာ ဆိုင်းဘုတ် စာတမ်းတွေထိုးပြီး နိုင်ငံခြားလူအမျိုး မျိုး၏ မျက်နှာ မျိုးစုံတွေကို နော်တီးဒိန်ဘုရားကျောင်းမြေပြင်တွင် ရှောင်မလွတ်အောင် တွေ့မြင်နေ ရပါသည်။
နော်တီဒိန်းဘုရားရှိခိုးကျောင်းကြီး၏ ရာဇ၀င် အထုပ္ပတ္တိကိုတော့ ကမ္ဘာနှင့်အ၀ှမ်း သိရှိကြပြီးဖြစ်ကြ လို့ ဗမာပြည် အတွက်လည်း အထူးသဖြင့် အကျယ်ချဲ့ရေးနေဘို့ လိုတော့မည်မထင်ပါ။
ပြင်သစ်ပြည် ကို မရောက်ဘူးဘဲနှင့်ပင် ယခင်ခေတ်ဟောင်းတုန်းက ရန်ကုန်မြို့မှာပြသွားတဲ့ ' ခါးကုန်းကြီး နှင့် နော်တီဒိန်းဘုရားရှိခိုးကျောင်းကြီး' ရုပ်ရှင် ဇာတ်ကားမှာ ဒီဘုရားရှိခိုးကျောင်း အဆောက်အဦးကြီးရဲ့ အတွင်းအပြင် ပတ်ဝန်းကျင်တ၀ိုက်၌သာလျှင် ဇာတ်အိမ် ဇာတ်ကွက်ဆင်ပြီး ရိုက်ကူး ထားတဲ့ကား ဖြစ်လေတော့ လူကိုယ်တိုင် နှံ့နှံ့စပ်စပ် ကြိုကြိုကြားကြား မကျန်သွားကြည့်ရသည်နှင့်မခြား ရုပ်ရှင်ကြည့် ပရိသတ် အများတွေ့မြင်ခဲ့ကြပြီးသည်ဖြစ်လို့ အားလုံး ဘဲမှတ်မိကောင်း မှတ်မိပါလိမ့်မယ်။
ရုပ်ရှင် ရိုက်နည်း ပရိယာယ်အားဖြင့် အချို့ အနီးကပ်ရိုက်ရတဲ့ ရိုက်ကွင်းခန်းများမှာ အတုပြုလုပ်၍ ရိုက်ကူး ထားစေကာမူ ဒီအတုကို တူအောင် အကျအနဖန်ဆင်းထားတဲ့ အတုဖြစ်လေတော့ မူရင်း နှင်ဘာမျှ မခြားနား တဲ့ အစိတ်အပိုင်းဖြစ်နေပါသည်။
အကယ်၍ နော်တီဒိန်းဘုရားကျောင်းကြီးကို ရောက်လာစေဦးတော့ ဤမျှလောက် စုံစုံလင်လင် အထဲဝင် အပြင် ထွက်တက်ရောက်ကြည့်ရှုနိုင်မည်မဟုတ်ပါ။ ကြည့်နိုင်သည်ထားဦးတော့။ ဘုံဆောင် အထွတ်အဖျား ကလေးများကို အသဲယားလောက်အောင် လျှောက်သွားဝံ့ကြမည် မထင်ပါ။
သို့နှင့် ကျောင်းဆောင်ကြီး၏ ရှေ့မျက်နှာစာမှာ လာလာသမျှ ပရိသတ်နှင့် မှန်အမိုးမြို့ ပတ်ဘတ်စ် ကားကြီးများကို ထိုးဖောက်ကျော်လွှား၍ အနီးအနား တ၀ိုက်ကို လှည့်လည်၍ ဓါတ်ပုံ ရိုက်ကြပါသည်။
ကျောင်းဆောင်ကြီးက ကြီးလွန်းသဖြင့် ဓါတ်ပုံကို အပြည့်ရနိုင်ရန် ခပ်ဝေးဝေးမှခွာ၍ ရိုက်ရသည်က တမျိုး အနီးအနား တိုး၍ ချိန်ရသည်ကတဖြာ ပူးချီ ခွာချီ လုပ်ရလွန်းသဖြင့် ကြာတော့ ခြေညောင်း လာရပါသည်။ ကျောင်းဆောင်ကြီး လက်ျာဘက် မျှော်စင်တခုမှာလည်း ငြမ်းများဆင်၍ မွမ်းမံနေချိန် ဖြစ်သောကြောင့် အနီးအပါး က ဖြတ်သွားရာမှာ အပေါ်က တခုခုပြုတ်ကျလေမလား ဟုစိတ်မလုံအောင် ရှိသည်။ သို့ရာတွင် သူတို့ ပိသုကာ များမှာ အလွန်တရာ စည်းကမ်းသေ၀ပ်သူ များဖြစ်လို့ စိုးရိမ်မှု့မှာ အပိုသာဖြစ်စေပါသည်။
သည်တခေါက်မှာ အမေရိကန်သံရုံးအတွင်းဝန် မစ္စတာ စပီးဘက်နှင့် ဇနီးမစ္စစ်စပီးဘက်တို့ အတူ ပါသောကြောင့် ကားကို တော်ရာမှာ ရပ်ထားပြီး စကားတပြောပြောနှင့် မမောနိုင် မပမ်းနိုင် လမ်း လျှောက်ရင်း လှည့်လည်ကြည့်ရှုကြပါသည်။
နော်တီဒိန်းကျောင်းဆောင်ကြီးမှာ မြစ်လယ်ကျွန်းတွင် တည်ထား၍ မြစ်နှစ်ဘက်မှ အုတ်တံတား ကြီးများနှင့် ဆက်ခါ ယာဉ်ရထားတွေ ဥဒဟိုသွားလာနေသော လမ်းကြီးများရှိသည်။ မြစ်တဘက် တချက်ရှိ အောက်ခြေ ကမ်းအနိမ့်ပိုင်း မှာလည်း လမ်းလျှောက်ရန်နေရာများ၊ ထိုင်ရန် အရိပ်အာဝါသ များနှင့်တကွ ရေစပ်တွင် အေးအေး လူလူ မပူမပင် ငါးမျှားနေကြသူတွေလည်း တသီတတန်းကြီး ရှိနေကြပါသည်။
မြစ်ရေယာဉ် သည် တည်ငြိမ်စွာ စီးဆင်းလျက် ရှိသည်။ ကျောက်ဒုကျွန်းငယ်ပေါ် တည်ထားသော ကျောင်းဆောင် အဆောက်အဦး က ပိုလို့ပင် တည်ငြိမ်လျက်ရှီပါသေးသည်။
မစ္စစ်စပီးဘက်နှင့်အတူ ကမ်းခြေအနိမ့်ပိုင်းကိုဆင်း၍ အစီအရီ ငါးမျှားနေကြသော လူတွေကို သွား ကြည့်ရာ ဘာမှ မယ်မယ်ရရမတွေ့ရ။ သူတို့နောက်ပိုင်းကမ်းပါးစောင်းရှိ အုတ်နံရံတလျှောက်မှာ ဖြင့် အလွန် နံစော် သော တပိုတပါးသွားထားသည့် အနံ့အသက်များက လေသွေးရာရနံ့ကြိုင်လျက် ရှိသည်။ ဤသည် တို့ကြောင့်ပင် ပဲရစ်မြို့၏ ကျက်သရေဆောင်နေရာကြီးတွင် ချေးနံ့သေးနံ့ တလှိုင် လှိုင် ဖြစ်နေခြင်းကား တေလေ ဂျပိုးများ အကျင့်စာရိတ္တပျက်ပြားသူတို့ ကျက်စားရာ နေရာကြီး ဖြစ်သောကြောင့်ထင်ပါသည်။
သူတို့သည် ပေါင်းကူးတံတားတွေအောက်ခြေမှာ နေ့နေ့ညည ၀င်၍ မိုးခိုခြင်း၊ ထင်ရာမြင်ရာ လုပ်ကိုင် ပြုမူခြင်း၊ အပေါ့အလေးသွားလိုက ဤအနီးအပါးတွင်သာ တာဝန်မဲ့ စွန့်ပစ်ကြခြင်းများ ပြုလုပ်ကြသည်။ သူတို့ အစိုးရနဲ့ မြူနီစီပယ်ပင်တာဆီးလို့ နိုင်ပုံမပေါ်ပေ။
သည်အထဲ မှာ ဓါတ်ပုံဆရာက တမှောင့်ပင်။ မြစ်ရော၊ ကျွန်းရော၊ တံတားရော၊ ဘုရားကျောင်း ဆောင်ရော၊ ငါးမျှားသူ တွေပါ တပါတည်းအဝေးမှ နေပြီး ဓါတ်ပုံရိုက်လိုပြန်သေးတယ်။ ခဏရပ် နေပါအုံးဆိုသဖြင့် နံနံ စော်စော် နှင့်ပင် မစ္စစ်စပီးဘက်နှင့် အတူရပ်နေရပြန်ပါသည်။
ထိုမှတခါ ကပြာကရာ ပြေးတက်လာကြပြီး အုတ်ရိုးတံတိုင်းကြီးတလျှောက် ရောက်လာတော့ လမ်းဘေး တဘက် တချက် ဆိုင်တဲကလေးချင်းယှက်ပြီး တသီတန်းကြီးတွေတွေ့ရတဲ့ စာအုပ် အဟောင်းဆိုင် ကလေး တွေဖြစ်ပါသည်။
ညဈေးတန်းတို့၊ တရုပ်တန်းတို့က ဆိုင်တန်းတွေနှင့် ထူးမခြားနားပင်။ တခုတော့ရှိသည်။ သူတို့ ဆိုင်တွေက စာအုပ်ဟောင်းမျိုးစုံကို သတ်သတ်မှတ်မှတ် ရောင်းကြသည်။ ဘာ စာအုပ်ဟောင်းကို လိုချင်လိုချင်၊ ဤဆိုင်တွေတွင် ၀င်ရှာလျှင် လိုချင်ဒါအားလုံးရနိုင်သည်။
ဈေးကလည်းပေါလှပါသည်။ စာအုပ်နှင့်အတူ ပူးတွဲရောင်းချသော အခြားရောင်းကုန်တခုမှာ ပန်းချီ ဆရာ အမျိုးမျိုး တို့၏ စုတ်ချက်အမျိုးမျိုးပါသော ဆီဆေး၊ ရေဆေး ပန်းချီကားချပ်များပင်ဖြစ်ပါ သည်။
ပန်းချီကားများမှာ လိုရာရနိုင်ပါ၏။ သစ်သီးပန်းမလ်ပုံကြိုက်သလော။ အိမ်ပုံ၊ တိုက်ပုံ ကြိုက်သလော၊ ရှုမျှော်ခင်းပုံ ကြိုက်သလော။ ပြင်သစ်၏ ကျော်ကြားသော အဆောက်အဦး လူပုဂ္ဂိုလ် တုန့၏ပုံမှအစ၊ တိရိစ္ဆာန်၊ မြင်း၊ နွား၊ ခွေး၊ ၀က် ဆိတ် ကအစ၊ ကြက်၊ ငှက်အထိ ကြိုက် ရာရွေးပေတော့။ ဗီကာဆို တို့ ရေးနည်း မှ အတုယူခွဲထုတ်လာကြတဲ့ ဘာမှန်းမှမသိရတဲ့ ရေပုံးမျိုးတွေ ကတမျိုး၊ အတော်လည်း စုံပါပေတယ်။ စုတ်တန် ရှင်ပန်းချီဆရာတို့ရဲ့ လက်ရာကတော့ အညံ့စား အရှော်စားကအစ အတော်ကလေး ကောင်းတဲ့ အကောင်းစား နဲ့ ကျောင်းသား လက်သင်ကလေး တွေပါ ရေးပို့ကြတာထင်ပါရဲ့။
အနီးအပါးမှာ ဆံမုတ်ဆိတ်ဖားဖား အ၀တ်အစားအပေါက်အပြဲနဲ့ တယောက်ထဲ ထိုင်ရေး၊ ရောင်းနေတဲ့ လက်ငင်း ပန်းချီ ဆရာတွေကိုလည်း ကြိုကြားတွေ့ရပါသေး သည်။
ဝယ်သူတွေရှိ၍ ရောင်းသူတွေပြည့်နေခြင်းဖြစ်ပါသည်။ သူတို့နိုင်ငံဆီမှာ ပန်းချီကားကလေးများကို အိမ်တိုင်း အိမ်တိုင်း တတ်အားသရွေ့ ဆွဲချိတ်ထားတတ်ကြတဲ့ အလေ့ရှိကြသည်။ သည်လိုဆိုင် မျိုးတွေက ပန်းချီ ကားချပ် တွေကို သူ့ဝန်သူ့အား ၊ သူ့မျှားနှင့်သူ့လေးဆိုဒါလို ရွှေဒင်္ဂါးထောင် သောင်းချီ မပေး မ၀ယ်နိုင်သူများက လာ၍ ၀ယ်ရှာကြသည်။
ဝက်သား၊ ကြက်သားအီအောင် စားနေရတဲလူက တခါတရံ ချဉ်ပေါင်ဟင်းကလေး၊ ငြုပ်သီးထောင်း ကလေးစားချင်စိတ်ရှိသလို ပန်းချီကျော်ကားတွေ ရွှေဒင်္ဂါးထောင်သောင်းပေးဝယ်နိုင်တဲ့ သူဌေးကြီး တွေ ကလည်း ဆင်းရဲသား ပန်းချီကားဆိုင်တန်းမှာ လျှောက်ကြည့်ပြီး အကြိုက်တွေ့ရင် ထိုက်သရွေ့ ၀ယ်ယူ ချီးမြှင့်သွားကြပါသည်။ ဒီလိုအခါမျိုးမှာ အဲဒီပန်းချီဆရာဟာနာမည်ရချက်ကောင်း မိပြီး လူသိသူသိများလို့ ထင်ရှားချင်လည်း ထင်ရှား သွားတတ်ပါတော့သည်။
ပြင်သစ်ပြည်၏ အထွတ်အထိပ်ကောင်းစားကြီးပွားထွန်းကားချိန်သည် ဥရောပတခွင်၌ ရှေးကျခဲ့ သော နိုင်ငံကြီး ဖြစ်သည်။ နပိုလီယံ ဘုရင်မင်းဆက်တို့၏ လက်ထက်မှာ မီးကုန်ယမ်းကုန် တက်ခဲ့ သလောက် နောက်ပိုင်း တွင် ပထမကမ္ဘာစစ် ဂျာမနီတို့ ဒဏ်ကိုခံလိုက်ရသည်အတွက် တစတစ ကျ၍ ကျ၍ လာခဲ့ စေကာမူ ပါရဂူကြီးများ၊ ပညာရှိကြီးများ သုခုမအနုပညာဆရာကြီးများ၏ စက်မှု လက်မှု ယဉ်ကျေးမှု တို့မှာ ယနေ့ တိုင်အောင် လက်ရာထင်၍ ကျန်ရစ်သည်မှာ ဘယ်နိုင်ငံနှင့်မျှ မယှဉ်သာအောင် မြောက်များ လှပါသေးသည်။ ထို့ကြောင့် ပဲရစ်မြို့သည် ရှေးဟောင်း အနုပညာ ပြတိုက်ကြီး တခုကဲ့သို့ဖြစ်နေပါသည်။
အရပ်လေးမျက်နှာ တို့သို့ မျှော်လိုက်တိုင်း အထိကရအဆောက်အဦး အမှတ်အသားကြီးများမှာ ငွားငွားစွင့်စွင့် တွေ့နေရသည်ချည်းပင်။ ဗစ်တာဟုဂိုးလမ်းထိပ်အောင်မုခ်ဝ လမ်းခွဆုံမှ အရှေ့ ဘက်သို့ မျှော်လိုက် လျှင် အဆိုပါ နော်တီဒိန်းဘုရားရှိခိုးကျောင်းကြီး၏ ခေါင်းလောင်းဘုံဆောင်ကြီး ကိုမြင်နေ ရသည်။
ဤ ကျောင်းကြီးမှာ သက္ကရာဇ် (၈)ရာစုနှစ်လောက်က စတင်ဆောက်လုပ်ခဲ့၍ နှစ်ပေါင်းရှစ်ရာကျော် ကြာမြင့်ပြီး ဟောင်းနွမ်းအိုမင်းလှပြီဟုဆိုရစေကာမူ ပျက်ပျက်စီးစီးမရှိ၊ ဘုံဆောင်အထွတ်အမြင့်မှာ ချယ်လှယ် ထုလုပ်ထားသော ရုပ်လုံးရုပ်ထုများက ကျောက်သား ကျောက်ဆစ်ပညာ၏ အသေးစိပ် လက်ရာ၊ အနုပညာအရာ ၌ ငါတို့ပြင်သစ်ကို ဘယ်သူမှမမှီပါဘူး...ဟု ဆိုနေသည့်အလား မော်မောက်စွာ ဖော်ပြလျက် ရှိပါသေးသည်။
အမွမ်းအမ့ အပြင်အဆင်သမားတို့ကလည်း အနည်းငယ် ဆွေးမြေ့ပျက်စီးသည်နှင့် တချက်တည်း လက်ရာ မပျက် အမြန်ဖေးမပြုပြင်ထားကြသည်။
ပြင်သစ်လူမျိုး စာရေးဆရာကြီး ဗစ်တာဟူးဂိုးသည် ဤနော်တီဒိန်း ဘုရားကျောင်းကြီးကို နောက်ခံ ပြုလျက်... သည်ဟန့်(ချ)ဘက်ဟော့နော်တီဒိန်း ဟူသော ၀တ္ထုကြီးကို ရေးခဲ့သည်။
ရုပ်ရှင် ရာတို့ကလည်း ရုပ်ရှင်ဇာတ်ကားဖြစ် အရသာဖော်ပေးခဲ့ကြသည်။ ဆရာကြီး ဗစ်တာဟူစိုး ၀တ္ထုတပုဒ်ဖြစ်သော (လီမစ်ဆက်ဆဗေးလ်)ကိုလည်း ရုပ်ရှင်ဇာတ်ကားအဖြစ်နှင့် နယူးယောက်မြို့ တွင် အခန့်သင့်၍ ကြည့်ခဲ့ရပါသေးသည်။
