Sunday, January 1, 2012

ဗုဒ္ဓဂါယာ ခရီးစဉ်

ကျွန်မတို့ ဗုဒ္ဓဂါယာကို ၁ရ၊ ၃၊ ၂၀၀၈ မှာ ဘုရားဖူးအဖွဲ့နဲ့ ထွက်ခဲ့ပါတယ်။ ရန်ကုန်လေဆိပ်က အထွက် အပေါ်အဖြူအောက် ယောဂီနဲ့ တူညီဝတ်စုံတွေနဲ့ လေယာဉ်ပေါ်ကို တက်ရပါတယ်။ လေယာဉ် တစ်စီးလုံးက ဗုဒ္ဓဂါယာသို့ သွားမည့် သူများပါပဲ၊ ဂါယာသို့ နေခင်းလောက်မှာရောက်ပါတယ်။ ဂါယာသို့ တိုက်ရိုက်လေယာဉ်ပါ၊ ဂါယာလေဆိပ်ကတော့ ခပ်သေးသေးရယ်ပါ။ Immigration ကိုဖြတ်ပြီးတာနဲ့ လာကြိုနေတဲ့ ကားတွေက အဆင့်သင့်ပါပဲ။ ကားတွေက အဲယားကွန်းနဲ့ လေအိပ်ကားတွေပါ။ တစ်လျှောက်လုံးကား စီးရတာ အဆင်ပြေပါတယ်။ အိန္ဒိယမှာ ၂၈ ပြည်နယ်ရှိတဲ့ အထဲက ၄ ပြည်နယ်ကို ရောက်ခဲ့ပါတယ်။

ဗုဒ္ဓဂါယာအမည်က ဂယာမြို့ အနီးမှာ တည်ရှိမှုကို အစွဲပြုပြီး ဖြစ်လာတာပါ။ ဗီဟာပြည်နယ်အတွင်းမှာ တည်ရှိတာပါ။ ကာလကတ္တား ဂယာမြို့ဟာ ကီလိုမီတာ ၄၅၀ကျော်ကွာဝေးပါတယ်။ ဗုဒ္ဓဂါယာမှာက မြန်မာဘုန်းကြီးကျောင်းနှစ်ကျောင်း ရှိတယ်လို့ ကြားပါတယ်၊ အသစ်နဲ့ အဟောင်းပါ။ ကျွန်မတို့ တည်းရတာက ဘုန်းကြီးကျောင်းအဟောင်းမှာပါ။ မဟာဗောဓိစေတီနဲ့ နီးပါတယ်၊ လမ်းလျှောက်သွားရင်လဲ အနီးလေးပေါ့၊ ကုလားဆိုက်ကားနဲ့သွားလို့ ရပါတယ်။ ၅ ရူပီး လောက်ပဲပေးရပါတယ်။ ဗုဒ္ဓဂါယာမှာ ၄ညအိပ် ၅ရက်လောက်ကြာပါတယ်။ မဟာဗောဓိစေတီကြီးက အင်မတန်မှ သပ္ပယ်ပါတယ် ကြည်ညိုလို့ မ၀နိုင်အောင်ပါပဲ။ စေတီတော်ကြီးမှာ ဖိနပ်တော် ၄၈-ပေ၊ ဉာဏ်တော်အမြင့် ၁၇၀-ပေ ရှိပါသည်။

ဗုဒ္ဓဂါယာမှာ ဖူးမျှော်လေ့လာနိုင်စရာ တွေကတော့-
-မဟာဗောဓိစေတီတော်
-ဗောဓိပင်
-အပရာဇိတပလ္လင်
-သတ္တဌာန ခုနှစ်ဌာန
-မင်းတုန်းမင်းဇရပ်
-မဟန့်နန်းတော်
-သုဇာတာ အိမ်နေရာ
-သုဇာတာ ဃနာနို့ ဆွမ်းကပ်သည့် နေရာ
-ဘုရားအလောင်း ရွှေခွက်မျောရာ နေရာ
-ဒုက္ကရစရိယကျင့်ရာဂူ
-International ဘုန်းကြီးကျောင်းများ
-နေရဉ္စရာမြစ်
လေ့လာစရာတွေကတော့ အများကြီးကျန်ပါသေးတယ်။ ကိုယ်မှာရှိတဲ့ ပုံတွေနဲ့ အွန်လိုင်းမှ ရှာထားသော ပုံများကို ရောကာ ကုသိုလ်ယူနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

(က) မဟာဗောဓိစေတီ


ဒါကတော့ မဟာဗောဓိစေတီ အ၀င်ဝပါ။


ဒါကတော့ ဘုရားဝင်းအတွေင်းပါ။


ဒါကတော့ မဟာဗောဓိစေတီ ကြီးပါ ကျောက်တုံးတွေနဲ့ ဆောက်တယ်လို့ ဆိုပါတယ်။ အင်မတန်မှ သပ္ပယ်သလို ခဏခဏ ဖူးမျှော်ချင်နေတဲ့ စေတီကြီးပါ။

Resigzed ImageClick this bar to view the full image.


