Thursday, July 30, 2015

ယူကေနိုင်ငံ ဝေလနယ်မြောက်ပိုင်းက လည်ပတ်စရာ

ဝေလနယ် မြောက်ပိုင်းသို့ အလည်ခရီး


ဝေလနယ်မြောက်ပိုင်းမှာ အဓိက လည်ပတ်စရာတွေကတော့ ၁၃ ရာစုနှစ်က တည်ဆောက်ခဲ့တဲ့ သမိုင်းဝင် ရဲတိုက်တွေ၊ ဝေလနယ်နဲ့ အင်္ဂလန်ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ စနိုဒန်တောင်တက်ခရီး၊ ပင်လယ် ကမ်းရိုးတန်းနဲ့ တောတောင်တွေမှာ လုပ်လို့ရတဲ့ အားကစားတွေနဲ့ စူးစမ်းလေ့လာရေးခရီးတွေ၊ နောက်ပြီး သစ်ပင်အမြင့်ကြီးကနေ ကြိုးတပ်ပြီ ခုန်ချတဲ့ ကစားစရာလို သည်းထိပ်ရင်ဖို ကစားစရာတွေလည်း ရှိနေပါတယ်။

လန်ဒန်ကနေ ဘယ်လိုသွားမလဲ။

လန်ဒန်မြို့ကနေ ခရီးစထွက်ရမယ့် နေရာကတော့ လန်ဒန်ယူစတန် ရထားဘူတာရုံပဲ ဖြစ်ပါတယ်။ အဲဒီကနေ ကိုယ်သွားချင်တဲ့ မြို့ကို ရထားလက်မှတ် ဖြတ်ရမှာပါ။ ကိုယ်သွားချင်တဲ့မြို့ဆိုရာမှာ ၃-၄ မြို့လောက်ပဲ ရှိပါတယ်။ လမ်းတလျောက် အဓိက မြို့တွေကတော့ ကိုးလ်ဝီင်းပင်လယ်အော်မြို့၊ ရိုင်းလ်မြို့၊ လန်ဒတ်နိုမြို့၊ ဘန်ဂါမြို့ နဲ့ ဟိုးလီးဟက် မြို့တွေပဲ ဖြစ်ပါတယ်။ အနီးဆုံးမြို့ဖြစ်တဲ့ လန်ဒတ်နိုမြို့က လန်ဒန်ကနေ မိုင် ၂၃၀ လောက်ပဲ ဝေးပြီး ရထားနဲ့သွားရင် အချိန်အားဖြင့် ၃ နာရီကျော်ကျော်လောက် ကြာတတ်ပါတယ်။
ဗားဂျင်းရထားလိုင်းနဲ့ ရထားပြောင်းစီးစရာမလိုပဲ တိုက်ရိုက်သွားရင်တော့ ၂း၅၀ နာရီလောက်ပဲ ကြာပါတယ်။ ရထားလက်မှတ်ကို http://www.virgintrains.co.uk ကနေ ၀ယ်လို့ရပါတယ်။ တစ်ပတ်လောက်ကြိုပြီး လူမကြပ်တဲ့အချိန် (off-peak) အသွားအပြန်လက်မှတ်ကို ဈေးအချိုဆုံး ပေါင် ၉၀ လောက်နဲ့ ရနိုင်ပါတယ်။    

လန်ဒတ်နိုမြို့

ကမ်းခြေမြို့လေးတစ်မြို့ဖြစ်ပြီး ဒီဒေသမှာ အစည်ကားဆုံး အပမ်းဖြေမြို့လေးတစ်ခုလည်း ဖြစ်ပါတယ်။ စက်ဝိုင်းခြမ်းသဏ္ဍန် ကွေ့ဝိုက်နေတဲ့ လန်ဒတ်နိုပင်လယ်အော်ရဲ့ ဘေးမှာ ရှိနေတဲ့ ဒီမြို့လေးဟာ လည်ပတ်ကြတဲ့ ခရီးသွားတွေနဲ့ စည်ကားနေပါတယ်။ မြို့ဦးက ကျွန်းဆွယ်လေးပေါ်မှာတော့ ထုံးကျောက် တောင်ကုန်းထိပ်လေးရှိပြီး ဂရိတ်အွန်းမ် (Great Orme) လို့ ခေါ်ပါတယ်။