ရိုးသားဖြောင့်မတ်သူတဦးသည် ငတ်နေသောမိသားတစုကို သနားလှသဖြင့် ပေါင်မုန့်တလုံးကို ခိုးပေး မိသည်။ ပေါင်မုန့်ကို သက်သေခံပစ္စည်းအဖြစ်ထား၍ တရားသူကြီးရှေ့တွင် အမှုစီရင်ပြီးသော အခါ ထောင်ဆယ်နှစ်ချလိုက်ပြီး သက်သေခံပစ္စည်းပေါင်မုန့်မှာ အမှိုက်ခြင်းထဲ ထည့်လိုက်သည်။ ငတ်နေသော မိသားစု မှာလည်း ပေါင်မုန့်ကို မစားလိုက်ရ။ သားရေကျလျက် ကျန်ရစ်သည်။
ငတ်ပြတ်မှုကို မရှုစိမ့်၍ ခိုးပေးမိသော တရားခံမှာလည်း ထောင်ဆယ်နှစ်ကျသွားရာက ထိုခေတ် အကျဉ်းသား များခံစားရသော ဒုက္ခအမျိုးမျိုးတွေကို ကျော်လွန်ကာ နောက်ဆုံး ဘုန်းကြီးတပါး၏ အဆုံးအမ ကြောင့် ခိုးချင်သော ညာဉ်ကိုဖျောက်လျက် နောက်ထပ်ဒုက္ခရောက်သူများကို ကူညီရင်း ကံတချက်မရာမှ သူဌေး မြို့တော်န်ကြီးဘ၀ ရောက်ခဲ့သည်။ ယင်းသို့တိုင်အောင်လည်း ဒုက္ခရောက် သူများကို ကူညီ တတ်သော စိတ်ကောင်းတခုကြောင့် အမှုအမျိုးမျိုး ရောက်ခဲ့ရာ ပြင်သစ်သူပုန် ကျောင်းသားတဦးကို ပုလိပ်နှင့် ရိုက်ပွဲဖြစ်ရာမှ လျှို့ဝှက်စွာ ကယ်ဆယ်လိုက်ခြင်းကြောင့် ဒုက္ခသည်ပြည့်တန်ဆာမ တဦး၏ သမီးကို ကယ်ယူထားလိုက်ရသော သူ၏ မွေးစားသမီးကလေးနှင့် သူပုန် ကျောင်းသားတို့ ချစ်ခင် ဆက်သွယ်မိ သည်မှအစ၊ နောက်ထပ်ဒုက္ခအမျိုးမျိုးတွေ့ခဲ့ရသည်။
သို့ရာတွင် သူ၏ မြင့်မြတ်သောစေတနာ၏ အကျိုးတရားကို ခံစားရပုံများဖြစ်၍ စာရေးသူ၏ ရည် ရွယ်ချက် ကို အကွက်ကျကျ သဘာဝမိမိနှင့် ကြည့်ကောင်းအောင် ရုပ်ရှင်ဆရာတို့က ရိုက်ကူးပြသ နိုင်ပါပေသည်။
ပြင်သစ်စာရေးဆရာကြီး ဗစ်တာဟူးဂိုးအား ပြင်သစ်လူမျိုးတို့ မည်မျှ လေးစားသနည်းဆိုလျှင် ဗစ်တာဟူးဂိုး ဟု အမည်ပေးထားသော လမ်းကျယ်ကြီးထိပ်တွင် ဆရာကြီး ဗစ်တာဟူးဂိုးအထိမ်း အမှတ် ပန်းခြံကြီး တခု မော်ကွန်းမှတ်တမ်းနှင့်ထားသည်။ ဆရာကြီး၏ အထိမ်းအမှတ်နေ့ဆိုလျှင် ထိုလမ်းကြီး တလမ်းလုံး သည် မီးပုံးမီးလုံးမီးပွင့်ခိုင်တို့ဖြင့် အိမ်တိုင်းစေ့ မြိုင်မြိုင်ကြီးထွန်းညှိအလေး ပြုကြသည်။ သူ၏ ထူးခြားသော စာအရသာများကို စမြုံ့ပြန်ကြ၊ ကပြကြ၊ ဂုဏ်ပြုကြတော့သည်။
နော်တီဒီန်း ဘုရားရှိခိုးကျောင်းကြီးလောက် ရှေးမကျသော်လည်း ပဲရစ်မြို့ပေါ်မှ ဘယ်နေရာကဖြစ် ဖြစ် မားမားကြီး တွေ့နေရသော အဆောက်အဦကြီးတခုမှာကား အပ္ပါယ်တာဝါးခေါ် သံမျှော်စင်ကြီး ဖြစ်ပါသည်။ (အလ်လစ်ဇန္ဒာဂတ်စတပ်အပ္ပါယ်)ခေါ် အင်ဂျင်နီယာကြီးက ကြီးကြပ်ဆောက်လုပ် သောကြောင့် ၎င်း အင်ဂျင်နီယာ ပိသုကာဝိဇ္ဇာကြီး၏ အမည်ကိုယူ၍ အပ္ပါယ်တာဝါးဟူသောအမည် ဖြင့် ထင်ရှား ကျော်ကြားလျက် ရှိပါသည်။
ဤ အပ္ပါယ် တာဝါး သံမျှော်စင်ကြီး၏ အမြင့်မှာ ပေပေါင်း ၉၈၄-ပေဖြစ်ပါသည်။ မျှော်စင်ကြီး ဆောက် လုပ်ဖြစ်ပေါ် လာရသော ကိစ္စမှာ ၁၈၈၉-ခုနှစ်တွင် ကျင်းပခဲ့သော ပဲရစ်ပြပွဲကြီးအတွက် အမှီဆောက် လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရပါသည်။ ပြပွဲကြီးပြီးစီးသော်လည်း ဤမျှလှပခိုင်ခန့်သား နား၍ အံ့တပါး ဖြစ်နေသော မျှော်စင်ကြီးအား ဖျက်သိမ်းခြင်းမပြုဘဲ၊ ၀ိုင်ယာလက်ဌာနတခု အဖြစ်၎င်း၊ ပဲရစ်မြို့ကို အမြင့်မှ စီးကြည့်ရန် ဌာနအဖြစ်၎င်း၊ အလှကြည့် စရာထားခဲ့ရာ ယခုအခါ၊ နှစ်ပေါင်း ၆၄-နှစ် တိုင်ခဲ့လေပြီ။
ဤမျှော်စင်အနီးသိုပမသွားမှီ၊ အဝေးမှ ကြည့်၍ လှသောရှုမျှော်ခင်းများနှင့် ပုံရိုက်ယူရပြန်သည်။ ရုပ် ထုရုပ်လုံးအမျိုးမျိုးနှင့် ပြုပြင်ထားသော မြစ်ကူးတံတားကြီးများပေါ်မှ၎င်း၊ လမ်းကျယ်ကြီးများ မှ၎င်း၊ မျှော်စင်ကြီးကို မြင်နေရာအရပ်မှ တဖျပ်ဖျပ် ဓါတ်ပုံရိုက်လျက်ရှိသော အဝေးရောက် အပျော် ထွက်လာသော လူအုပ်စုံတွေက မိုဘီကင်မရာကလေးများနှင့် ရောင်စုံ ရုပ်ရှင်ရိုက်သွားကြသည် တို့ကလည်းမရှားပါ၊ သူအနီးအပါးသို့ မရောက်ခင် မျှော်စင်ပါတ်ဝန်းကျင်တ၀ိုက် ကျယ်ဝန်းသော ပန်းဥယျာဉ်ကြီးအတွင်း မြက်ခင်းစိမ်းလဲ့လဲ့မှာ အမောပြေ ထိုင်စရာခင်းကျင်းထားသော ကုလား ထိုင်တွေ၊ ရေပန်းေ၇ဖေါက်တိန်ကလေးများအစီစီနှင့် စိတ်ကြည်လင် အေးမြစေရန် ဖန်တီးပြုပြင် ထားလေသည်။
သို့နှင့် ၉၈၄-ပေမြင့်သော အပ္ပါယ်တာဝါးသံမျှော်စင်ကြီးအောက်သို့ ရောက်ခဲ့လေပြီ၊ မော့၍ ကြည့် လိုက်လျှင် တိမ်တိုက်ကို ထိုးဝင်နေသယောင်ယောင် တဖွေးဖွေးနှင့် ပြောနေသော တိမ်တိုက်များ ကြောင့် သံမျှော်စင်ကြီးပါ၊ တရွေ့ရွေ့ ပြေးသွားနေသလို ထိုမျှ ရင်ဖိုစရာကောင်းအောင် မြင့်မတ်သော အကာအရံ မရှိသည့် သံပြဿဒ်ကြီးကဲ့သို့ ထီထီကြီး ဖြစ်နေသော အဆောက်အဦးကြီးပေါ်သို့ အပျော်တက်ကြည့် ကြသော ပရိသတ်များကလည်း နေ့ စဉ်နှင့်အမျှ စည်ကားလှသည်။
လျှပ်စစ်ဓာတ်အားဖြင့် တက်သွားသောလှေကား၊ ထို့နောက် လျှပ်စစ်ဒာတ်အားနှင့်ဆွဲသော သံရထားငယ် ကလေးများနှင့်အမြင့်ဆုံးသို့ရောက်အောင် တဆင့် တက်ခါ၊ လဟာပြင်ကို ငုံ့ကြည့်သူများမှာ ပရွက်ဆိပ် ကလေးတွေ တိုင်တက်နေသည်နှင့်မခြား တွေက မြင်နေရပါသည်။
မျှော်စင်ကြီး၏ ပုံပန်းသဏ္ဍာန်မှာ အောက်ခြေလေးချောင်းခံ၍ လေးမျက်နှာဒိုးယိုပေါက် ပေါင်းကူးဂုံးကြီးများ အဖြစ် အခြေတည်ပြီးမှ အပေါ်ထပ် တက်လာသော ပထမထပ်တွင် ခြေလေး ချောင်းကို၊ ကလပ်စည်း တခုဖွဲ့လိုက်ပြန်သည်။ ထိုမှတဆင့် ခြေလေးချောင်းကိုကျဉ်း၍မြှင့်သွားပြီး ဒုတိယ ကလပ်စည်းတခု ဖွဲ့လိုက်ပြီးနောက်၊ တတိယအထပ်တွင်မူ ခြေလေးချောင်းမှာ တခါတည်း စည်းလုံး၍ အပေါ်သို့ တမျှော် တခေါ်ကြီး မြင့်တက်သွားသည်။ အဆုံးစွန်းဖြစ်သော ထိပ်ဖျားတွင်က အိမ်ငယ် တစောင်စားမျှရှိမည်။ အခန်းအဖွဲ့တခုနှင့် အပေါ်မှ ခေါင်းချုပ် ပြဿဒ် အထွတ်လိုလို သဏ္ဍာန်နှင့် အဆုံးသတ်ပါသည်။
မျှော်စင်ကြီးတခုလုံး၏ အဆောက်အဦးပြုလုပ်ထားပုံမှာ သံငြမ်းထည်တွေနှင့်သာလျှင် အကာအရံ အပိတ်အဖုံးမရှိဒိုးယိုပေါက်ကြီး ရှိနေသောကြောင့် အပေါ်ပိုင်းကို ရုတ်တရက်ကြည့်လိုက်လျှင် ရေနံချောင်း ဆီက ရေနံတွင်းလိုလို ထင်မှတ်စရာ ဖြစ်ပါသည်။ သို့ရာတွင် အလွန်ကြီးမားသော အဆောက်အဦးကြီးဖြစ်၍ အခြေလေးချောင်းဖြင့် ပြီးအပ်သော ပေါင်းကူးဂုံးပေါက်ကြီး အောက်ခြေ ကိုဝင်မိလျှင် လဟာပြင်ကြီးပမာ လေတဟူးဟူး တိုက်အောင် ကျယ်ဝန်းလှသည်။
မျှော်စင်တ၀ိုက် မှာ သံကြေးခဲတို့နှင့် ရောင်းချတဲ့ မျှော်စင်ပုံ ကလေးများမှာ တလက်မခန့်မှ အစ တထွာ တမိုက် အထိ ရှိသည် အခြားနိုင်ငံက ဆိုင်တွေလိုပင် မျှော်စင်နှင့် စပ်လျဉ်းသော ရောင်းကုန်တွေ အမြောက်အများ ရှိပါသည်။ မျှော်စင်အောက်မှ ကူးသန်းသွားလာလျှက်ရှိသော လူများမှာ ဆင်ကြီး တကောင် ၀မ်းဘိုက်အောက်တွင် ပြေးလွှားမြူးးနေသော ကြွက်ငယ်ကလေးများနှင့်သာ တူနေပါ တော့သည်။ ပေါင်းကူးဂုံးကြီးပေါ်သို့ ပျော်ပျော်ပါးပါး ဓာတ်လှေကား၊ ဓာတ်ရထားငယ်တို့နှင့် ပိုက်ဆံ ပေးတတ်ကြသော လူတစု၏ ရယ်မောပျော်ရွှင် ဆူညံသံများမှာ လေထဲတွင် တဟဲဟဲ ရော ပါလျက် ရှိပြီးလျှင် ပိုက်ဆံမပေးရသော ရိုးရိုးသံလှေကားများမှ အမောခံပြီး ကုတ်ကပ် တွယ်တက် နေသူတွေ ကလည်း မရှားလှပါ။
အပေါ်ထပ်များမှာ အစောင့်အရှောက်တွေလည်းထားရပါသေးသည်။ အပျော်လာသော လူတွေ ထဲမှာ တခါတခါ အပျော်လွန်ပြီး ရူးချင်နှမ်းချင်သူတွေ ပါလာတတ်သည်။ အမြင့်ကြီး တက်လာ မိသောအခါ ကိုယ့်စိတ်ကိုယ် အစိုးမရ စိတ်ရူးကသွေးလေချောက်ချားလျက် ရုတ်တရက် ခုန်ချချင် စိတ်ပေါ်တတ် သူများရှိ၍ လာကြည့်သူတွေကို သတိနှင့် စောင့်ကြည့်နေကြရသော တာဝန်ကို ထိုထိုသော အစောင့် အရှောက် ၀တ္တရားကျသူများက အမှတ်မဲ့ အကဲခပ်ကြည့်နေကြရသည်ဟု သိရပါသည်။
သို့နှင့်ပင် ယခင်တကြိမ်က စိတ်ညစ်နေသူ အမျိုးသမီးတဦးမှာ ကိုယ် ကိုယ်ကို သတ်သေချင်နေဆဲ၊ ဤမျှော်စင်ပေါ်တက်မိရာက သေမဲ့အတူတူဖြင့် နာမည်ကြီးပြီး သေရရင် ပိုကောင်းမှာဘဲ ဆိုတဲ့ စိတ်ကူး အရူးမျိုးပေါ်ကာခုန်ချလိုက်ဘူးသေးသည်ဟု သိရပါသည်။ သည်လိုနာမည်ကျော်ကြားလို မှုနှင့် အလားတူ အမေရိကန်ပြည် နယူးရောက်မြို့မှာလည်း အင်ပါရာစတိတ်ဆိုသော ၁၀၂-ထပ် ဖြင့် အဆောက်အဦး ပေါ်က ဂျွမ်းထိုးချဘူးသေးသည်။ သူတို့ဆီမှာ သေတာကိုပင် သေပြီးတဲ့နောက် နာမည်ကြီး ကျန်ရစ်ချင်ကြသေးသည်။ အာဇာနည်စိတ်ခေါ်ရမလား။ အာဇာနှမ်းစိတ် ခေါ်ရမလား။ ရူးသွပ်သော စွန့်စားမှု ဟူ၍ ခေါ်ရကောင်းမလား။
မျှော်စင်ကြီးက အဝေး တဘက်ဆီသို့ မျှော်ကြည့်လိုက်လျှင် တဖြောင့်တည်း တန်နေသော မျက် ခင်းပြင်ကြီး နှင့် ၀ဲယာလူသွားလမ်း ပလက်ဖေါင်း၊ ထိုဘေးတဘက်ချက်ဆီမှာ ညီညီညာညာ စီတန်း နေသော အရွယ်သင့် ဆင်တူ သစ်ပင်ကြီးတွေကတဘက် နှစ်သွယ်ကျ သူတို့နောက်ပိုင်းမှာတော့ တောအုပ်သဏ္ဍာန် ပန်းခြံဥယျာဉ် ကျယ်ကြီးများနှင့် အေးချမ်းဆိတ်ငြိမ်စွာနေရန် နေရာများရှိပါ သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခြားသောတမျက်နှာသို့ မျှော်လိုက်ပါသော် ယူ အင် အဆောက်အဦးခေါ်တဲ့ ကမ္ဘာလူမျိုးပေါင်းစုံ အဖွဲ့ကြီး ၏ အဆောက်အဦးကြီးဖြစ်ပါသည်။
ထိုအဆောက်အဦးကြီးမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ခေတ္တယာယီအဆောက်အဦးအဖြစ်နှင့် ဆောက်လုပ် ထားခြင်းဖြစ်ပါသည်ဟုသိရသော်လည်း ကြီးကျယ်ခမ်းနားလှသည်။ အမြင်ကလည်း အတော်လှသည် ပုံသဏ္ဍာန် ကလည်း နောက်ဆုံးပေါ် ခေတ်အမှီဆုံးဖြစ်၍ လှချင်တိုင်း လှသည်။ သို့သော် ထိုအဆောက် အဦးကြီး မှာ ယာယီ ဆောက်ခွင့်ရသည်။ မကြာမှီ ဖျက်ပစ်ရမည်ဟူ၍ နားလည်ကြသည်။