Resigzed ImageClick this bar to view the full image.


Resigzed ImageClick this bar to view the full image.


မဟာဗောဓိစေတီ အတွင်းရှိ International image ပါ။ အလွန်သပ္ပာယ် သလိုနေ့စဉ်နှင့်အမျှ သင်္ကန်းတော်ကို လဲလှယ်ဆက်ကပ်သူ များဟာနိုင်ငံပေါင်းစုံကပါပဲ။ ကျွန်မ တွေခဲ့တဲ့ အဖွဲ့တွေကတော ထိုင်း၊ တိဘက်၊ ဂျပန်၊ တရုတ်၊ ကိုရီးယား ဘယ်နိုင်ငံကမှန်းမသိရတဲ့ အဖွဲ့တွေကလည်း အများကြီးပါ။
Resigzed ImageClick this bar to view the full image.


(ခ) ဗောဓိပင်

မြတ်စွာဘုရားသည် ဗောဓိပင်ကို နောက်မှီပြု၍ ဗောဓိပင်ရင်းရှိပလ္လင်တော်၌ သဗ္ဗညုတ ဉာဏ်တော်ကို ရတော်မူပါတယ်။ ဗောဓိပင်မှ ဗောဓိရွက်ကြွေကို စောင့်ပြီးကောက်သူတွေကလည်း အများအပြားပါ။ တစ်ရွက်ကြွေရင် လုကောက်ရပါတယ်။ ကံကောင်းချင်တော့ တစ်ရက်မှာ လေတွေတအားတိုက်ပြီး ဗောဓိရွက်တွေကြွေတာဟာ မကောက်နိုင်အောင်ပါပဲ။

Resigzed ImageClick this bar to view the full image.


Resigzed ImageClick this bar to view the full image.


(ဂ) သတ္တဌာန ခုနှစ်ဌာန

မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဖော်ပြပါ ၇-ဌာနတို့၌ ၇-၇က်စီစံတော်မူသည်။

၁။ ဗောဓိပင်နင့် ပလ္လင်တော် (ဖော်ပြပြီး)
ဘုရားအဖြစ်သို့ ရောက်တော်မူပြီး နောက် မဟာဗောဓိနှင့် ပလ္လင်တော်ထက်တွင် ထက်ဝယ်ဖွဲ့ခွေလျက် ခုနှစ်ရက်ပတ်လုံး ဖလသမာပတ်ကို ချမ်းသာကို ခံစားတော်မူသည်။

၂။ အနိမိသစေတီ။
ဤစေတီတော်နေရာတွင် ဘုရားရှင်သည် ရပ်တော်မူလျက်ဗောဓိပင်နှင့် ရွှေပလ္လင်ကို ခုနှစ်ရက်ပတ်လုံး တစိမ့်စိမ့်ရှုစား တော်မူသည်။

၃။ ရတနာ စင်္ကြဌာန
မြတ်စွာဘုရားသည် ပလ္လင်တော်ကို ခုနှစ်ရက်တိုင်တိုင် စိုက်ကြည့်တော်မူနေရာ နတ်ဗြဟ္မာတို့က မြတ်စွာဘုရားသည် ပလ္လင်တော်ကို တွယ်တာမူရှိသည်ဟု အထင်မှားကြကုန်၏။ ထိုအထင်မှားမူကိုပယ်ဖျက်ရန် ကောင်းကင်တွင် ရတနာစင်္ကြ ဖန်ဆင်းကာ ကြွတော်မူသည်။

Resigzed ImageClick this bar to view the full image.