အဲဒီကနေ ကောင်းကင် ကေဘယ်လ်ကား စီးပြီး မြို့နဲ့အနီးဝန်းကျင်က ရှုခင်းတွေကိုကြည့်နိုင်ပါတယ်။ ဂရိတ်အွန်းမ်ကို  ထရမ်ဝေးလ် အပျော်စီး ရထားစီးပြီးလည်း သွားနိုင်ပါတယ်။ မြို့ဦးမှာပဲ လန်ဒတ်နိုဆိပ်ခံတံတားလည်းရှိပြီး အဲဒီတံတားပေါ်မှာတော့ ကလေးကစားစရာတွေရှိသလို ညနေခင်း အပမ်းဖြေလမ်းလျှောက်ဖို့ ကောင်းပါတယ်။ ဒီတံတားဟာ ပေ ၂၃၀၀ လောက်ရှည်ပြီး ဝေလနယ်မှာ အရှည်ဆုံးဆိပ်ခံတံတား ဖြစ်ပါတယ်။ ဒီဒေသမှာ ဟိုတယ်ခတွေကတော့ ခရီးသွား ရာသီအပေါ်မူတည်ပြီး အနိမ့်ဆုံး ပေါင် ၅၀ လောက်ကနေ ပေါင်၂၀၀ လောက်အတွင်း ရှိတတ်ပါတယ်။

ကွန်းဝေးရဲတိုက်နဲ့ ကွန်းဝေးမြို့

ကွန်းဝေးရဲတိုက်ကိုတော့ အက်ဒ်ဝပ် ပထမဘုရင်က ၁၃ ရာစုနှစ်တုန်းက တည်ဆောက်ခဲ့ပြီး သူတည်ဆောက်ခဲ့တဲ့ များပြားလှစွာသော ရဲတိုက်တွေထဲမှာ ဗိသုကာ လက်ရာအမြောက်ဆုံးရဲတိုက်လို့ ဆိုကြပါတယ်။ ရဲတိုက်ရဲ့ဘေးမှာ ကွန်းဝေးမြို့လေးတည်ရှိပြီး ဒီမြို့ကိုလည်း မြို့ရိုးတံတိုင်းကာရံ ထားပါတယ်။ ဥရောပတိုက်မှာ ရှေးဟောင်းမြို့ရိုးတံတိုင်း အပြည့်အစုံတည်ရှိသေးတဲ့ တစ်ခုတည်းသော မြို့လို့ သိရပါတယ်။ ကွန်းဝေးမြို့ကမ်းခြေမှာတော့ ရွက်လှေတွေနဲ့ အပမ်းဖြေခရီးထွက်တဲ့ လှေလေးတွေလည်း ရှိပါတယ်။
နောက်ပြီး ဝေလနယ်မှာ အသေးငယ်ဆုံးအိမ်ဆိုပြီး အရင်ခေတ်က တံငါသည်တစ်ဦးရဲ့ ၁၀ x ၆ ပေ ကျယ်တဲ့ အိမ်လေးလည်းရှိပါတယ်။ ၁၆ ရာစုက ဆောက်ခဲ့တဲ့ ဒီအိမ်ဟာ ၂၀ ရာစုကစလို့ အခုတော့ လူတွေ ၀င်ရောက်ကြည့်ရှုလို့ရတဲ့ ပြတိုက်လေးတစ်ခု ဖြစ်နေပါပြီ။ ကွန်းဝေးကနေ ဘတ်စ်နဲ့သွားရင် အနောက်တောင်ဘက် ၁၅ မိုင်လောက်မှာတော့ ဘက်ဆီကွိုက်ဆိုတဲ့ နေရာကလည်း သိပ်လှတဲ့ နေရာတစ်ခုပါ။ အဲဒီမှာတော့ သည်းထိပ်ရင်ဖို ကြိုက်သူတွေအတွက် Tree Top Adventure ကစားစရာတွေ ရှိပါတယ်။ သစ်ပင်အမြင့်ကြီးတွေပေါ် တက်တာ၊ အပေါ်ကနေ ကြိုးတပ်ပြီး ခုန်တာ၊ သစ်ပင်တွေပေါ်က လင့်စင်တွေဆီကို ကြိုးတန်းလျောက်ပြီး သွားတာတွေလည်း ရှိပါတယ်။