ပြင်သစ်ကလည်း ဤအဆောက်အဦးကြီးကို ကမ္ဘာ့အခြေအနေအရ ခေတ္တ ဆောက်ခြင်းကို အခွင့်ပြု သည့် တိုင်အောင် အပ္ပါယ်တာဝါး သံမျှော်စင်ကြီးအတွက် အလှအပ ထား သောရှုမျှော်ခင်းနေရာကို ကာကွယ် ဖျက်ဆီး သကဲ့သို့ရှိ၍ အမြဲတမ်းထားခြင်းကို လိုလားမည်မဟုတ် ပါ ငွေ-ဒေါ်လာတွေ ပေါင်တွေပေါနေတဲ့ နိုင်ငံကြီးများမှာတော့ ဒါလောက်အကုန်အကျခံ ဆောက် ထားတဲ့ အဆောက်အဦးကြီးမျိုးကို ခဏ သုံးပြီး ပြန်ဖြိုပြစ်နိုင်စွမ်းကြပါသည်။
ဆင်းရဲသားနိုင်ငံကလေးတွေ ယုတ်စွအဆုံး ဗမာပြည်ဆင်းရဲသား လောကငရဲကို ဖန်တီးပေးနေကြ သော လူမသမာ တစု၏ မီးဒုတ်ဒဏ်ခံရတဲ့ ဆင်းရဲသားအိုးမဲ့ အိမ်မဲ့ ကလေးတွေကို သည်လို ဖြိုပစ်ရ မဲ့ ဘုံဗိန်မာန် ကြီးများ အလကား ဖျက်ပြီး သယ်ယူကြဟေ့လို့ဆိုရင် ယူချင်လိုက်ကြမဲ့ ဖြစ်ခြင်း၊ သို့ ပေမဲ့ သယ်လာစရာ သင်္ဘောမရှိတာ က ခက်သေးတယ်။ ပြည်တော်သာ သင်္ဘောကြီးနဲ့ အခမဲ့ သယ်ယူခွင့်များပေးလိုက်လျှင် ဖဆပလ ကွက်သစ် ရော၊ ဂွတ္တလစ်၊ ကျားကူး မင်းမနိုင်ကွက်သစ်တွေ မှာ သွပ်မိုးဝါးထရံကာ မဟုတ်တော့ဘဲ အုတ်တိုက် တွေဖြစ်ကုန်မှဘဲလို့ တွေးမိပါတယ်။ ကိုယ်တို့ ဗမာဆိုတဲ့ ဗမာကလည်း အပြုသာမဖြစ်ရင် ရှိရမယ်၊ အဖျက်မှာတော့ ပထမတန်းနံပါတ်ဝမ်းတစ်ဂဏန်းတစ်ဘဲလို့ ပြောချင်တယ်။ ကိုယ်တိုင် မျက်မြင် မှတ်မိသမျှ ကလေး တွေပြန်တွေးမိပါသေးတယ်။
အင်္ဂလိပ် အပြေးတုန်းက တိုက်ကြီး ဂျိုးဖြူ သစ်တောဗိုလ်တဲကြီးနဲ့ ဂျပန်အပြေးစမ်းချောင်းထိပ်က ဆကုရ ဂျပန် ရုပ်ရှင်ရုံကြီး များကို လူစုလူဝေးနဲ့ ၀ိုင်းဖျက်ယူလိုက်ကြသည်မှာ နာရီပိုင်းအတွင်းကလေး မှာဘဲ ပြောင်သလင်းခါဘာမျှမကျန်ရစ်ပါ။ ဒါတောင် မုဆိုးမအမယ်အိုကြီးက တူရွင်းတချောင်းနဲ့ လှေခါး ထစ်အောက် မှာ မြုပ်ကျန်နေသေးတဲ့ အုတ်ချပ် ကလေးတပြားနှစ်ပြားကို ကြိုးကြိုးစားစား တူးခွာ ယူနေဒါ တွေ့ရသေးတယ်။ တနိုင်ငံလုံး စုစည်း လိုက်မယ်ဆိုရင် ဒီလိုဖျက်ကင်းနစ်အတတ် ပါရဂူဘွဲ့ပေးလောက်တဲ့ ပုဂ္ဂိုလ်တွေ ဘယ်လောက်များ များထွက်ပေါ်လာမလဲ၊ ပဲရစ်မြို့ကြီးတခုလုံးကိုဘဲ နံရိုးကျဲကျဲနဲ့ ကျန်ရစ် နေအောင် ဖျက်ယူနိုင်လိမ့် အုံးမယ်လို့ ယုံကြည်ပါတယ်။ မယုံလျှင် တကယ် ပေးဝံ့ပေးစမ်းကြပါလား။
ဗမာပြည်မှာ စက်မှုလက်မှုမထွန်းကားလို့ ယခုခေတ်သစ်မှာ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အဦး ဘုံဗိမာန်ကြီး တွေ မရှိသေးဘဲ မတိုးတက်ဘဲ ရှိနေခဲ့ရုံမက ရှိပြီးသားကိုပင် တည်မြဲအောင် မသိမ်းပိုက် နိုင်အောင် အရည်အသွေး ညံ့ကာ အဖျက်ဝါဒ လောက်သာ လွှမ်းမိုးနေဆဲဖြစ်သော်လည်း ရှေးခေတ် ဆီ ကတော့ ဘာသာရေးအထိကရ အဆောက်အဦးကြီးတွေ ဥပမာ ရွှေတိဂုံဘုရား၊ ပုဂံအာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ စစ်ကိုင်းကောင်း မှုတော်ကြီး၊ ပျက်စီးသွားတဲ့ ရှေးနန်းတော်ကြီး၊ ရွှေကျောင်းတော်ကြီးများမှာ ဘယ်သိပ္ပံ ကျောင်းတော်ထွက် အင်ဂျင်နီယာကြီးတွေမှ မပါဘဲ စနစ်တကျအချိုးတကျ ခိုင်ခံ့စွာ ဖြစ် ထွန်းပေါ် ပေါက်လာခဲ့ကြဘူးတယ်။ တိုးတက်တဲ့ခုခေတ်မှာ ဗလာနတ္ထိ ဟိုတုန်းက ရှင်ဘုရင်တွေက ကုလား ပန်းရံ ဆရာတွေနှင့် လုပ်လိုင်းဒါကိုးလို့ တချို့ကဆင်ခြေတက်ပါသေးတယ်။
ထိုခေတ်က ကုလားပန်းရံ ဆရာအလုပ်ကလေးမျှ ရှိသည်ထား၊ ယခုခေတ်ကုလားပန်းရံ၊ ကုလား ကူလီ၊ ကုလား ကန်ထရိုက်၊ ကုလားဖြူနီ အင်ဂျင်နီယာ၊ နိုင်ငံခြားပစ္စည်း၊ နိုင်ငံခြားသိပ္ပံကျောင်းများ မှ သင်ကြား ခဲ့ကြရတဲ့ ပညာတွေနှင့်ပင် စခန်းသွားနေရပါလျက် ဘာကောင့်မတိုးတက်သည်ကို အလွယ်ဆုံး အဖြေ က ကိုယ်ရှင်ဘုရင်မှ မရှိဘဲကိုးဟူ၍ ထွက်လာပြန်သည်။
ရှင်ဘုရင်မရှိပေတဲ့ ယခုတော့ လွတ်လပ်တဲ့ ပြည်ထောင်စု ဗမာနိုငငံတော်ကြီး ဖြစ်လာပြီဘဲ၊ ငါးစားမကြံဘဲ ပြည်ထောင်စု သားတွေ စည်းစည်းလုံးလုံး တယောက်တလှည့်၊ ဝေစားမျှစားလုပ်သွား ကြလျှင် ကုသိုလ် လည်းရ၊ ၀မ်းလည်းဝ၊ ကိုယ်လည်းကောင်း၊ ကိုယ့်သား မယားလည်းကောင်း၊ တလုပ် တပေါက် ကောက်စားရသူတွေလည်းကောင်း၊ တိုင်းပြည်လည်းကောင်း အကုန်ကောင်းပြီး သဘ၀ ပစ္စည်းပေါလှတဲ့ နိုင်ငံတော်ကြီး ဟာ ကမ္ဘာက ငေးမျှော်စရာ အနုပညာတွေနှင့် တန်ဆာဆင်ထားတဲ့ ရတနာသိုက် နိုင်ငံကြီး တခု ဖြစ်လာအုံးမှာပါဘဲလို့ တွေးမိပါသည်။
ဤသို့ နိုင်ငံရေးသမားတွေ ရန်မဖြစ်၊ ပတ်မကြီး ထိုးမဖောက်ဘဲ တယောက်နဲ့ တယောက်လက်တွဲ ပြီး ပြည်ထောင်စု သားတွေအကုန် စည်းစည်းလုံးလုံးနှင့် တိုင်းပြည်ကြီးကို ပြုပြင်သွားလျှင် သူတပါး နိုင်ငံကြီး များကဲ့သို့ ကြီးပွားထွန်းကားလာမှာဘဲလို့ တွေးမိပေတဲ့ ကိုယ့်ဗမာနိုင်ငံ ကိုယ်ပြန်ကြည့်လိုက်တဲ့အခါ အပြုသမားကတ၀က် အဖျက်သမားက တဘက် လိပ်လို ကိုယ့် ဗိုလ်အောက် ကိုယ်ယက်နေကြသူတွေ တဘက် နှင့် တိုးတက်မှုစခန်းဝေးနေသေးတဲ့အတွက် အတော်ဘဲ ၀မ်းနည်းစိတ်ပျက်လိုက်မိပါသည်။
နောက်တနေ့တွင် ပဲရစ်မြို့ ဆိုဘွန်နီဆိုသော ရပ်ကွက်ကို ရောက်ပါသည်။ ထိုရပ်ကွက်ကြီးကတော့ သိပ္ပံ ပညာစာပေ နှင့်အခြားပညာရပ်များ စုဝေးရ ပဲရစ်တက္ကသိုလ်ကြီး တည်ရှိရာဖြစ်သည်။ ၎င်းအရပ်ကား ထူးချွန် ထင်ရှားသော ပုဂ္ဂိုလ်များ၏ အလောင်းတွေ မြှုပ်နှံရာ သင်းချိုင်း၊ စစ်သား ဟောင်းကြီးများအတွက် ဖွင့်လှစ် ထားသော (ဟိုတယဒီအင်ဗလိဒ်)စသော ကြည့်ရှုစရာ နာမည် ကျော်အဆောက်အဦးနှင့် နေရာဌာန များကို လှည့်လည်ကြည့်ရှုပါသည်။
ဟိုတယ်ဒီအင်ဗလိဒ်ခေါ်သော အဆောက်အဦးကြီးထဲမှာ နပိုလီယံဘုရင်၏ သင်းချိုင်းဂူတည်ရှိပါ သည်။ အဆောက်အဦး ကြီးမှာ ရှေးအခါထဲက စစ်သားဟောင်းကြီးများပြုစုရာ ဆေးရုံကြီးအဖြစ်၎င်း၊ အိုနာ ကျိုးကန်းသူ စစ်သားတို့အတွက် လူအိုရုံကြီးကဲ့သို့၎င်း၊ ရှေးဟောင်းစစ်လက်နက် ခဲယမ်းမီး ကျောက်တွေ ပြသ ထားရာ ပြတိုက်ကြီးကဲ့သို့၎င်း၊ သူရဲကောင်းစစ်ဗိုလ်စစ်ဘုရင်တို့၏ သင်းချိုင်းဂူ ရုပ်တုမှတ်တမ်းနှင့် ပြည့်လျှမ်း နေသော အာဇာနည်ဗိမာန်ကြီးကဲ့သို့၎င်း၊ ဘာသာရေးအဘို့ကြီးကျယ် ခမ်းနားသော ဘုရားရှိခိုး ကျောင်းကြီး ကဲ့သို့၎င်း ဖြစ်ပေါ်တည်ရှိနေပါ သည်။
ထို အဆောက်အဦးကြီး ထဲသို့ ၀င်လိုက်သည်နှင့် အထက်ပါ ဘုရားရှိခိုးကျောင်းဆောင်ခန်း၊ ရှေး ဟောင်း စစ်လက်နက် ဒါး၊ လှံဆိုင်ရာ ပြတိုက်ခန်း၊ အာဇာနည်တို့၏ သင်းချိုင်းစသည်တို့ကို တခန်း ပြီးတခန်း၊ တဆောင်ပြီး တဆောင်ကူး၍ ကြည့်နိုင်သမျှ ကြည့်သူကသာ မောတော့သည်။ ကြည့်စရာတွေကတော့ဖြင့် မကုန် နိုင်ပါ။
နပိုလီယန်စစ်ဘုရင်နှင့်တကွ ဘုရင်တို့ စစ်ပွဲ အောင်နိုင်သိမ်းပိုက်ရရှိခဲ့သော ကြေးအမြောက်ကြီး များမှာ အမည် ကဗ္ဗည်းထိုးလျက် အပြင်ခန်းမှာ တစီတတန်းကြီး ပြသထားသည်ကို တွေ့ရပါသေး သည်။ အတွင်းသို့ ရောက်လျှင် နပိုလီယန်သင်းချိုင်းဂူထားရှိသော အဆောင်ကြီးနှင့် တပြေးတည်း လက်ဝါးကပ်တိုင်နှင့် မှန်ပေါက် တခုသာ ခြားသော အဆောက်ကြီးမှာ ဘုရားရှိခိုးကျောင်းဆောင် ခန်းကြီးဖြစ်ပါသည်။
ထိုဘုရားဝတ်ပြုကျောင်း အခန်းဆောင်ကြီး၏ တဘက်က မှန်သားနှင့် လက်ဝါးကပ်တိုင်ရှေ့ အောက် တည့်တည့် က ပြင်သစ်အာဇာနည် စစ်ဘုရင်ကြီး နပိုလီယန်၏ သင်းချိုင်းဂူတည်ရှိပါသည်။
သင်းချိုင်းဂူကြီးကား ပြောင်လက်မာကျောသော ကျောက်ညိုဖြင့်ပြီးသည့် အလွန်ကြီးသော ကျောက်တုံးကြီး ကို အဆက်အစပ်မရှိ တတုံးထဲနှင့် ထွင်းထုထားခြင်းဖြစ်သည်။ ထိုကျောက်တုံးကြီး ကိုရှာရခြင်း၊ အကောင်းဆုံး လက်ရာဖြစ်စေရန် အချိန်ယူ၍ ထုလုပ်ရခြင်းစသော ကိစ္စအ၀၀တို့ကြောင့် နှစ်ပေါင်း ၂၀ ကြာမှ သင်းချိုင်းဂူကို ထုလုပ်ပြီးစီးသောဟူ၏။
ယင်းသို့လျှင် ဤမျှကြီးကျယ်သော နိုင်ငံကြီးတခုဖြစ်သော ပြင်သစ်ပြည်မှ ရာဇ၀င်ကျော် ပုဂ္ဂိုလ်ကြီး ဖြစ်သည့် နပိုလီယန်စစ်ဘုရင်ကြီး၏ သင်ချိုင်းဂူသည်ပင် နှစ် ၂၀ တိုင်တိုင် ရှိမှပြီးသေးလျှင် ဗမာ ပြည်၏ ဗိုလ်အောင်ကျော် တို့ ဗိုလ်ချုပ်အောင်ဆန်းကျောက်ရုပ်တို့မဖြစ်မြောက်မပေါ်ပေါက်သေးသည်မှာ အံ့သြစရာ မဟုတ်တော့ ပေဟု စိတ်ဖြေစရာကောင်းပါတော့သည်။
သူတို့သည် နှစ်ပေါင်း နှစ်ဆယ်တိုင်တိုင်ရှိမှ ပြီးမြောက်သည့် ကျောက်ဂူကြီးကို ဤဟိုတယ်ဒီအင်ဗ လိဒ် အဆောက်အဦးကြီး တွင် ထားရန်နေရာ အကောင်းဆုံးကို ရွေးချယ်ကြပါသည်။ ယခုထား သော ဘုရားရှိခိုး ကျောင်းခန်း နှင့် မှန်တချပ်ခြား တစပ်တည်းသော ဂူကြီးမှာ ကြီးလွန်းလှသဖြင့် ကြမ်းပြင်တွင် ချထား လိုက်ပါက လက်ဝါးကပ်တိုင်နှင့် ခရစ်တော်၏ပုံကိုရှေ့မှ ကွယ်ထားသလိုနေ မည်။ အကောင်းဆုံး အမွန်မြတ်ဆုံး ဖြစ်သော ဤနေရာကိုမှလည်း ဂူကို ထားလိုသည်။ ထို့ကြောင့် ခရစ်တော်၏ လက်ဝါး ကပ်ပုံ ကိုလည်း မကွယ်၊ ဤနေရာတွင်လည်း ထားနိုင်ရန်ကြမ်းပြင် သာမန် တလင်းကိုထူးပြီး ကျယ်ဝန်း၍ လှပ ခမ်းနား သော ကျောက်တိုင်များရံထားသည့် အခန်းဝိုင်းကြီးတခု ဖြစ်မြောက်လာအောင် လုပ်ဆောင်ကာ ကျောက်ဂူ ကို တည်ထားကြပါသည်။
သို့ကြောင့် နပိုလီယန်သင်းချိုင်းဂူကို ၀ရံတာဝိုင်းကြီး၏ အပေါ်မှ စီး၍လည်း ငုံ့ကြည့်နိုင်သည်။ အောက်ထပ် ကို ကျောက်လှေခါးနှင့်ဆင်း၍လည်း ကြည့်နိုင်ရာ အပေါ်ထပ်ရော အောက်ထပ်ပါ နေ့စဉ်နှင့်အမျှ လာရောက် ကြည့်ရှုသော ပရိသတ်တို့နှင့် ပြည့်ကြပ်လျက်ရှိနေပါသည်။