၎။ ရတနာ ဃရဌာန
နတ်တို့ဖန်ဆင်းသော ရတနာ ဃရ (ရွှေအိမ်)တွင် ထက်ဝယ်ဖွဲ့ခွေထိုင်တော်မူ၍ အဘိဓမ္မာခုနှစ်ကျမ်းကို သုံးသပ်တော်မူရာ နောက်ဆုံးဖြစ်သော ပဋ္ဌာန်းကျမ်းတော်ကြီးရောက်သော အခါမြတ်စွာဘုရားသခင်ကိုယ်တော်မှ ရောင်ခြည်တော်ခြောက်သွယ် ပေါ်ထွက် ကွန့်မြူး၍ အဆုံးမရှိသော အနန္တ အာကာသထဲသို့ ပျံ့နှံ့သွားရာ ယနေ့အထိုရောင်ခြည်တော်များသည် အာကာသထဲသို့ရှေ့ဆက်ပြေးနေဆဲဖြစ်သည်။

၅။ အဇပါလနိဂြောဓ ဌာန
(အဇ=ဆိတ်+ပါလ=ထိန်းကျောင်း+နိဂြောဓ=ညောင်ပင်) ဆိတ်ကျောင်းညောင်ပင်ရင်း၌ တရားကိုဆင်ခြင်သုံးသပ်ခြင်း၊ အရဟတ္တဖိုလ် ချမ်းသာကိုခံစားခြင်းပြုတော်မူသည်။

၆။ မုစလိန္ဒ ဌာန
မုစလိန္ဒ အိုင်အနီး ကျည်းပင်ရင်း၌ ခုနစ်ရက်တိုင်တိုင် ဖလသမာပတ်ကို ၀င်စားတော်မူသည်။ မုစလိန္ဒ နဂါးမင်းက မြတ်စွာဘုရားရှင်ကို ခုနစ်ပတ်ရစ်ခွေ၍ အပေါ်မှ ပါးပျဉ်းအုပ်မိုးလျက်ပူဇော်သည်။ မုစလိန္နအိုင်မှာ အတော့်ကို ကြီးတဲ့ငါးကြီးတွေရှိပါတယ်။ သူတို့ကို ပေါင်မုန့်တွေကျွေးတာ ကျွေးလို့မလောက်နိုင်အောင်ပါပဲ။

Resigzed ImageClick this bar to view the full image.


၇။ ရာဇာယတ ဌာန
မဟာဗောဓိပင်တော်ဘက် လင်းလွန်းပင်ရင်း၌ ခုနစ်ရက်တိုင်တိုင် ဖလသမာပတ်ကို ၀င်စားတော်မူ၏။

(ဃ) မင်းတုန်းမင်းဇရပ်
မင်းတုန်းမင်းဇရပ် ဖျက်ဆီးခံရ၍ မရှိတော့ပါ မင်းတုန်းမင်းကျောက်စာသာလျှင် ကျန်ပါတော့တယ်။ ကျောက်စာကိုမူ တဖြည်းဖြည်းဖျက်ဆီးရန် စာကြောင်းများကို ပွတ်တိုက်ထားသည်။

(င) သုဇာတာ အိမ်နေရာ
ဤအုပ်ပုံကို သုဇာတာ အိမ်နေရာဟု ဆိုကြသည်။

Resigzed ImageClick this bar to view the full image.


(စ) နေရဉ္စရာမြစ်
မြစ်ပြင်တစ်ခုလုံးက ရွံ့နွံမရှိပဲ သဲပြင်တွေချည်းပါပဲ၊ မိုးတွင်းသာ ရေရှိပြီး နွေနှင့်ဆောင်းတွင် သဲမျှသာရှိသည်။

Resigzed ImageClick this bar to view the full image.


(ဆ) ဒုက္ကရစရိယာကျင့်ရာဂူ
ဗုဒ္ဓဂါယာမှ ၄မိုင်ခန့်သွားရသည်။ မနက်အစောကြီးရောက်သွားလို့ လားတော့မသိဘူး တော်ခြေနဲ့ တောင်ဝန်းကျင်က အင်မတန်သာယာပါတယ်။ တောင်းရမ်းနေသူကလည်း အများအပြားပါ။ ကိုယ်ကတောင်တက်ရမှာဆိုတော့ သူတိုကိုတွဲခိုင်း၊ သူတို့ပေးတဲ့တောင်ဝှေးကို ယူမိရင် ပိုက်ဆံအတင်းတောင်းတော့ တာပါပဲ။ တစ်ယောက်ကို ပေးမိရင် ကုလားလေးတွေ၊ အဖွားကြီးတွေ၊ အဖိုးကြီးတွေက ၀ိုင်းအုံလာတော့တာပါပဲ။ အရမ်းကိုဆင်းရဲကြပြီး သနားစရာလည်း ကောင်းပါတယ်။

ဂူအတွင်းရှိ ရုပ်ပွါးတော်
Resigzed ImageClick this bar to view the full image.


တောင်ပေါ်သို့တက်ရာလမ်းပါ
Resigzed ImageClick this bar to view the full image.