ဘန်ဂါမြို့နဲ့ အန်ဂယ်ဆီကျွန်း

ကွန်းဝေးမြို့ကနေ အနောက်ဘက် ၁၅ မိုင်လောက် သွားရင်တော့ ဘန်ဂါမြို့ကို ရောက်ပါတယ်။ ရထားတဲ့ ၁၇ မိနစ်စီးရင် ရောက်ပါတယ်။ ဒီမြို့ကတော့ ဘန်ဂါတက္ကသိုလ်ရှိတဲ့ တက္ကသိုလ်မြို့လေးဖြစ်ပြီး အန်ဂယ်ဆီကျွန်းကို ရထားနဲ့ သွားလို့ရတဲ့ မြို့ဖြစ်ပါတယ်။ ဒီမြို့နားမှာ ပန်းရင်းရဲတိုက်နဲ့ အန်ဂယ်ဆီကျွန်းပေါ်က ဘွန်းမာရစ်စ် ရဲတိုက်တွေဆီကို အလွယ်တကူ သွားနိုင်ပါတယ်။ အန်ဂယ်ဆီကျွန်းမှာပဲ မင်းသားဝီလျံက တော်ဝင် ရေတပ်ရဲ့ ရှာဖွေကယ်ဆယ်ရေးရဟတ်ယာဉ်မှူးလုပ်ခဲ့ပြီး သူလက်ထပ်တဲ့အခါမှာလည်း သူနဲ့ ကြင်ယာတော် ကက်သရင်းတို့ဟာ ဒီမြို့လေးက ယာတောအိမ်လေးတစ်လုံးမှာ နေခဲ့ကြပါသေးတယ်။


စားစရာအနေနဲ့တော့ ဘန်ဂါမြို့ရဲ့ ဈေးလမ်း (High St) ပေါ်က အနောက်တိုင်း ကဖေးဘားတွေနဲ့ စားသောက်ဆိုင်တွေက  ဈေးအတန်အသင့်နဲ့ စားလို့ကောင်းသလို အန်ဂယ်ဆီကျွန်းပေါ်က Dylan’s ပင်လယ်စာ စားသောက်ဆိုင်ကလည်း နာမည်ကြီးပါတယ်။ ဒီဆိုင်မှာစားဖို့ စားပွဲကြိုတင် မှာယူထားဖို့ လိုပါတယ်။ ဘန်ဂါမြို့ရဲ့ တောင်ဘက် ၇ မိုင်လောက်မှာတော့ Zip World ဆိုတဲ့နေရာကလည်း အမြင့်မကြောက်သူတွေ ကစားနိုင်တဲ့ အားကစားတစ်ခုပါ။ အမြင့်ပေ ၅၀၀ ပေါ်က တမိုင်လောက်ရှည်တဲ့ ကြိုးတန်းမှာ လူကို အလျားလိုက် ချိတ်ဆွဲထားပြီး လေဟုန်လျောစီးရတဲ့ ကစားနည်းဖြစ်ပါတယ်။



ဒီမြို့နဲ့ မလှမ်းမကမ်းက
Greenwood Forest Park ကလည်း မိသားစုတွေ အပမ်းဖြေ ကစားနိုင်မယ့် ကစားကွင်းကလည်း နာမည်ကြီးပါတယ်။

ကေနားဖန်ရဲတိုက်နဲ့ ကေနားဖန်မြို့

ကေနားဖန်ရဲတိုက်ကလည်း အက်ဒ်ဝက် ပထမဘုရင် တည်ခဲ့တဲ့ သမိုင်းဝင်ရဲတိုက်ကြီးတစ်ခုဖြစ်သလို လက်ရှိ အိမ်ရှေ့မင်းသား ချားလ် ဝေလမင်းသားဘွဲ့ လက်ခံရရှိခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။ ၁၃ ရာစုနှစ်က အက်ဒ်ဝပ်ပထမဘုရင်ဟာ ဝေလသုပုန်တွေကို တိုက်ခိုက်ဖို့အတွက် ဒီရဲတိုက်ကြီးကို တည်ထောက်ခဲ့ပါတယ်။ ကိုယ်ဝန်အရင့်အမာရှိနေတဲ့ မိဘုရား အယ်လီနာကိုလည်း ဒီရဲတိုက်ကြီးကို ခေါ်လာပြီး သားဦးကို မွေးဖွားစေခဲ့ပါတယ်။