ထိုအဆောက်အဦးထဲမှာပင် ထူးချွန်သော အမျိုးသမီးအာဇာနည်တဦး၏ ကြေရုပ်ကြီးတခုကို အထိမ်း အမှတ်အလေးပြုထားသည်ကို တွေ့ရပါသည်။ ကြေးရုပ်အာဇာနည်မယ်အမျိုးသမီးကြီး၏ အကြောင်းအရာ အကျဉ်းချုပ် မှာ ရှေးနှစ်ပေါင်း ၅၀၀ ကျော်ဆီက ပြင်သစ်ပြည်ကြီးကို အင်္ဂလိပ်နှင့် အာဂန္ဒီနယ်သားတို့ ပူးပေါင်း တိုက်ခိုက်ခြင်းခံရသဖြင့် အရေးနိမ့်ကာ တပြည်ထောင်လုံး စုန်းစုန်းမြှုပ် ရတော့မည့် ဆဲဆဲ အချိန်တွင် တောရွာတရွာမှ လယ်သမားတဦး၏ သမီးပျိုကလေးတဦးသည် ခရစ် တော် အမိန့်ပေးသံကို နားတွင် ကြားယောင်ကာ ပြင်သစ်ပြည်၏ ရန်သူများကို တိုက်ခိုက်နှိမ်နင်းမည် ဟု အိမ်ရှေ့ မင်း ထံ ၀င်ရောက် အခွင့်ပန်ယူပြီးလျှင် နယ်သူနယ်သား စစ်တပ်များကို သူကိုယ်တိုင် ဦးစီးခေါင်းဆောင်ပြုကာ တိုက်ခိုက်တွန်းလှန်လိုက်ခြင်းဖြင့် ရန်သူ ၀ိုင်းထားသော အော်လီရင်မြို့ကိုပြန်လည်ရရှိခဲ့သည်။
ထိုမှတစတစ ထပ်မံရန်သူ သိမ်းပိုက်ပေးထားခြင်းခံရသော နယ်များကို ပြန်လည်တိုက်ခိုက် သိမ်းယူနေစဉ် မိန်းမငယ် တယောက်၏ စွန့်စားမှု အောင်မြင်မှုများကို ယောက်ျားဘာသားဖြစ်သော ပြင်သစ် စစ်ဗိုလ်ကြီး များက မနာလိုဝန်တိုဖြစ်နေကြသည်ဟုဆို၏။ ဤသို့သော အကြောင်းများ ကြောင့် ထိုအာဇာနည် မကလေး သည် ခရစ်သက္ကရာဇ် ယင်းသို့ အမျိုးသမီးအာဇာနည်ပုဂိုလ်ထူး (ဂျွန်းအော့အတ်)ကဲ့သို့ အလားတူ မမေ့အပ် သော ပုဂ္ဂိုလ် တို့၏ အထိမ်းအမှတ် ကြေးရုပ် ကျောက်ဂူမော်ကွန်း မှတ်တမ်းများ အမြောက်အများ ရှိပါသေး သည်။
ပြင်သစ်ပြည်၏ ပဲရစ်မြို့တော်အကြောင်း အကျယ်တ၀င့် ရေးသင့်သမျှတွေ ရေးနေရလျှင်တော့ ဤတသက် ကုန်နိုင်ဘွယ်ရာမရှိစကောင်းဖြစ်ပါတော့သည်။
သို့ကြောင့် အချုပ်အားဖြင့် ရေးသားရလျှင် အင်္ဂလန်ပြည်က လန်ဒန်မြို့သည် အင်္ဂလန်ပြည်၏ မြို့တော်သာ ဖြစ်ပါသည်။ အမေရိကန်ပြည်က ၀ါရှင်တန်မြို့တော်သည် အမေရိကန်ပြည်၏ မြို့တော်သာဖြစ်ပါသည်။
ပြင်သစ်ပြည်၏ ပဲရစ်မြို့တော်သာမက တကမ္ဘာလုံး၏ မြို့တော်ကြီးဖြစ်သည်ဟူ၍ ဆိုရိုး စကားရှိခဲ့သည့် အတိုင်း ဆိုလည်း ဆိုထိုက်လှပါသည်။
ကမ္ဘာ့ခရီးသည်များကို ကမ္ဘာပေါ်မှာ ဘယ်မြို့ဟာ အသာယာဆုံးထင်ပါသလဲလို့မေးလျှင် ' ပဲရစ်မြို့ 'ဟု တသံတည်း တပြိုင်တည်း ဖြေကြမည်သာ။ ကမ္ဘာပေါ်က အကြီးဆုံးမြို့ကြီးများတွင် ပဲရစ်ကလည်း န၀မ မြောက် အကြီးဆုံးမြို့တော်ဖြစ်ပါသည်။
ပိသုကာ ပညာ၊ ပန်းချီပန်းပုတည်းဟူသော ဘယ်တော့မှ မညှိုးတဲ့ပန်းဆယ်မျိုး အနုပညာသည်များ၏ အကောင်းဆုံး လက်ရာများစုဝေးရာ ဌာနကြီးတခုဖြစ်နေလို့ ကမ္ဘာအရပ်ရပ်က အနုပညာ လေ့လာ လိုသူတွေဟာ ပြင်သစ်ပြည် ပဲရစ်မြို့ကို ရောက်လာပြီး လေ့လာ ဆည်းပူးကြသဖြင့် အနုပညာ ပြတိုက်ကြီး ဖြစ်နေပါသည်။
ယုဝတီပိုင်းမှ အ၀တ်အဆင် အပြုအပြင်တို့မှာလည်း အရပ်ရပ်ကဖက်ရှင်မယ်တို့၏ အာရုံစူးစိုက် ကြရသော ကမ္ဘာ့ ဖက်ရှင် စံပြမြို့တော်ကြီးကဲ့သို့လည်း ဖြစ်နေပါသေးသည်။
ပဲရစ်က နောက်ဆုံးထွင်လိုက်တဲ့ ဖက်ရှင်ဟုဆိုလျှင် အသစ်အဆန်းဘက်မှာ ပြောစရာမကျန်အောင် သစ်ဆန်း တဲ့ တစ်ဂဏန်းဖက်ရှင်ဘဲဟု အများက အသိအမှတ်ပြုလေ့ရှိကြပါ သည်။
အဲဒီလို ဖက်ရှင်မှာ ရှေ့ကဒုန်းစိုင်းပြေးပြနိုင်ခဲ့သလောက် လေယာဉ်ပျံခေတ်၊ ၀ိုင်ယာလက်ခေတ်ပြီပြီ အနောက် တလွှား ၏ မြို့တော်လန်ဒန်မှာ နင်လား ... ငါလား ... အပြေးပြိုင် သလို အချည်းနှီးအချိန်ကုန်မခံ သုတ်သုတ် လုပ်၊ သုတ်သုတ်စားခဲ့တဲ့ သုတ်သုံးကျမ်းကျင့်ဝတ်ကို မသိကြ၍လား၊ သိလျက်နှင့် ဂရုမစိုက် ၍လား၊ သွားလဲအေးအေး၊ စားလည်း အေးအေးနဲ့ ... လမ်းဘေးက ကော်ဖီဆိုင်၊ ဟော်တယ်ဆိုင်များနှင့် စကားဖေါင်ဖွဲ့ ရင်း တသောသော အချိန်ဖြုန်းနိုင် ကြသူတွေကို ဗမာပြည်မှာလိုဘဲ တွေ့ရပါသည်။
ညနေပိုင်းသို့ ရောက်ပြန်ရာတွင် ပဲရစ်မြို့သည် အပျော်အပါးမျိုးစုံတို့၏ စုဝေးရာဘုံဗိမာန်ကြီးဘ၀မှ အသက်ဝင် လာကာ တိုက်ဟူသမျှ ဆိုင်ဟူသမျှ လမ်းဟူသမျှတို့မှာ ထွန်းညှိထားသော ဓါတ်မီးရောင် စုံတို့မှာ ရှုမငြီး နိုင်သောအလင်းရောင် မြို့တော်ကြီးဆိုသည့် အမည်ကို ခံယူစရာ အကြောင်းတရပ် ဖြစ်နေ ပါတော့သည်။
စိန်းမြစ်မှာ ပဲရစ်မြို့ကိုဖြတ်၍ စီးဆင်းနေသကဲ့သို့ လန်ဒန်မြို့ကြီးကို သိန်းမြစ်က တန်ဆာဆင်ထား သည်။ လန်ဒန်မြို့ကြီးကဲ့သို့၎င်း၊ အမေရိကန်မှ ထွက်သော ကျောက်ကဲ့သို့၎င်း၊ စက်ခေါင်းတိုင်များ မှ ထွက်သော ကျောက် မီးသွေးမှုန့်၊ မိးခိုးမှိုင်း၊ ကတ္တရာစေးမှုန့်တွေ အုံ့ဆိုင်းလွှမ်းမိုးခြင်းမရှိလှသဖြင့် ပဲရစ်မြို့ကြီးသည် ကြည်လင် သန့်ရှင်းရှုမြင်ကွင်းသာလျက် နေသည်ကိုတွေ့ရသည်။
ကမ္ဘာပေါ်မှာ အသာယာဆုံး၊ အလှပဆုံး မြို့ရယ်လို့အသိအမှတ်ပြုပင်ပြုရငြားလည်း အစကနဦး မြို့ တည်စ က စံနစ်တကျ အကွက်ချပြီး တည်ခဲ့သော မြို့တော့မဟုတ်ပါ။ လန်ဒန်မြို့ကဲ့သို့ပင် အစက တည်ချင် သလို စ တည်ပြီးမှ တစတစတိုးတက်စည်ကား ပြန့်ကျယ်လာတဲ့မြို့တော်ဖြစ်ပါသည်။
တတိယမြောက် နပိုလီယံဘုရင်ရဲ့ လက်ထက်ဖြစ်တဲ့ ၁၉.. ရာစုများ၏ နောက်ပိုင်းအချိန်မှာ အုပ် ချုပ်ရေးရာဘက်က နာမည်ကျော် ပုဂ္ဂိုလ်ကြီးတဦးဖြစ်သူ (ဘေရွန်ဟော့စ်မင်း)က ပဲရစ်မြို့တော်ကြီး ကို သာယာလှပလာအောင် အမျိုးမျိုး အဖုံဖုံ ပြုပြင်မွမ်းမံခဲ့ခြင်းဖြစ်သည်ဟု သိရှိရပါသည်။
ကမ်းတဖက်တချက်တွင် စိမ်းလန်းစိုပြေတဲ့ သစ်ပင်ကြီးများ စီတန်းစိုက်ပျိုးထားသော လမ်းမကျယ် အသွယ်သွယ် ကိုလည်း သူဘဲဖေါက်လုပ်ခဲ့သည်။ ထိုသစ်ပင်ကြီးများမှာ များသောအားဖြင့် ဗမာပြည် ဗန်းမော် နှင့် တရုပ်နယ်စပ်တွင်ရှိသော သစ်အံ့ပင်ကြီးများဖြစ်သည့် သို့ရာတွင် သူတို့ဆီက သစ်အဲသီး များမှာ ဗမာပြည်ကလို စား၍မရ၊ အသာ ခါးသော သစ်အဲရိုင်း များသာ ဖြစ်ပါ သည်။
ထိုသို့ လမ်းကျယ်ကြီးများဖြောင့်ဖြောင့်ဖြူးဖြူး အသစ်ထပ်မံဖေါက်လုပ်ထားသော်လည်း မြို့လည် ပိုင်းမှာတော့... ဘယ်နည်းနှင့်မျှ ပြုပြင်လို့ မရတဲ့အတွက် လက်ရှိ ရှိရင်းစွဲ အခြေအနေနှင့် အဆင်ပြေ အောင်သာ ပြုပြင်စီမံရသောကြောင့် အတွင်းပိုင်းက ရပ်ကွက်တွေဟာ ပုံသဏ္ဍာန်တွေ အမျိုးမျိုး ဖြစ်နေ ပါသည်။
မြို့ရွာပြုပြင် အလှမွမ်းမံသူ ပုဂ္ဂိုလ်ကြီး (ဘေရွန်ဟော့စ်မင်း) အသစ်ဖေါက်ခဲ့တဲ့ လမ်းတွေကတော့ ဖြင့် တနေရာ ကို ဗဟိုထားပြီး အရပ်လေးမျက်နှာ၊ ရှစ်မျက်နှာ၊ ဆယ်မျက်နှာ စသည်ဖြင့် ကြယ်ပွင့် က ဒေါင့်စွန်း တွေ ဖြာထွက်နေ၏သို့... အရပ်ရပ်သို့ ဖြာထွက်လာတဲ့ လမ်းတွေတလျှောက်လုံးမှာ စိမ်းလန်းစိုပြေတဲ့ သစ်ပင်တွေ၏ နောက်ပိုင်းကနေအိမ်တိုက်တာတွေဟာ နယူးယောက်မြို့လို မိုးပါးနီးတိုက်ချွန်ကြီးတွေမဟုတ်ဘဲ မနိမ့်မမြင့် အရွယ်သင့်တွေသာဖြစ်ပြီးလျှင် တိုက်အိမ်အားလုံး လိုလိုပင် မိးခိုးရောင်ဖြော့ဖြော့သော အရောင်မျိုးချည်းတွေမြင်ရပါသည်။
အများပြည်သူဆိုင်ရာ အဆောက်အဦးကြီးတွေ ရုံးကြီးတွေ၊ ပန်းခြံကြီးတွေနှင့် စိန်းမြစ်ကို ဖြတ်ကူးထားတဲ့ တံတားကြီး ပေါင်းမြောက်များစွာတို့မှာတော့ ရေးခဲ့ဘူးတဲ့ အတိုင်းဘဲ အမျိုးမျိုး အဖုံ ဖုံ စုံလင်များပြားလှတဲ့ ပန်းပု လက်ရာ၊ ရုပ်ထုရုပ်လုံးတွေနှင့် တန်ဆာဆင်ထားသည်ကိုသာ တအံ့တသြ တွေ့နေရပါသည်။
မြန်မာဘုရင်များ မြို့တည်ရာမှ မြို့အင်္ဂါတရပ်အဖြစ်နဲ့ မြို့ရိုးမြို့တာပါရစမြဲဖြစ်သလို ၁၈၄၀ ပြည့်နှစ် နဲ့၊ ၁၈၄၅ ခုနှစ် အကြား တည်ဆောက်ခဲ့တဲ့ မြို့ရိုးတံခါးပေါင်း ၅၇-ခု ရှိပါသည်။ ၂၂-မိုင် ရှည်လျားတဲ့ မြို့ကြီးဟာဖြင့် နှစ်ပေါင်းအတော်ကြာအောင်ဘဲ ပဲရစ်မြို့တော်၏ ရှုခင်း တခုအနေနဲ့ တည်ရှိခဲ့တယ်လို့ သိခဲ့ ရပါသည်။
အဲဒီမြို့ရိုးကြီးကို ပထမ ကမ္ဘာစစ်ကြီးအပြီးတွင်မှ ဖြိုချလိုက်ပြီး ကျယ်ပြန့် သာယာတဲ့ မြို့ပတ်လမ်းကြီးအဖြစ် ပြောင်းလဲလာတဲ့ မြို့ပတ်လမ်းကြီးအဖြစ် ပြောင်းလဲ ဖန်တီးပစ်လိုက်ကြပါ သည်။ စိမ်းမြစ်ရဲ့ လယ်ယာ ဘက်ကမ်း၊ သို့မဟုတ် မြောက်ဘက်ကမ်း၊ သို့မဟုတ် မြောက်ကမ်းမှာ အလုပ်အကိုင်ကြီးသမား၊ ကုန်သည်ကြီး များရဲ့ အရောင်းအ၀ယ်ရပ်ကွက်ဖြစ်ပြီး တရိုကေဒရို နန်းတော်ကြီး အနီးတ၀ိုက် ရပ်ကွက် ကတာ့ ချမ်းသာကြွယ်ဝသော သူဌေးကြီးများနေထိုင်ရာ သူဌေးရပ် ကွက်ဖြစ်ပါသည်။
ရန်ကုန်မြို့က လူကုန်တန်များ တနင်္ဂနွေ နေ့အားမှာ အင်းယားကို အပျင်းပြေ အပျော်သွားကြသလို ပဲရစ်မြို့က လူကုံတန်များ အပျင်းပြေ အပျော်သွားကြတဲ့ ပန်းခြံကြီးနှင့် လောင်းဟင်ပ် မြင်းပြိုင်ကွင်း ကြီးဟာ လည်း ဒီအပိုင်းမျာဘဲ ရှိပါသည်။
ရန်ကုန်မြင်းပြိုင်ကွင်းက လူကုံတန်တွေ၊ ကုန်ရင်တန်ပြီး ပြန်လာကြသလို သူတို့ဆီမှာလည်း ကုန်ရင် တန်ပြီး ပြန်လာသူတွေသာ များလိမ့်မည်ဟု အတွေးအခေါ်အယူအဆ မနက်မနဲရဘဲနှင့် ရိပ်မိနိုင်သည်။
စိမ်းမြစ်ရဲ့ လက်ဝဲဘက် ကမ်းကတော့ လက်တင်ရပ်ကွက်ဖြစ်ပါသည်။ လက်တင်ရပ်ကွက်ခေါ် သည်မှာ အခြားကြောင့်မဟုတ်ပါ ဤဘက်ကမ်းမှာ ပဲရစ်တက္ကသိုလ်ကြီးတည်ရှိနေပြီး ရှေးရှေးတုန်း ကဒီတက္ကသိုလ်ကြီးက သင်ကြားပေးတဲ့ ပညာရပ်တွေကို လက်တင်ဘာသာနဲပဘဲ သင်ကြားပေးတဲ့ အတွက် ကျောင်းသားများကလည်း လမ်းလျှောက်ပြီး သီချင်းဆိုလာတဲ့အခါမှာပင် လက်တင်ဘာ သီချင်းများကို သီဆိုလေ့ရှိကြသည်ဟု သိရပါသည်။
ယခုတိုင်းလည်း ကျောင်းသားများ လမ်းလျှောက်ပြီး သီချင်းဆိုလေ့ရှိကြပါသည်။
သို့သော် ရှေးတုံးကလို လက်တင်ဘာသာသီချင်း မဟုတ်ဘဲ ပြင်သစ်ဘာသာ သီချင်းများကို အများ အားဖြင့် သီဆို နေကြပါပြီ၊ အဲဒါလည်းညအခါ လသာမှာ ' ချစ်ပင်ချစ်မိုး ချစ်လိုက်ပါတဲ့ 'ဟု ဒို့ဗမာ ကာလသားကလေး လမ်းပေါ် တွင် သီချင်းဟစ်ကြွေးကြသည်နှင့် တူပါဘိတော့သည်။