တောင်တန်းသွယ်ကြီးပါ
Resigzed ImageClick this bar to view the full image.


လိုင်ဂူဝပါ။ တောင်ပေါ်မှာပါ တောင်ပေါ်မှာ တိဘက်ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိပါတယ်။ ခဏခဏဓားမြတိုက်ခံ ရတယ်လို့ကြားပါတယ်။ တော်ပေါ်တက်ရင်လည်းတစ်ယောက်ကို တစ်ယောက်စောင့်ပြီးတက် ရပါတယ်။ လုံခြုံမှု မရှိလို့ပါ။
Resigzed ImageClick this bar to view the full image.


(ဇ) နိုင်ငံတကာ ဘုန်းကြီးကျောင်းများပါ။

ထိုင်းဘုန်းကြီးကျောင်းပါ


ထိုင်းဘုန်းကြီးကျောင်းအတွင်းရှိ ရုပ်ပွားတော်ပါ
Resigzed ImageClick this bar to view the full image.


ဂျပန် ဘုန်းကြီးကျောင်းဘေးနားရှိ ရုပ်ပွားတော်ပါ။ ဂျပန်သွားချင်လို့ ဆုတောင်းရင်ပြည့်တယ် လို့ဆိုပါတယ်။ ဘယ်ရမလဲ ကျွန်မလဲဆုတောင်းခဲ့ပါတယ်။ ဂျပန်ရှိ ကမာကူရုပ်ပွားတော်နှင့် ထုထည်တူတည်တယ်လို့ ဆိုပါတယ်။
Resigzed ImageClick this bar to view the full image.


တိဘက်ကျောင်းပါ။
Resigzed ImageClick this bar to view the full image.


တိဘက်ကျောင်းရှိ ရုပ်ပွားတော်ပါ။
Resigzed ImageClick this bar to view the full image.


[မောင်အံ့ (မဟာဝိဇ္ဇာ - ဘုံဘေ) ၏ မြတ်ဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာကို ကိုးကားသည်။] ဆက်လက်ဖော်ပြပါမည်။

ဗုဒ္မ္မဂါယာ ခရီးစဉ်(၂)

မိဂဒါဝန်သို့
ဗာရာဏသီမြို့မှ ၆မိုင်ခန့် ကွာဝေးတဲ့ မိဂဒါဝန်သို့ ခရီးဆက်ခဲ့ပါတယ်။ မိဂဒါဝန်သည် မိဂဒါယမှ ပြောင်းရွှေ့ လာသောစကားဖြစ်သည်။ (မိဂ=သမင်၊ ဒါယ=တော) သမင်တို့ကို ဘေးမဲ့ပေးရာတော။ မိဂဒါဝန်သည် မြတ်စွာဘုရား ပထမ၀ါကပ်တော်မူသည်၊ ပဉ္စ၀ဂ္ဂီငါးဦးတို့ ရဟန္တာဖြစ်တော်မူခဲ့သည်၊ ယသသဌေးသားနှင့် သူငယ်ချင်း ၅၄-ဦးတို့ ပထမ၀ါတွင်းမှာပင် တို့ ရဟန္တာဖြစ်တော်မူကြသည်။ မြတ်စွာဘုရားသည် မိဂဒါဝန်သို့ နောက်ထပ် ၃-ကြိမ်ခန့်ကြွတော်မူခဲ့သည်။ဖူးမြော်လေ့လာရန် ဌာနများကတော့-

(၁) ဓမ္မေခ စေတီ၊
(၂) မူလ ဂန္နကုဋိဝိဟာရ၊

(၃) ချောက်ခဏ္ဍီစေတီ၊

လေ့လာစရာတွေ ကတော့ ကျန်ပါသေးတယ်။ ကျွန်မမှတ်မိ သလောက်ဘဲဖော်ပြထား ခြင်းပါ။ ဒါကတော့ မိဂဒါဝန်ဘုန်းကြီးကျောင်းအ၀င်ဝပါ

Resigzed ImageClick this bar to view the full image.


ဘုန်းကြီးကျောင်းက သမင်တွေဘေးမဲ့ပေးထားတဲ့ ဥယျာဉ်ဘေးမှာပါ။ အခန်းကနေကြည့်ရင် သမင်တွေကို ဒီအတိုင်း မြင်နေရပါတယ်။

ဒါကတော့ ဓမ္မေခ စေတီတော်ပါ။ ဉာဏ်တော်မှာ ၁၄၀-ခန့်မြင့်၍ တမိုင်ပတ်လည်ကပင်ကောင်းမွန်စွာ မြင်တွေ့နိုင်ပါတယ်
Resigzed ImageClick this bar to view the full image.