အဲဒီသားဦးကို ဝေလမင်းသားဘွဲ့ပေးပြီးနောက် ထီးနန်းရှင်တွေရဲ့ ပထမသားဦးတိုင်းကို ဝေလမင်းသားဘွဲပေးခဲ့တာ အခု ချားလ်မင်းသား လက်ထက်မှာဆိုရင် ဒီဘွဲ့ရသူ ၂၃ ဦးမြောက် ရှိလာပြီ ဖြစ်ပါတယ်။ ကေနားဖန်ရဲတိုက်ကြီးဟာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ရဲတိုက် ဖြစ်ပါတယ်။

စနိုဒိုးနီးယားတောင်တန်း

စနိုဒိုးနီးယားဒေသဟာ ဝေလနယ်မြောက်ပိုင်းက သာယာလှပဲတဲ့ တောင်တန်းနဲ့ဥယျာဉ်ဒေသဖြစ်ပါတယ်။ စတုရန်းမိုင် ၈၀၀ ကျော်ရှိတဲ့ စနိုဒိုးနီးယားအမျိုးသားဥယျာဉ်ကြီးရှိပြီး အဲဒီထဲမှာ စနိုဒန်တောင်ကတော့ ဝေလနယ်နဲ့ အင်္ဂလန်မှာ အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ အမြင့်ပေ ၃၅၆၀ ပေမြင့်ပြီး ယူကေမှာတော့ စကော့တလန်က ဘန် နက်ဗစ်ပြီးရင် ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပါတယ်။ စနိုဒန်တောင်ထိပ်ကိုလည်း ပွင့်လင်းရာသီမှာဆိုရင် ခရီးသွားတွေ တဖွဲဖွဲတက်ကြပါတယ်။ ကေနားဖန်မြို့နေ တောင်ခြေ လန်ဘဲရစ်မြို့ကို ၈ မိုင်လောက်ဝေးပြီး ဘတ်စ်နဲ့ သွားရင် နာရီဝက်လောက်ပဲ ကြာပါတယ်။ လန်ဘဲရစ်ကနေ တောင်ထိပ်ကို ရှေးဟောင်းရထားနဲ့ သွားလို့ရသလို  တချို့လည်း လမ်းလျောက်ပြီး တက်ကြပါတယ်။


တောင်ထိပ်ကို ရထားခရီးက တစ်နာရီလောက်ကြာပြီး ရှေးဟောင်းရထားပေါ်ကနေ သဘာဝ ရှုမျှော်ခင်းတွေ ကြည့်ရတာကလည်း ထူးခြားတဲ့ အရသာတစ်ခုပဲ ဖြစ်ပါတယ်။ လမ်းခရီးမှာ ရေတံခွန်တွေ၊ ချောက်ကမ်းပါးကြီးတွေ၊ တောက်တက်သမားတွေ၊ သိုးတွေ၊ တောင်ဆိတ်တွေ၊ တောင်ပေါ်ရေအိုင်တွေနဲ့ အဝေးက ဝေလမြို့လေးတွေကို လှမ်းမြင်နေရပါတယ်။ တောင်ခြေမှာ ရာသီဥတုက နွေးနေရင်တောင် တောင်ထိပ်မှာတော့ အတော်လေး အေးတတ်ပါတယ်။ အသွားအပြန် ရထားခကတော့ တစ်ယောက်ကို ၂၇ ပေါင် ပေးရပါတယ်။

ခရီးစဉ်အကြံပြုချက်

အကြုံပြုခရီးကာလ - ၅ ရက်ခရီး
အကြံပြုရာသီ - ဗြိတိသျှ နွေရာသီ (အပူချိန် ၁၀ - ၂၀ စင်တီဂရိတ်)
အဓိကလုပ်စရာ - သမိုင်းဝင် ရဲတိုက်ကြည့်၊ တောင်တက်၊ သည်းထိပ်ရင်ဖို အားကစား၊ ကမ်းခြေ အပမ်းဖြေ
ခန့်မှန်းကုန်ကျစရိတ် - ၆၀၀ ပေါင် (တစ်ဦး)

0 comments:

Post a Comment