ပြီးတော့ သည်လက်တင် ရပ်ကွက်မှာပန်းချီဆရာများ၊ အနုပညာသည်များ၊ ကျောင်းသားများနှင့် နိုင်ငံရေးလက်ဝဲ ဂိုဏ်းသားများ အများအပြားပင် ယခုတိုင် ဤအပိုင်း၊ ဤရပ်ကွက်တွင် နေထိုင်ကြ ပါသည်။ ထို့ပြင်လည်း ဘယ်နိုင်ငံမှာမှ ဒီရပ်ကွက်ကလေးလို ရပ်ကွက်မျိုးမရှိဘဲ ပျော်ပျော်နေ သေခဲဆိုတဲ့ နီတိ အတိုင်း နေထိုင်ကြတဲ့ ဆင်းရဲပြီး လွတ်လပ်သော ရပ်ကွက်ဆန်း တခုလည်း ဖြစ်ပါသေးသည်။
ပဲရစ်မြို့တွင် အရေးကြီးဆုံး နေရာတခုမှာ ဂရင်းအော်ပရာဇာတ်ခုံကြီးရှိသော ပဲလေ့ဒီအိုပရာဆို သည့် အရပ်ဖြစ်ပါသည်။ ထိုရပ်ကွက်ရှိ ကာဖီဆိုင် သို့မဟုတ် ဟော်တယ်ဆိုင်ကြီးတဆိုင်ရှေ့က စားပွဲကလေး တခုတွင် တအောင့်တနား ထိုင်ပြီးဆိုင်ရှေ့မှ ဖြတ်သွားသော သူများကို ကြည့်နေလျှင် ကမ္ဘာပေါ်တွင်ရှိသမျှ လူတိုင်း အလွယ်တကူတွေ့မြင်ရလိမ့်မည် သူတို့ပြင်သစ်က ပြောလေ့ပြောထ ရှိကြပါသည်။
သုတို့ပြောသည့်အတိုင်း မှန်သည်ဟု ဆိုရမလိုပင် အဘယ်ကြောင့်ဆိုသော် ကမ္ဘာအရပ်ရပ်မှ နိုင်ငံခြားသို့ သွားလာလည်ပတ်နိုင်ကြသော လူတိုင်းလိုလို တခါခါတော့ ဤနေရာ၊ ဤရပ်ကွက်ကို မုချရောက်လာရသည်။ မရောက်သေးလျှင်လည်း ရောက်လာဦးမည်မလွဲဖြစ်ပါသည်။
အီဂျစ်ကားစင် သို့မဟုတ် လက်ဝါးကပ်တိုင် တည်ရှိသည့် နာမည်ကြီး ပဲလေ့ဒီလာကို ဆိုတဲ့နေရာမှာ ပြင်သစ် တော်လှန်ရေး ခေတ်ကြီးအတွင်းက ကွပ်မျက်ခြင်းခံရသူများကို ခေါင်းဖြတ်ခေါင်းဖြတ် စက်ထားရာ ရာဇ၀င် ကျော်နေရာတခုဖြစ်လေသည်။
ပြင်သစ် နိုင်ငံကြီးထီးကျိုး စည်ပေါက် ဖြစ်နေစဉ်အတွင်းက မေရီအင်တော်နက်နှင့် အခြားပုဂ္ဂိုလ် အများ အပြား တို့အား ခေါင်းကိုဖြတ်ခါ ကွပ်မျက်ခဲ့သည်မှာ သည်နေရာ၌ပင်ဖြစ်ပါသည်။ အခြား နာမည်ကျော် နေရာများ ဖြစ်တဲ့ ပဲလေ့ ဒီယာဘက်ဆီလီသည် ပဲလေ့ ဗင်ဒွမ်းသည် ပဲလေ့ဒီအိပ်ဆလ်နှင့် ဒီပဲ လေ့လာဖိတ်ထိုင်း တို့မှာလည်း အလွန်သာယာလှပတဲ့ ကြည့်ရှုထိုက်သော နေရာများဖြစ်ပါသည်။
ပဲရစ်မြို့တွင် ပဲလေ့ ဒလူတင်ဘောင်း နန်းတော်၊ ပဲလေ့ရွိုင်ရယ် နန်းတော် အစရှိသဖြင့် ရှေးဘုရင် များစံမြန်းသွားတဲ့ နန်းတော်ကြီးများ အများအပြားရှိပါသေးသည်။ သို့သော် ပြင်သစ်ပြည်မှာ ယခုအခါ တွင် သမတနိုင်ငံ အဖြစ်သို့ ရောက်နေသဖြင့် ထိုနန်းတော်ကြီးများမှာ ပြည်သူဆိုင်ရာ အဆောက်အဦး ကြီးများ အဖြစ်သို့ ရောက်နေကြပါသည်။
လူထုပိုင်ဖြစ်နေသော နန်းတော် အဆောက်အဦး ဗိမာန်ကြီးများအနက် နန်းတော်ကြီးမှာ ယခုအခါ ကမ္ဘာတွင် အကောင်းဆုံးနှင့် အကြီးအကျယ်ဆုံး ပြတိုက်ကြီးဖြစ်နေပါသည်။ လူဇင်ဗောလ် နန်းတော်ကြီး တွင်ကား ယခုအသက်ထင်ရှားရှိနေကြသေးသော ပန်းချီဆရာကြီးများ၏အကောင်း ဆုံး လက်ရာ များကို စုဆောင်းပြသထားပါသည်။ အခြားနန်းတော် အိမ်တော်များမှာ ပြင်သစ်ပြည် သမတအိမ်တော်ကဖြစ်၎င်း၊ နိုင်ငံခြား သံရုံးကြီးများဖြင့်၎င်း တရားဥပဒေပြု လွှတ်တော်များအဖြစ် ၎င်း အသုံးပြုထားရာ အစိုးရ သို့မဟုတ် ပြည်သူပိုင် အဆောက်အဦးများအဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရပါတော့သည်။
နေရာတကာတွင် အလှအပဘက်မှာ လိုလေသေးသည်မရှိရလေအောင် ကြံဆောင်ဖန်တိးထား သော ပဲရစ်မြို့ကြီးအတွက် ကျက်သရေဆောင် တေလာရီပန်းခြံနှင့် လူဇင်ဗေါင်းပန်းခြံကြီးများနှင့် ယှဉ်ပြိုင်နိုင်လောက်အောင် လှပသောအခြားပန်းခြံများလည်း အများပင် ရှိလေသေးသည်။
ပြင်သစ် အမျိုးသားများသည် ပဲရစ်မြို့တော်ကြီးကို တခုလုံးခြုံ၍ အလှဆုံးမြို့တော်တခုဖြစ်အောင် ချယ်လှယ် မွမ်းမံ ဖန်တီးထားကြသည်မှာ မြို့၏ အစိတ်အပိုင်း အသီးသီးတို့ကိုပါ ထူးထူးခြားခြား ပြောစမှတ်ဖြစ်အောင် ဖန်တီး ထားသည်ကို တွေ့ရပါသည်။ လမ်းကြီးများမှာဆိုလျှင် ယခင် ရေးဘူးသော လမ်းများ၏ အမည်များ အနက် ချွမ၌အလီဇေးလမ်းရီးရွိုင်ရယ်လမ်း ဂရင်းဗိုလ်ဘက်လမ်းများသည် ၎င်းလက်တင် ရပ်ကွက် တွင်ရှိသော ဆိုလဗားစိန့်မိုက်ကယ်လမ်းတို့ မှာ အထူးသဖြင့် နာမည်ကျော်ကြားသော လမ်းကြီးများ ဖြစ်ပါသည်။
ဘာသာရေးနှင့်ဆိုင်ရာဖြစ်သော ဘုရားရှိခိုးကျောင်းကြီးများလည်း အထူးပေါများလှ ခမ်းနားလှပါ သည်။ အံ့မခန်းလက်ရာမြောက်လှပါသည်။ နော်ဒီဒိန်း ဘုရားရှိခိုးကျောင်းကြီးမှလွဲ၍ အခြားသော ဘုရားကျောင်းများထဲတွင် နာမည်အကျော်ကြားဆုံး ဘုရားရှိခိုးကျောင်းကြီးဖြစ်ပါသည်။ ၎င်းတို့အနက်မှ စိန့်ချပ်ပဲလ်လေးဆိုသော ဘုရားရှိခိုးကျောင်းကြီးမှာ နာမည်ကျော်ကြားသော ကျောင်းကြီးဖြစ်ပါသည်။ ထိုကျောင်းကြီးဖြစ်ပေါ်လာခြင်းနာမည်ကြီးရခြင်းတို့မှာပြ။ သစ်ရာဇ၀င်ခေတ် အလယ်လောက်ဆီက စိန့်လူးဝစ် ဘုရင်သည်၊ သခင်ရေရှူဖါားမြင်ရာဒေသမှာ သူကိုယ်တိုင် ယူဆောင်လာခဲ့သော ၀ါးကပ်တိုင် သစ်သားစကို ဆူးသရဖူပြု၍ ဆောင်းရမည့် အခမ်း အနားကျင်းပရန်အတွက် အထူးလှပခမ်းနားစွာ ဆောက်လုပ် ရတဲ့ ဘုရားရှိခိုးကျောင်းကြီးဖြစ်ပါ သည်။ ထို့ကြောင့်လည်း ယခုတိုင် မော်ကွန်းတွင် ကား နာမည်ကြီးနေရခြင်းဖြစ်ပါသည်။ ဗမာပြည် ဘုရင်တို့၏ အယူအဆနဲ့ ဆိုလျင်တော့ မဇ္ဈိမဒေသက ဒက္ခိဏ်သခါ ဗောဒိညောင်သားကို ယူလာ ပြီး ဘုရားထုအထွဋ်အမြတ်ကို ကိုးကွယ်သလို သူတို့မှာတော့ လက်ဝါးကပ်တိုင် သစ်သားစကို ခေါင်းဆောင်သရဖူအဖြစ် အမြတ်တနိုးဆောင်းခြင်းဖြစ်ပါလိမ့်မည်။
စိန့်ဂျာမိန်းဒီပရက်ဆိုသော ဘုရားရှိခိုး ကျောင်းကြီးကတော့ ပြင်သစ်ပြည်ရဲ့ ရဟန္တာတပါးဖြစ်သော စိန့်ဂျီနီ ဖွားစ်၏ ရုပ်အလောင်းကိုမြှုပ်နှံသဂြိုလ်ရာဖြစ်တဲ့ အတွက်နာမည်ထင်ရှားပါသည်။ မလ်ဒယ်လိန်း ဘုရားရှိခိုး ကျောင်းကတော့လည်း ယခုခေတ်တွင် ဆောက်လုပ်သော ဘုရားရှိခိုး ကျောင်းဖြစ်လို့ တမျိုး ထင်ရှားပါသည်။ ရှေးယခင်က ဘုရားရှိခိုးကျောင်းကြီးဖြစ်တဲ့ ပန်းသွန်ခေါ် ဘုရားရှိခိုး ကျောင်းကြီး ကတော့ လည်း ယခုအခါတွင် ထင်ရှားသော ပုဂ္ဂိုလ်ကြီးများအား ဂုဏ်ပြုသောအားဖြင့် ကွယ်လွန်သည့်အခါ မြှုပ်နှံရာ တန်ဆောင်အဖြစ် အသုံးပြုထား၍ ထင်ရှားခြင်း ဖြစ်နေပြန်ပါသည်။
အာလီဒီလာစိန့်ကျွန်းပေါ်ရှိ ဖဲလေးဂင်စတန်နန်းတော်နှင့် ပြင်သစ်ရာဇ၀င်မှာ ကျေကွဲစရာ အဖြစ် အပျက်ကြီးတွေ ဖြစ်ပွားခဲ့ရာဌာနဖြစ်သော ကွန်ဖီယာဂျားရ် အကျဉ်းထောင် ဟောင်းကြီးတို့မှာ လည်း မျှော်စင်အပ္ပါယ်တာဝါးကဲ့သို့ပင် ကြည့်ရှုစရာစိတ်ဝင်စားစရာကြီးများဖြစ်ပါတော့သည်။
ပဲရစ်ဆိုတောနာမည်ကို သုတေသနပြရာတွင် ပဲရစ်ဆိုသောအမည်သည် ' ပါရစီ ' ဟုခေါ်သော ရှေး ခေတ်ဂေါလ် လူမျိုးများ၏အမည်မှာ ဆင်းသက်လာသော အမည်ပင်ဖြစ်ကြောင်း ခရာဇ်တော်ပေါ် ထွန်းနေစဉ် အချိန်ခေတ်ဆီက ပဲရစ်မြို့သည် ရောမမြို့တော်ဖြစ်ပြီး၊ လူလတ္တီယားခေါ်တွင်ခဲ့ပြီး၊ နောက် ၄-ရာစုခေတ်သို့ ရောက်သောအခါမှ ပဲရစ်ဟူသော အမည်ကို ပြောင်းလဲသမုတ်ခေါ်ဝေါ်ကာ ၁၂-ခု ရာစုခေတ်မှစတင်၍ ပြင်သစ်ပြည်၏ မြို့တော်ကြီးအဖြစ်သို့ ရောက်လာခဲ့သည်ဟု မှတ်သား ခဲ့ရဘူးပါသည်။
၁၉၈၉-ခုနှစ်မှစသည် ၁၇၉၅-ခုနှစ်အထိ ၆-နှစ်လုံးလုံး ဗရုံးသုံးကားဖြစ်ပွားခဲ့သော ပြင်သစ်တော် လှန်ရေးဘကီးအပြီး၊ နပိုလီယံ ဘိုနာပတ်ဘုရင်၏ လက်ထက်တွင် ဆိပ်ကမ်းများ၊ တံတားများ၊ လမ်းကြီးလမ်းငယ်များ၊ ပန်းခြံကြီးများ ဈေးရုံကြီးများ အများအပြားတို့ကို ဆောက်လုပ်ခဲ့သည်။ သို့ ရာတွင် ၎င်းတို့ တူတော်ဖြစ်တဲ့ တတိယမြောက် နပိုလီယံ ဘုရင်၏ လက်ထက်တော်ရောက်မှ ဖဲရစ် မြို့တော်ကို ခောတ်အမှီဆုံး အလှအပဆုံး မြို့တော်အဖြစ်သို့ ရောက်အောင် ပြောင်းလွှဲဖန်တီးခဲ့သည်ဟု အဆိုရှိပါသည်။
ထိုခေတ် ထိုအခါက မြိုတော်သစ်ဖြစ်အောင် ပြန်လည် ပြုပြင်မှုတို့မှာ အံ့သြဘွယ်ရာ နမူနာ ယူလောက် အောင် ထူးခြားခဲ့သည်ဟု အစဉ်အလာ ပြောစမှတ်ရခဲ့သည်ဟူ၏။ သို့သော် အံ့သြလောက်ဖွယ် ပြုပြင်မှု တို့အပြေးသန်သလောက် ငွေရေးကြေးရေးဘဏ္ဍာရေးတို့က နောက်မှ အမှီမလိုက်နိုင်၊ အစိုးရတွင် ဘဏ္ဍာရေး အခက်အခဲများရှိနေသဖြင့် ဤမြို့တော်သစ် အဖြစ် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများမှာ ပြီးစိးသည်အထိ ပြည့်စုံခြင်းမရှိဘဲ နေခဲ့ရာမှ တတိယ မြောက်နပိုလီယံဘုရင့်အရေးနိမ့်ပြီး အောင်ပွဲဆင်ရသူ ဂျာမဏီများက ပဲရစ်မြို့သို့ ၀င် ရောက်မိကြသော အခါတွင် စစ်သားပီပီ အတားအဆီးမရှိ တွေ့ကရာ မြင်သမျှ တို့ကို ဖျက်ဆီးကြ သဖြင့် နာမည်ကျော် တေလာရီ နန်းတော်ကြီးလည်း မီးလောင်ပျက်စိး၍ အခြားသော အဆောက် အဦးကြီးတွေလည်း အများအပြား ပျက်စီးခြင်းမလှ ပျက်စီးကုန်ကြရတော့သည်။
ထို့ပြင်တ၀လည်း ပဲရစ်မြို့ကို ဖျက်ဆီးခဲ့ရပြန်သော အကြိမ် ကြုံရပြန်သည်မှာ ပဌမကမ္ဘာစစ်ကြီး ဖြစ်ပွားရာ၌ ပဲရစ်မြို့သူမြို့သားများ စိတ်ဓာတ်ပျက်ပြားစေရန် ရည်ရွည်လျက် ဂျာမနီလေယာဉ်များ က ပဲရစ်မြို့ပေါ်တွင် တ၀ီဝီပျံဝဲကာ ဗုံးကြဲတိုက်ခိုက်ကြတဲ့အပြင် မိုင် ၇၀ အဝေးကို ပြစ်ခတ်နိုင်တဲ့ နာမည်ကျော် (ဘစ်ဘာသာ)ခေါ် ဂျာမန် အမြောက်ကြီးနှင့်လည်း ပဲရစ်မြို့တော်ကို ပစ်ခတ်ဖြိုခွင်း ခံခဲ့ကြရသဖြင့် လူအမြောက်အများ သေဆုံးခြင်းနှင့် အဆောက်အဦး အများအပြားလည်း ထပ်မံ ပျက်စီးကုန်ခဲ့ရပြန်သည်။
သို့နှင့်လည်း ယခုအခါ ပျက်စီးရာမပါသော အကြွင်းအကျန်များမှာပင် ကမ္ဘာပေါ်တွင် ပြိုင်ဘက် ရှားအောင် ထူးခြား နေသေးသော ပဲရစ်မြို့ကြီးမှာ နာမည်ကျော်ကြားနေသည်နှင့်အမျှ အံ့သြချီးကျူး စရာတွေ အနန္တနှင့် ရှိနေပါသေးသည်၊ အချို့ဆင်ခြေဖုံးအရပ်များမှာ အလှအပအားဖြင့် ထူးထူးခြားခြား ပြောပလောက်အောင် မဟုတ် သော်လည်း ရာဇ၀င်တွင် ထင်ရှားသောအရပ်များဖြစ် သဖြင့် ပဲရစ်မြို့သို့ အလည်ရောက်လာသူ ခရီးသည်တိုင်း လိုလိုပင် သွားရောက်လည်ပတ်ကြည့်ရှု ကြသည်ကိုတွေ့ရပါသည်။
.........................
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
နယူးယောက်
သြဂုတ်လ ၃-ရက်နေ့တွင် ပြင်သစ်ပြည် ပဲရစ်မြို့မှနေ၍ အမေရိကန်ပြည် နယူးရောက်မြို့သို့သွား ရန် အစီအစဉ်ပြုလုပ်ထားပြီးဖြစ်သည့်အတိုင်း သြဂုတ်လ ၃-ရက်နေ့ နေ့ ၂-နာရီတွင် လေယာဉ် ထွက်မည်ဖြစ်ရာ၊ မြို့ပေါ်မှာဖြင့် လယ်ပတ်စရာ ကုန်သလောက် ရှိသွားသောကြောင့် နံက်ပိုင်း၌ ဟော်တယ် မှာပင် အနားယူတော့မည်ကြံရာ၊ ဘာမပြော ညာမပြောနှင့် မစ္စတာစပီးဘတ်တို့ ဇနီး မောင်နှံ ပေါက်ထဲ့ လာပြန်သည်။
သူတို့နှစ်ယောက်သည် နေ့ ၁-နာရီလောက်မှ ပီ-အေ-အေလေကြောင်းအလုပ်ရုံကို လိုက်ပို့ရန် လာရမည် ဖြစ်သော်လည်း ယခုစောစောကြီးလာခြင်းမှာ သူတို့အိမ်တွင် စကားပြောရင်း စာရင်း သောက်ရင်း အချိန်ဖြုံးရန် တမင်လာခေါ်ခြင်းဖြစ်သည်။ ထို့ကြောင့် သေတ္တာများကို သူ့ကားနောက် မြီးမှာ အားလုံး ထည့်၍ သူတို့အိမ်ကနေပြီး လေယာဉ်အလုပ်ရုံသို့ တိုက်ရိုက်ဆင်းရန်ပြောသဖြင့် အရေးပေါ် စီမံကိန်း အတိုင်း သူတို့နေအိမ်သို့ လိုက်သွားရပါသည်။
သူတို့နေအိမ်ကြီးကလည်း ကောင်းပါဘိသည်။ ကောင်းဒါကိုတော့ ပြောစရာမရှိပါပေ၊ ပိုက်ဆံပေါတဲ့ အမေရိကန် သံရုံးအဖွဲ့က ငှားရမ်းထားသော ၀ယ်ထားသော အဆောက်အဦးကြီးတွေဟာ ပဲရစ်မြို့မှ ခမ်းနား ထည်ဝါသော အဆောက်အဦးကြီးများအနက်တွင် စာရင်းအပါအ၀င်များပင် ဖြစ်နေတဲ့အတွက် ရှင်ဘုရင့် ပုဆိုး ပိုးနှင့်ယက်ထားသည်ကို ထူးဆန်းအံ့သြ စရာမဟုတ်တော့ပါ။ မစ္စစ်စပီးဘက်မှာ ဗမာပြည်သူ ဖြစ်၍ သူ့အိမ်ဧည့်ခန်းမှာ ဗမာပြည်လက်မှုပညာ ပစ္စည်းကလေးတွေနှင့် အမြတ်တနိုး ပြင်ဆင် ခင်းကျင်း ထားသည် ကို တွေ့ရပါသည်။
စာအုပ်စင်မှာဆိုရင်လည်း ဗမာပြည်နှင့် ဗမာလူမျိုးတု့ အကြောင်းရေးထားသော အင်္ဂလိပ်ဘာသာ စာအုပ် တွေကို အများအပြားတွေ့ရပါသည်၊ အလှဆွဲချိပ်ထားသော ပန်းချီကားများမှာလည်း ဗမာ ပြည်၏ ရှူမျှော်ခင်း၊ ဗမာပြည်၏ ရှေးဟောင်းအဆောက်အဦးနှင့် စေတီပုထိုးဘုရားဂူကျောင်းပုံများ ဖြစ်နေပါသည်။
သူတို့အိမ်မှာ အကြာကြီးထိုင်စကားတွေပြော၊ စားစရာတွေစား၊ ဓာတ်ပုံတွေရိုက်နှင့် အချိန်ကုန်မှန်း မသိ ကုန်သွားပါပြီ၊ သို့နှင့် နောက်ဆုံးလေကြောင်းအလုပ်ဌာနသို့ ထွက်လာကြပြီး၊ ခရီးသည်တို့ ပစ္စည်းအပ်ရာ တွင် ပါလာသော လက်ဆွဲသေတ္တာတွေထိုးအပ်လျက် လေယာဉ်ပျံကွင်းသို့ ကားထွက်မည့်အချိန်ကို ကြည့် လိုက်သော အခါ ၂-နာရီလိုသေးကြောင်း သိရပါသည်။
၂-နာရီကြီးတောင် အလကားထိုင်စောင့်နေမဲ့အတူတူဖြင့် အဲဒီ ၂-နာရီကို မြို့ထဲကားနဲ့ လျှောက်လယ် ကြည့်ကြသေးဒါပေါ့ဟု မစ္စတာစပီးဘတ်က အဘိထာစကား ပြုပြန်သောကြောင့် ပေါ့ပေါ့ပါးပါးပင် ထသွား လိုက်မိ ပါသည်။ တနာရီ မိုင် ၄-၅ ဆယ်နှုံးနှင့် ပဲရစ်ကို မြို့လုံးပတ် လည်လိုက်သည်မှာ လမ်းကျယ်ကြီး များနှင့် လမ်းသေးလမ်းမွှာ ဟူသမျှ တို့ကို ကားဘီယာ မချမိသည်မရှိသလောက် ဖြစ်တော့သည်။
ဤအတွင်း ကားပေါ်တွင် လက်ကိုင်အိတ်ကို ဖွင့်မိသည်တွင် သုံး၍မကုန် ကျန်နေသေးသော ပြင်သစ် ငွေစက္ကူများ တထပ်ကြီးရှိနေသည်ကိုစမ်းမိ၍ သတိရလာသည်၊ ထောင်နှင့် သောင်းနှင့်ချီ သုံးရတဲ့ ငွေစက္ကူ တွေမှာ ပြန်မည့်နေ့ဟော်တယ်ခတွေရှင်း၊ အခန်းစေ သူငယ်နှင့်သူငယ်မများကို မုန့်ဘိုးပေးပေါ့ပေါ့ပါးပါး လက်ဆောင်ပေးစရာ ရေမွှေးပုလင်းကလေးတွေဝယ်နှင့်ပင် မကုန်နိုင်သေး ပေ၊ ဒီငွေစက္ကူတွေ အမေရိကန် ကိုပါလာရင်လည်း အပိုဘဲ၊ လဲပေးလိုက်စမ်းပါဦး၊ ဦးစပိးဘက်ရယ် ဟု ပြောသဖြင့် သူ့အတွက်ကျ ဒေါ်လာ ၅၀-သာ တန်သော ချက်တခုရခဲ့ပါသည်။ ဤချက်ငွေလွှဲ လက်မှတ်ကလေးကို အမှတ်မထင် လဲလှယ် ယူခဲ့မိသော်လည်း နောက်တနာရီအတွင်း၌ တွေ့ကြုံ ရသော အခက်အခဲ တခုကို လွန်မြောက်စေနိုင်မည့် အထောက် အပံ့ ဖြစ်နေပါသည်။
ပဲရစ်မြို့၏ နာမည်ကြီး အစည်ကားဆုံး လမ်းဖြစ်သော ချမ္မအလီဇေလမ်းကိုမူ ထိုနာရီအတွင်း ၃-၄ ကြိမ် ထက်မနည်း ဖြတ်နေပါသည်။ ရေဆာလိုက်သည်ကလည်း တဒုက္ခပင် ဘယ်ဆိုင်ဝင်ဝင် ရေမတွေ့ ဘီယာ သာ တွေ့ရမည့်အတူဖြစ်လို့ မ၀င်တော့ပါ။ နောက်ဆုံး လေယာဉ် အလုပ်ရုံသို့ ရောက်လာမှ လိမ္မော်ရည် တခွက် သောက်၍ ရေငတ်ဖြေလိုက်ရပါသည်။
စပီးဘက်မောင်နှံတို့လည်း လေကြောင်းဌာနအလုပ်ရုံသို့ပို့ခဲ့ပြီး နှုတ်ဆက်၍ ပြန်ကြရပါသည်။
လေယာဉ်ပျံကွင်းသို့ ကားထွက်သည်အထိ သူတို့စောင့်ပို့နေရန် အချိန်မရှိပါ။ ၂-နာရီခွဲလျှင် သူတို့မှာလည်း ပဲရစ်မြို့၏ ဟော်လီးဒေးအပျော်ထွက်ရမည့် အစီအစဉ် ပြုပြီးသားဖြစ်သဖြင့် သူတို့ အိမ်သို့ပင် မပြန်တော့ဘဲ လေကြောင်း အလုပ်ရုံက ဒေါက်လျှောက် တန်းသွားကြရပါသည်။
လေယာဉ်ပျံကွင်းသို့ ကားထွက်သည်အထိ သူတို့စောင့်ပို့နေရန် အချိန်မရှိပါ၊ ၂-နာရီခွဲလျှင် သူတို့ မှာလည်း ပဲရစ်မြို့ ၏ ဟောလီးဒေးအပျော်ထွက်ရမည့် အစီအစဉ် ပြုပြီးသားဖြစ်သဖြင့် သူတို့ အိမ်သို့ပင် မပြန် တော့ဘဲ၊ လေကြောင်း အလုပ်ရုံက ဒေါက်လျှောက်တန်းသွားကြရပါသည်။
ဦးဇော်ဝင်းနှင့် ဒေါ်ဝင်းနီတို့ အိမ်သာတစုမူကား မနေ့ကတည်းက ပဲရစ်မှ မိုင် ၁၀၀-ခန့်ကွာဝေးသော မြို့တမြို့သို့ ထွက်သွားကြပြီးဖြစ်ရာ၊ စပီးဘက်တို့ အ၀င်သေတ္တာကလေးများပင် ဦးဇော်ဝင်းတို့နှင့် ကြိုတင် ပေးလိုက် ပြီးသားဟန်တူပါသည်။
လေယာဉ်လူပို့ကားကြီး ထွက်ချိန်နီးကပ်လာပြီ၊ အဆောက်အဦးကြီးတခုလုံးလူတွေ ခရီးသွားတွေ တရုံးရုံး ဖြစ်နေပြီ၊ ထိုနေ့မှာ ဟော်လီးဒေမထွက်ရလျှင် သေမလိုဖြစ်ကြဟန်တူသည်၊ လှည်းနေ လှေ အောင်းမြင်းဇောင်း နဲ့ ကားရုံမကျန် ခံတမာဝါလား၊ ဒိုဘီဝါလား၊ ဘိနပ်ဆေးတိုက်သမားကအစ၊ အလူးအလဲ ဆန်းမား ဟော်လီးဒေး နာထနေကြသောကြောင့် မီးရထားဆိပ်၊ သင်္ဘောဆိပ်၊ လေယာဉ်ပျံဆိပ်တွေမှာ ခရီးသွားမည့် လူတွေ ရှုပ်လို့သာပွေတော့သည်။
လေကြောင်းဌာနရုံးခန်းအဆောက်အဦးကြီးကကျယ်လို့သာ ဒါတောင်မှ လေဆိပ်နှင့် မြို့တွင်းရုံးသို့ သယ်ယူ ပို့ဆောင်သော လူစီး ၀န်တင်ကားကြီးတွေဟာ အလုပ်ရုံကြီးရဲ့ အောက်ထပ် မြေနိမ့်ဘက်မှာ ထားပေးလို့ တော်သေးသည်။ ပစ္စည်းသေတ္တာ တွေဝန်စည်စလည်တွေကို ချိန်တွယ် လက်ခံရသောနေရာတွေက လည်း အများ အပြား သူ့အခန်းနှင့်သူ သူ့လူနှင့်သူ ကောင်တာပေါ်မှာ စာကပ်ထားသည်။ ဥပမာ လန်ဒန် သွားမည့်လူ၊ နယူးရောက်သွားမည့်လူ၊ အိန္ဒိယ ဘက်သွားမည့်လူ၊ စသဖြင့် လေယာဉ်ပျံတွေပလူလို။ ခဏ ခဏ ပျံထွက် ရှုပ်ရှက်ခပ်နေသလောက် စာကပ်ထားတဲ့ ပစ္စည်းချိန်တွယ်လက်ခံရာ ပေါက်တွေကလည်း များလှ ပါဘိတောင်း။
ထိုဝန်စည် ပစ္စည်းသေတ္တာများကို လေကြောင်း ဌာနအလုပ်သမားများက အလေးချိန်ရာသို့ လေး လေးလံလံ ထမ်းယူ သယ်ပိုးသွားဘို့မလို သူ့အပုံလိုက် ချထားရာမှကတ္တားကဲ့သို့ ချိန်တွယ်ရာ အပေါက်သို့ အထိ သံလုံး နှင့် လှိမ့်ယူသော စက်ပေါ် တင်ပေးလိုက်လျှင် အလိုလို ပါသွားလေ သည်။ ထို့နောက် ချိန်ပြီး၊ မှတ်ပြီး အမည် နံပါတ် ကပ်ပြား ကလေးများတပ်ပြီး အောက်ထပ်သို့ လျှပ် စစ်လှေခါးနှင့်ပင် ပို့ချလိုက်ရာ ကုန်တင်ကားနိမ့် ကလေး ပေါ်ရောက်သွားပြီး၊ လူတယောက် မတ်တပ်ရပ်မောင်းယူသွားသည်။
ထိုမှတဆင့် လေကြောင်းသယ်ယူပို့ဆောင်ရေး ကားကြီး၏ ခေါင်မိုးပေါ်သို့ အထစ်နှင့်လယ်နေသော ၀န်တင်ကရိယာလေးနှင့် တင်ပို့လိုက်သောအခါ ကားအမိုးပေါ်က အစောင့် တယောက်သာလျှင် မလိုလို တက်လာသော သေတ္တာများကို နေသာတကျ ရှိအောင် ပြုပြင်ပေးလိုက်ရုံပင် တာဝန်ရှိတော့သည်။ လူအပင်ပန်း မခံရဘဲနှင့် ကိစ္စပြီးနိုင်သောကြောင့် တနည်းအားဖြင့် သက်သာ လွယ်ကူပါပေသည်။
ဤနည်းနှင့်ပစ္စည်းချိန်တွယ်လက်ခံရာသို့ စာရေးသူ၏ သေတ္တာတွေ၊ အထုပ်အပိုးတွေ ရောက်သော အလှည့်ကျ လာလေပြီး၊ လန်ဒန်မှ၎င်း၊ ပဲရစ်မှ၎င်း၊ ဗမာပြည် ရွှေဂုန်မြို့တော်ကြီးမှ၎င်း၊ မိတ်ဆွေတွေက အမေရိကန်သို့ လူကြုံကောင်းသည်ဆိုကာ ပးလိုက်ကြတဲ့ လက်ဆောင်တွေ အိုးဘုတ်၊ ဂျိုးရုပ်၊ စာအုပ်၊ ငါးပိကြော်၊ ပုသိမ်ထီးထုပ်ကြီးစုံလို့ သာစေ့တော့သည်။ အဲဒါတွေက စုလိုက်တော့ ယူခွင့်ပြုသည့် အလေးချိန် ထက် အတော်ပိုနေပါပြီ သည်အထဲမှာ ဘာစာအုပ်မှန်းမသိ တထပ်ကြီးပေးလိုက်တဲ့ စာအုပ် အထုပ်ကြီး ကသာလို့ ဆိုးပါတော့သည်။
ကိစ္စမရှိပါ ပို့ရင်လည်း ပို့ပါစေတော့ ကျသင့်တဲ့ အခကို မညီးမငြူပေးပါမည်။ ဘာနဲ့ပေးရလည်းဆို တော့ ဒေါ်လာနဲ့ပေးမှ လက်ခံမည်တဲ့။ ကောင်းပြီ ဒေါ်လာနဲ့ ပေးရမယ်ဆိုလျှင် ဒေါ်လာ ၅၀-တန် ချက်ကို အမ်းပီး ယူပေတော့လို့ ပေးလိုက်ရပါသည်။ ဒါပေတဲ့ ပစ္စည်းချိန်တဲ့ ကိုယ်တော်ချောကချက် ကို မယူဘူးတဲ့ ဒေါ်လာစက္ကူ လက်ငင်းပေးရတဲ့ ခက်သားဘဲ ဗမာပြည် အစိုးရက အခွင့်ပြုလို့ ရလာတဲ့ ဒေါ်လာဆိုတဲ့ ဥစ္စာ ကလည်း ဒေါ်လာစက္ကူ မဟုတ်သေး အမေရိကန်ကို ရောက်မှ လဲပြီး သုံးနိုင်ခွင့်ရှိတဲ့ ခရီးသွား ငွေလွှဲ ချက်လက်မှတ်ဖြစ်နေရာ တော်တော် စောစောက အမှတ်မထင်လဲယူ လာမိခဲ့ပေသော အဲသည်ဒေါ်လာ ၅-တန် ချက်စာရွက် ကလေး တခုဘဲ အားထားစရာ ရှိပါတော့ သည်။
ဦးစပီးဘက်နှင့် ဒေါ်စပီးဘက်တို့ကလည်း ပြန်သွားကြပြီ ပြင်သစ် ကောင်ငယ်ကလေးကလည်း အင်္ဂလိပ်လို ရေရေလည်လည် မပြောတတ်။ ဒီချက်ကိုလဲး၍ မယူလျှင် ဒို့မှာ ပေးစရာမပါတော့ဘူး။ အဲဒီတော့ အလေးချိန် ပိုနေတဲ့ စာအုပ်ထုပ်ကြီးကို ဒီမှာထားခဲ့မယ် ဒို့မိတ်ဆွေကို စာရေးမှာပစ်ခဲ့ပြီး တင်ပို့စေမယ် ဒါကြောင့် ဒီနောက် မှ အထုပ် တခုဖယ်ပြီး ချိန်ပါလို့ပြောတော့ အဲဒီလိုလဲ မလုပ်နိုင် ဘူး၊ ဒေါ်လာဘဲပေးရမယ် ဆိုပြန်တယ်၊ ဒေါ်လာမရှိဘူး ဒီချက်ကို ယူဆိုတော့လည်းမယူချင်ဘူးတဲ့ ကပ်သီးကပ်သပ်လုပ်နေပြန်၏။
ကိုင်ဒါဖြင့်နေဟာ ဒီနေ့လေယာဉ်ပျံနဲ့ မလိုက်ဘူး ပစ္စည်းတွေ ပြန်ထုပ်ပေတော့လို့ သူ့လိုဘဲ ကပ်သီး ကပ်သပ်ပြန်လုပ်ပြန်တယ်။ ဒါတောင် ကိုယ်တော်မြတ်က ဟင့်အင်း ဒီလိုမဖြစ်နိုင်ဘူး လိုက်မှဖြစ် မယ် ဆိုပြန်တော့ လိုက်ရမှာဖြင့် ချက်ကိုလည်းယူ မယူချင် အချိန်ပိုတဲ့ ပစ္စည်းထုပ်ထာခဲ့၊ ဒို့တာဝန်ဘဲ တတ်နိုင်တယ် သူကချက်ကိုလည်း မယူနိုင်၊ ပစ္စည်းထုပ်လည်းနှုတ်ပြီး မထားခဲ့နဲ့ လူဘဲလိုက် ကဲ ... ဒါဖြင့် အချိန် ပိုတဲ့ အထုပ်လည်း ပြန်မနှုတ်နဲ့၊ ချက်လည်းမအမ်းနဲ့၊ လူလည်းလိုက်မယ်၊ အလေးချိန်ပိုထွက်ခကို နယူးယောက် လေယာဉ်ပျံကွင်းရောက်မှ ဒို့ကို လာကြိုတဲ့ လူတွေဆီက ဒေါ်လာနဲ့ ပေးမယ်ပြောတော့ကော နားမလယ် လို့လား ဘာလားတော့မသိ အူတူတူကြောင်တောင်တောင် လုပ်နေပြန်ပါသည်။
အမေးအဖြေ ပြဿနာကြောင့် မိနစ်အတော်ကြာ နေရာနောက်မှ ခရီးသည်တွေ ပစ္စည်းတွေ တသီ စောင့်ကာ ထောင့်ကာ ကျန်နေကြသည်။ ခါတ၀က်ကျိုးတွင် တန်းလန်းကြီးတစ်နေသဖြင့် ခရီးသည် လူကြီး လူကောင်း နှစ်ဦးသုံးဦးက အနီးချဉ်းကပ်ခါ ဖြစ်ကြောင်းကုန်စင်ကို စပ်စုလာကြ သည်တွင် ကတ္တရေ၊ ကတ္တရာ ကောင်ငယ်၏ မရှင်းမရှင်းကိစ္စကို သိရသောအခါ အမေရိကန် ခရီး သည်တဦးက ကြားဝင်ပြီး ဒေါ်လာ ၅၀-တန် ချက်လက်မှတ်ကို လဲလှယ်လိုက်သဖြင့် ဒေါ်လာ နှစ် ဆယ်နီးပါးခန့် အချိန်ပိုအခ ပေးလိုက်ခြင်းဖြင့် ကိစ္စပြီး ပြေသွားပြီးနောက် ရုံးခန်း၏အောက် ခရီးသည် သယ်ယူပို့ဆောင်ရေးဌာနသို့ ရောက်ခဲ့ ကြပါတော့သည်။
မြေအောက်အထပ် သယ်ယူပို့ဆောင်ရေး ကားဆိပ်သို့ ရောက်သောအခါ လက်ပြောင် တောက်ပနေသော လူစီးဘတ်(စ်)ကားကြီးများပေါ်သို့ အသီးသီးသော ခရီးသွားများ တက်ထိုင်နေ နှင့်ကြလေပြီး။ အမေရိကန် ဘက်သို့ လိုက်မည့် ခရီးသည်များစီးသောကား၊ အင်္ဂလန်ဘက်သို့ လိုက် မည့်ခရီးသည်များ အိန္ဒိယမှ အစ ဂျပန် စသော အရှေ့သို့ လိုက်မည့် ခရီးသည်များ၊ သူ့ကားနှင့် ကြိုဆိုခေါ်ယူနေသော လေကြောင်း ဘက် ဆိုင်ရာ အလုပ်တာဝန်ခံတွေကလည်း လှပခန့်ညားတဲ့ သူတို့ရဲ့ ယူနီဖေါင်းဝတ်စုံတွေကို ၀တ်လျှက် အောက်ထပ် ရောက်လာတဲ့ခရီးသွားများကို နေသား တကျ ရှိအောင် ကြိုယူနေရာညွှန်ပြလျှက်ရှိကြပါသည်။
သို့ရာတွင် ဟိုသူငယ်၏ ထစ်ငေါ့နေမှုကြောင့် နောက်ဆက်တွဲခရီးသည်တစု၊ တစ်လစ်ဖြစ်ခဲ့ရ၍ အချိန် အနည်းငယ် ထင့်ကာ ဘတ်(စ်)ကားခေါင်မိုးပေါ်သယ်တင်ကြသည်။
ပစ္စည်းတင်သော အထစ်လယ်စက်ကရိယာပေါ်သို့ သေတ္တာကလေးတွေ တခုပြီး တခုလိုက်လိုက် သွားကြ သည်။ ဘတ်စ်ကားခေါင်မိုးပေါ်ကလူကလည်းဆီးပြီး တခုစီဆွဲယူနေရာချထားလျက်ရှိသည်။ စာရေးသူ၏ သေတ္တာအလှည့်သို့ရောက်လေပြီ။ ရိုးကုမ္ပဏီ တိုက်ထွက် သံဖြူဖြင့်ပြီးသော လက်ဆွဲ ခရီးဆောင် သေတ္တာ အဖြူ တလုံး အပြာတလုံး တရွေ့ရွေ့မြင့် တက်ပါလာသည်။
သေတ္တာအဖြူရောင်မှာ ၀န်တင်ကရိယာ၏ အထစ်ပေါ်တင်လွှတ်လိုက်စဉ်ကပင် တည့်တည့်မတ်မတ် မရှိ သေတ္တာ ၏ လေးဆယ့်ငါးဒီဂရီလောက်မှာ လေထဲတွင်ရှိင ကျန်အပိုင်းကလေးသာ အထစ်ပေါ်တွင် ချိပ်မိ နေသည်။ လူထမ်းကူလီဆိုလျှင်လည်း နဲနဲနောက် ရွှေ့ကိုင်လိုက်ဟု လှမ်းပြောနိုင်သေးသည်။ ယခုတော့ အသက မရှိရှာတဲ့ စက်ကရိယာဆိုတော့ ပြောလို့မရ။ တင်လွှတလိုက်သူကလည်း မြင်ပေမယ့် တက်လှမ်း မမှီတဲ့ နေရာရောက်ခါမှ ပြန်မပြင် လိုက်နိုင် သေတ္တာကလေးမှာမူကား လှုပ်လှုပ်-လှုပ်လှုပ် ဖြစ်ရင်းက စက္ကန့်ပိုင်း အတွင်း မှာပင် မြေပေါ်သို့ ဒိုင်ဗင်ထိုးချလိုက်လေတော့သတည်း။
ကျလာ လိုက်ပုံ ကလည်း ယဉ်ယဉ်ပါဘဲ။ သေတ္တာအလျားလိုက် ထိုးစိုက်ကျလာပြီး သမံတလင်းကို ထိပ်တိုက် ၀င်ဆောင့်လိုက်ရာ ဘာဂျာတွန့်ကဲ့သို့ ၂ တွန့် ၃-တွန့် ခေါက်သွားလေ၏။ သို့သော် သော့ချက် မပျက် ပစ္စည်းတွေလည်း ပွင့်အံထွက်မလာသောကြောင့် ဘာဂျာတွန့်အတိုင်းပင်ပြန်ကောက်ပြီး တင်လွှတ် လိုက်ကြ ပြန်သည်။
အထဲကပစ္စည်းတွေကျတော့ ဘယ်အဖြစ်မျိုးရောက်နေရှာလေသည်မသိ ငါးပိကြော်ပုလင်းလည်းပါ သည်။ လုံချည် အင်္ကျီ အနွေးထည်စုံလို့၊ လူကြုံပါးငပိကြော်ပုလင်းကို အ၀တ်တွေထဲ ထည့်ယူလာ မိတဲ့အတွက် ပုလင်းကွဲ မီးဖိတ်ယို ကုန်လျှင် အ၀တ်တွေဆီစိုတော့မည်ဟု သတိရသော်လည်း ဖွင့်နေရန် အချိန် မရတော့ပေ။
ဗိုလ်သိန်းဆွေအိမ်ကပေးလိုက်တဲ့ ပုသိမ်ထီးသုံးစင်းအထုပ်ရှည်ကြီးကလည်း သေတ္တာထဲမှာ ထည့်လို့ မဆန့်၍ တန်းလန်း တန်းလန်း သယ်ယူလာခဲ့ရသော တာဝန်က တဘက်သို့နှင့် နောက် ဆုံးဘတ်စ်ကားကြီး ထွက်ရာ၊ လေယာဉ်ပျံကွင်းသို့ ရောက်၍ ထွက်ရန်အသင့်ရှိနေသော လေယာဉ် ကြီးပေါ်တက်ထိုင်မိမှပင် အမောပြေသွားပေတော့သည်။
ဥရောပနှင့် အမေရိကန်သို့ ကူးသန်းသွားလာနေသော ပင်လယ်ကူး သင်္ဘောကြီးများသည် အကြီး အကျယ်အခမ်းအနားနှင့် အပြုအစုကို အပြိုင်ကြဲနေသလို ဥရောပနှင့် အမေရိကန်သို့ ဝေဟင် လမ်းခရီးမှ လေယာဉ်ခရီးသည်တို့အဘို့ လေကြောင်းကုမ္ပဏီတွေကလည်း အကြီးနှင့် အကျယ်အပြုအစု ယုယမှုတွေ လေကွတ်မှုတွေ အပြိုင် ကြိတ်နေကြရာ လေယာဉ်၏ အပြုအစု သည် အာရှနှင့် ဥရောပ အကူး နှင့်လည်း မတူ။ ပစိဖိတ် သမုဒ္ဒရာဖြတ်ကူးရာနှင့်လည်းမတူ။ အတ္တာ လန်တိတ်သမုဒ္ဒရာ ဖြတ်ကျော် ကူးသန်းရာ ဖြစ်သော လေကြောင်းစီး ဆရာတို့က အသာဆုံး ဇိမ်အတွေ့ဆုံးဟူ၍ လေကြောင်းခရီးသွားတိုင်းက၎င်း၊ ပင်လယ် ရေကြောင်း ခရီးသွားက၎င်း၊ ထင်မြင်ချက်ပေးကြမည်မှာ မလွဲနိုင်ပါပေ။
လေယာဉ်ထွက်အံ့ဆဲဆဲ၌ ထုံးစံအတိုင်း ကော်ဖီသကြားလုံးများလိုက်ပေးနေပြီ၊ မကြာမှီ ကောင်းကင်သို့ ရောက်ခါ တပါတ်မျှ ၀ဲလိုက်သည်တွင် စိန်းမြစ်ကြီးကို အလယ်လမ်းကြောင်းပြုကာ ခြေရာခြင်း ထပ်မလောက် လယ်ပတ်ခဲ့ရသော ပဲရစ်မြို့ကြီးကို ငုံ့ကြည့်လိုက်ရင်း နောက်တကြိမ် ဒုတိယ အခေါက် အဖြစ် ဆက်ဆက် ရောက်အောင် လာခဲ့ဦးမည်ဟု တမြို့လုံးခြုံလျှက် ကြိတ်၍ နှုတ် ဆက်လိုက် မိသေး တော့သည်။ သို့နှင့် လေယာဉ်သည် အနောက်မြောက်စူးစူးသို့ ဦးတည်ပျံ သန်းလျက်ရှိချေပြီ။
လေယာဉ်မယ်ကလေးလည်း စီးကရက် အမျိုးမျိုးပါဝင်သည် လင်ဗန်းလေးကို ပိုက်ခါ ခရီးသည်တို့ အားဆေးလိပ်တည်ရန် ရောက်လာသည်။ စီးကရက်တွေကလည်း အမျိုးမျိုး၊ အင်္ဂလန်ဖြစ်၊ ပြင်သစ် ဖြစ်၊ အမေရိကန် ဖြစ် ကြိုက်နှစ်သက်ရာ သောက်နိုင်ပါသည်။
တနာရီတခါကျ လေယာဉ်ဘယ်နှစ်ပေ အမြင့်သို့ ရောက်နေပါပြီ။ အပူအအေး ဒီဂရီဘယ်မျှ၊ လေဘယ် ဘက်က တိုက်သည်၊ ဘယ်အချိန်ဘယ်နေရာ ရောက်မည်။ နာရီက ဘယ်ချိန်ပြောင်းပါ၊ ဘာသာညာညာ စုံတကာ စေ့အောင် စရင်းချပြသောလေကြောင်း ကပ္ပတိန်၏ အစီရင်ခံစာ ' ဘူလက်တင်' ကလည်း ခဏခဏ ရောက်လာလျက်ရှိပါသည်။
အပြင်းပြေ လေယာဉ်၏ အောက်ထပ်သို့ လှေခါးငယ်နှင့်ဆင်း၍ ရှုမျှော်ခင်းများကို ကြည့်ရန် ထိုင်ခုံကြီးများ တပ်ဆင်ထားသော ဧည့်ခန်းနှင့် အဖျော်ယမကာ သုံးသောက်လိုရာ ၀ယ်ယူရနိုင်တဲ့ 'ဘား' လည်းရှိပါ သေးသည်။
ပဲရစ်က အမေရိကန်သို့ အတ္တာလန်တိတ်သမုဒ္ဒရာကို ဖြတ်၍ ပျံသန်းသော ထိုပီ-အေ-အေ လေယာဉ်ကြီးသည် ပဲရစ်မှ နယူးယောက်အထိ ခရီးသည်အဆင်းအတက်မရှိ အိုင်ယာလန်ကျွန်းအဖျား ရှနန်း လေဆိပ် တွင် ခေတ္တဓါတ်ဆီ ၀င်ထည့်ရန်ုမှတပါး အတ္တာလန်တိတ် သမုဒ္ဒရာကြီးပေါ်မှ ဖြတ်ကျော်ကာ တညဥ့်လုံး အမေရိကန် ကမ်းခြေဆီသို့ ဒေါက်လျှောက် ပျံသန်း ပါသည်။
သို့ကြောင့် ခရီးသည်တို့အဘို့ ထိုင်ခုံ၏ အပေါ်ထပ်မှာ အိပ်ရာခင်းတခုစီ ထားပေးသည်။ ထိုအိပ်ရာခင်း အတွက်မူ သီးသန့်ပိုက်ဆံပေး၍ ကြိုတင်ဝယ်ယူထားရသည်။
ကြိုတင်ဝယ်ယူမထားသူများမှာ အိပ်ရာမရဘဲ ထိုင်လာသည့် ဆိုဖာကုလားထိုင်မှာပင် အိပ်ရပါ သည်။
ဒီကုလားထိုင်ကလည်း မခေပါ အိပ်ရာကဲ့သို့ပင်နောက်မှီကို ခလုတ်ကို နှိပ်ခါ လှန်လှဲ ခြေတင်ခုံကို ဆွဲထုတ်လိုက်သောအခါ အိစက်ညက်ညောသော ပကတိအိပ်ယာနှင့် မခြားနားပါ။ ခြုံစရာ သက္ကလပ်စောင်၊ ငှက်မေးခေါင်းအုံးများထားပေးလျက်ကြောင့် တကယ့်အိပ်ယာနှင့် သိပ်မထူးလှပါ။
ညနေ ၃-နာရီလောက်တွင် လဘက်ရည်၊ မုန့်မျုးစုံလာပို့ ၄-နာရီလောက်မှာ ' ကောက်တေး ' အရက်မျိုးစုံ အဖျော် မျိုးစုံနှင့် ဖွယ်ရာလှပစွာ ပြုပြင်ထားတဲ့မြီးစရာ ချိုချဉ်-အီဆိပ်ရသာ မျိုးစုံကို ငွေလင်ဗန်းငယ်နှင့် လေယာဉ်မယ်၊ လေယာဉ်မောင်တို့က ထပ်တလဲလဲအပြန်ပြန် အထပ်ထပ် လိုသမျှ သုံးသောက်ရန် ပို့လာ ကြရာ စာရေးသူမှာ လိမ္မော်ရည်နှင့်သာ နေလိုက်ရပါတော့သည်။
လေယာဉ်ခရီးသည်တို့သည် 'ကောက်တေး' လောက၌ အဘယ်မျှ ဇိမ်ခံနေကြသည်မသိ။ လေယာဉ် အတွင်း မှာ ဓာတ်မီးရောင်တွေ လင်းလာပြီး၊ အပြင်အာကာသကြီးမှာ မဲမှောင်လျက် ညဘက်သို့ ရောက်နေပါပြီ၊ လေယာဉ် မောင်မယ်တို့လည်း ကောက်တေးကို စခန်းသိမ်းလျှက် 'ဒင်းနား' ညစာအတွက် သတ္ထု ခြေထောက်တပ် ခေါက်စားပွဲအရှင်ကလေးများကို ခရီးသည်တိုင်း၏ ကုလားထိုင်ရှေ့တွင် တပ်ဆင် ပေးနေကြပါသည်။ မီနုခေါ်စားစရာ စာရင်းကတ်ပြား လှလှကလေးများလည်း ချသွားကြလေပြီ။
ကျွေးမွေးသော ညစာမှာလည်း သည်ခရီးနဲ့ သည့်ပြင် ခရီးမတူသူက ထူးလွန်းများလွန်း ကောင်းလွန်း၊ စုံလွန်း ပိုလွန်းသည်ဟု ယူဆမိပါသည်။ စာရေးသူကဲ့သို့ အစအိမ်ကျဉ်း၍ များများ မစားနိုင်သူအဘို့ အပို ဖြစ်နေစေကာမူ လူကောင်ကြီးကြီး ၀မ်းခေါင်းကျယ်ကျယ်ကြီးတွေ ဖြစ်တဲ့ အမေရိကန်ကြီးတွေ၊ ပြင်သစ်ကြီး တွေ၊ အင်္ဂလိပ်ကြီးတွေမှာ လာချသမျှ ဟင်းမယ်တွေကို ပြောင် သလင်းခါအောင် ထုတ်နိုင်သည်။
နောက်ပိတ်ဆုံး အစာသိပ်တိုက်ကျွေးတဲ့ ကာဖီကိုပင် ပုဂံငယ်တခုသာမသောက်၊ ခရားလုံးပြောင် အောင် သောက်၍ နောက်ထပ်လဘက်ပွဲချသလို ဘီစကွတ်မုန့်နှင့် 'ချိစ်'ဒိန်ခဲကိုလည်း အလကားရလို့ဘဲ ရေကို အသေ သောက်ကြလေသလားထင့်လောက်အောင် တကျွတ်ကျွတ် တမြုံ မြုံ ကိုက်-၀ါးစား နေလိုက်ကြ ပါသေးသည်။
မိန်းမငယ်ငယ်ရွယ်ရွယ်တွေကတော့ ကိုယ်လုံးအလှပျက်မှာစိုးလို့ သိပ်မစားပါ ကောင်ငယ် ကလေး တွေ ကျတော့ ချလိုက်ရင် မြိုက်ကနဲ ပြောင်သွားပါသည်။ စားနိုင်ဒါကိုလည်း အပြစ်ဆို၍ ဖြစ်မည်မထင်ပါ သူတို့ လူမျိုး ဟာက ကိုယ်လက်ကြံ့ခိုင်ထွားကြိုင်းသူတွေဖြစ်၍ သူ့အင်အားနှင့်မျှ တအောင့် စားနိုင်ကြခြင်း သာဖြစ်ပါသည်။
ဆယ့် ၄-၅နှစ်သား ကောင်ငယ်ကလေး တယောက်၏ အလုံးအထည်မှာပင် အရှေ့နိုင်ငံက လူဝကြီး တယောက်စာလောက်ရှိမည်။ သူတို့လူကြီးပိုင်းက အဘိုးကြီး အဘွားကြီးများကျတော့ ၀မ်းခေါင်ကြီးတွေ ကျယ်သလို အစာအိမ်ကလည်း ကျယ်သဖြင့် အနင့်သားစားနိုင်ကြပါတော့သည်။
စားတဲ့ ကိစ္စပြီးစီးတဲ့နောက် တအောင့်တနား စာဘတ်သူဘတ် သတင်းစာကြည့်သူကြည့်ရာက အိပ် ချင်သူ တွေ များလာပြီး သည်အချိန်မှာ လေယာဉ်သည်၊ အိုင်ယာလန် ဒဗ္ဗလင်မြို့နှင့် ကို့ဗ်မြို့အကြား မှ ဖြတ်ကျော် သွားနေပါသည်။ ညိုမောင်းသောကတ္တီပါစပေါ်တွင် စိမ်းဖြူနီပြာရောင် ၀ါမျိုးစုံတောက်ပ နေသော ရတနာအစုအပုံကို ပါးလွှားသော ၀ါဂွမ်းစကလေးနှင့် မလုံမခြုံဖုံးထားသလို မဲနက်သော ညဥ့် ကမ္ဗလာကြီး အတွင်း ပြိုးပြိုးပြက်ပြက်ရောင်စုံမီးရောင်တို့ ပြွတ်သိပ်ကြပ်ခဲနေသော ဒဗ္ဗလင်မြို့ နှင့်ကို့ဗ်တို့ကို တိမ်လွှာပါး တို့ကြားမှ လှမ်း၍မြင်နေရပါသည်။
ထိုအခိုက်တွင် ဒေါ်လာ ၂၀-တန်အိပ်ရာတခု ၀ယ်မရခဲ့တဲ့အတွက် စိတ်ပျက်ညည်းညူနေသော အမေရိကန် ခရီးသည်ကြီးတဦးကို လှမ်းကြည့်မိသည်။ သူကား အခြားမဟုတ် စာရေးသူအား ၅၀-မျှ သော ဒေါ်လာငွေကို ချက် မှ ငွေစက္ကူအဖြစ် လဲလှယ်ကူညီလိုက်သူပင်၊ ထို့ကြောင့်သူ့ကိုတဖန်ပြန်၍ ကူညီ ရတော့သည်။ အိပ်ရာ ၂-ခု ကြိုတင်ဝယ်လာခဲ့တဲ့အနက် အခမဲ့ သူ့ကို တခုခွဲပေးလိုက်သည်။ သူကား အင်မတန် မှ ၀မ်းသာ သွားရှာသည် ကျေးဇူးလည်း သိပ်တင် သွားရှာသည်။
သို့လျှင် အိပ်ရာခင်းတခုအခမဲ့ ခွဲပေးသောကြောင့် အားရ၀မ်းသာ ကျေးဇူးတင်နေရာမှ စာရေးသူမှာ မူလ ကထဲက အပေါ်ထပ်သို့တက်၍ မအိပ်လို၍ အောက်ထပ်ရှိ နေ့လယ်က ထိုင်လာသော နေရာမှာပင်၊ ခြေတင်ခုံ ကို ဆွဲထုတ်နောက်မှီခလုပ်နှိပ်၍လှဲချ၊ လေယာဉ်မယ် လာခြုံပေးသော သိုးမွှေးစောင်၊ ငှက်မွှေး ခေါင်းအုံး တို့ဖြင့် အိပ်တော့မည်ပြင်ဆင်လိုက်သည်။
စောစောက ကျေနပ်ဝမ်းမြောက်စွာ အိပ်စင်သို့တက်အိပ်နေသော ဆရာကြီးမှာ ပြူးကလူးပြာကလာ ဖြစ်လာပြီး၊ ဟာ ဒီလိုဆိုရင် ကျွန်တော် မတရားဘူး ထင်တယ်ဟု အရင်းမရှိ အဖျားမပါ ပြောပါလေ တော့ သတည်း။
' လာလဲ ဘာဖြစ်လို့လဲ' ဟုသူ့ကိုမေးကြည့်သောအခါ သူတို့မှာ တမျိုးသမီးတဦးကို ငဲ့ညှာရမဲ့ဝတ္တရား ကိုယ်စီ ရှိကြသည်၊ မိန်းမတဦးက၀ယ်ယူထားသောအိပ်ရာကို ပိုင်ရှင်ကခွင့်ပြုစေ ကာမူ၊ သူတို့၌ လက်ခံရန် များစွာ ၀န်လေး သွား ဟန်တူသည်။
ဤအတွက် မကြောင့်ကြပါနှင့် အိပ်ရာ သီးသန့် ၀ယ်ယူလာခဲ့ပေမယ့် မူလကပင် အသုံးမပြုလို၍ ပို နေသဖြင့် ပေးပါ သည်ဟု နှစ်သိမ့်စေသည်။ သို့ရာတွင် သူ့မှာ စိတ်မလုံသလို၊ မျက်နှာပူသလို တာဝန်ဝတ္တရား ပျက်ကွက် သလို ရှိနေကာ ဗမာလိုဆိုရင် အိုဗျာ ... အားနာစရာကြီးဖြစ်နေပါပြီ ဟူ သော အပြောမျိုးနှင့် လှဲမအိပ်ဘဲ၊ ထ ထိုင်နေပြန်သည်။
သို့ကြောင့် စိတ်ချလက်ချဖြစ်သွားပါစေတော့လို့ အကြံရကာ ဆရာကြီး စိတ်မကောင်း မဖြစ်ပါနဲ့၊ ကျွန်မတို့ ဗမာ မှာ ယောက်ျားတွေခေါင်းပေါ်က မိန်းမများတက်ရောက်နေထိုင်မှုကို ဆင်ခြင်နိုင်သမျှ ဆင်ခြင်ကြတယ်၊ ဒါဟာ ဘာသာရေး အယူအဆတမျိုးလို့လည်းခေါ်နိုင်တယ်၊ ဒါကြောင့် ဗမာ မိန်းမများဟာ ကိုယ့်ထက် ငယ်တဲ့ ယောက်ျားကလေးများကိုပင် ကျော်လွှားသွားလေ့မရှိဘူး။ ဒါကြောင့် ကျွန်မလည်း ယောက်ျားတွေ ရဲ့ အပေါ်ထပ် မှာ ရှိတဲ့အိပ်စင်ကို ကျော်လွှားတက်ပီး မအိပ်ဘဲ နေခြင်းကြောင့် အိပ်စင်အား နေလို့ ရှင့်ကို ပေးခြင်း ဖြစ်ပါသည်လို့ပြောရသည်။
သည်တော့မှ နည်းနည်းစိတ်အေးသွားပုံရသည်။ ဒါနဲ့တောင် သိပ်မယုံကြည်သေး။ ဟုတ်ကဲ့လား ဒီအတိုင်း ဘဲလားတဲ့...။ ဟုတ်ပါတယ် စိတ်ချ လက်ချသာ အိပ်ပါတော့ဟု ပြောမှ ဤကိစ္စဖြေရှင်း၍ မိုးလင်းသည်အထိ တခေါခေါ ဟောက်ကာ အိပ်နေပါသည်။
သို့နှင့် တဖြေးဖြေး ညဥ့်နက်သည်ထက် နက်လာသည်။ ရှနန် လေဆိပ်ကထွက်ခွာ ပျံသန်းလာပြီး သည့် နောက်တွင် ကားကုန်မြေကို မမြင်ရတော့ဘဲ အတ္တာလန်တိတ် သမုဒ္ဒရာ ရေပြင်ကျယ်ကြီး၏ အထက် အာကာသ မှ ပျံသန်းခဲ့ရတော့သည်။
တိမ်ဂွမ်းဆိုင်ကြီးအောက်မှ ညဥ့်မှောင်ကြောင့် မဲမဲနက်နက် ရေပြင်ကြီးကို ပျောက်ကြားတွေ့မြင် ပါသေးသည်။ အထက် လေဟာပြင်ကို မျှော်ကြည့်ပါမူ ပြာလဲ့ ကြည်လင်သော အာကာသ လောကကြီးနှင့် စိန်မှုန် စိန်ပွင့်တွေ ဖြန့်ကြထားသည်နှင့်တူသော နက္ခတ်တာရာ ပေါင်းစုံကိုပြိုးပြိုး ပြက်ပြက် တွေ့မြင် နေရပါသည်။
ကောင်းကင် ဝေဟင်ယံ၌ သဘာဝ လောကကြီး၏ သာယာမှုကို အာရုံပြု၍ နေရသည်ပင်ဖြစ်လင့် ကစား နာရီပေါင်း ၇-နာရီတိတိ မရပ်မနား၊ ပျံသန်းခဲ့ခြင်း၊ ရာသီဥတု၏ ကောင်းမွန် သာယာခြင်းတို့ ကြောင့် အိမ်ပေါ် တွင် ငြိမ်သက်စွာ ထိုင်နေကျသည်နှင့်မခြား လေယာဉ်မှာ ငြိမ်သက်လွန်းလှသည် ဖြစ်ရာ အချိန် ၇-နာရီခွဲ ဆိုသည်မှာ အိပ်မပျော်လျှင် ပျင်းရိစရာပင် ကောင်းပေလိမ့်မည်။
CREDIT: shwezinu

0 comments:
Post a Comment