မူလ ဂန္နကုဋိဝိဟာရ အတွင်းရှိ ရုပ်ပွားတော်ပါ။
Resigzed ImageClick this bar to view the full image.


မူလ ဂန္နကုဋိဝိဟာရပါ။ မြောက်ဘက်ထိပ်တွင် ဗုဒ္ဓရုပ်ပွားတော်နှင့် ဓာတ်တော်တိုက် ရှိသည်။ ကျောင်းတော်နှစ်ပတ်လည် အထိမ်းအမှတ်နေ့ ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် ဓာတ်တော်ဖွင့်ပွဲပြုလုပ်သည်။
Resigzed ImageClick this bar to view the full image.


Resigzed ImageClick this bar to view the full image.


သာဝတ္တိသို့

ဆက်လက်၍ သာဝတ္တိသို့ ခရီးဆက်ခဲ့ပါတယ်။ ဗာရာဏသီမြို့မှ သာဝတ္တိသို့ကားငှား၍ သွားလျှင်ကီလိုမီတာ ၃၃၀-ကွာဝေးသည်။ ဖူးမြော်ကြည့်ရှုရန်ဌာနများကတော့ -

(၁) ဇေတ၀န်ကျောင်းတော်ရာ၊

(၂) ဒေ၀ဒတ်မြေမျိုသည့်နေရာ၊

(၃) အာနန္ဒာဗောဓိ၊


ဒါကတော့ ဇေတ၀န်ကျောင်းတော်ရာပါ။ ဇေတ၀န်ဆိုသည်မှာ (ဇေတ၀န=ဇေတ=မင်သား၏အမည်။ ၀န=ဥယျာဉ်ပန်းခြံ) ဇေတမင်းသားပိုင်သော ဥယျာဉ်ဟု ဆိုလိုသည်။ အာနန္ဒာဗောဓိပင်သည် ဇေတ၀န်ဥယျာဉ် အတွင်းတွင် တည်ရှိသည်။
Resigzed ImageClick this bar to view the full image.


Resigzed ImageClick this bar to view the full image.



http://chitsanoe.blogspot.com မှ တဆင့် ကူးယူ မျှဝေခြင်း ဖြစ်ပါတယ်။ Posted 2010




ဗုဒ္ဓဂါယာ ဘုရားဖူးခရီး (၁) - ဘုန်းဥာဏ်

မဟာဗောဓိ စေတီတော်
 ၂၀၁၀ ဒီဇင်ဘာလက ဗုဒ္ဓဂါယာကို ဘုရားဖူး ခရီးထွက်ဖြစ်တယ်။ အဲဒီခရီးက တစ်ချို့ အကြောင်းအရာတွေကို စာရေးမယ်လို့ ခရီးသွားစဉ်က စိတ်ကူးခဲ့ပေမယ့် အတွေးတစ်မျိုးကြောင့် မရေးဖြစ်ပြန်ဘူး။ နောက်တော့ ကိုယ်နှင့် သိတဲ့ ဒကာ ကိုစိုးထွန်းနှင့် ဒကာ ဝိမုတ္တိသုခတို့ကို အဲဒီအကြောင်း ရေးရလျှင် ကောင်းမလားလို့ မေးကြည့်မိတော့ ကောင်းပါတယ်လို့ သူတို့တွေက ဖြေကြတယ်။ ဒါနှင့် ကိုယ် ဘုရားဖူးသွားခဲ့တဲ့ နေရာအချို့ အကြောင်း (အပိုင်းလိုက်) ရေးတင်ဦးမည်လို့  ယခင် စိတ်ကူးကို ပြန်ကောက်မိပါတော့တယ်။

ဘုရားဖူးခရီးစဉ်
မြန်မာပြည်က အိန္ဒိယ ဘုရားဖူး ခရီးသည်တွေဟာ များသောအားဖြင့် ဂယာမြို့ကို တိုက်ရိုက်လာကြတယ်။ ဂယာမြို့က ဘုရားပွင့်တော်မူရာ အထိမ်းအမှတ် အသောကမင်းတရားကြီး တည်ထားတော်မူခဲ့တဲ့ မဟာဗောဓိ စေတီတော်ကြီးနှင့် သတ္တဋ္ဌာန၊ အဲဒီ အနီးတစ်ဝိုက်က ဒုက္ကရစရိယာ ကျင့်တော်မူခဲ့ရာ တောင်နှင့် လှိုင်ဂူ၊ သုဇာတာ သူဌေးသမီး ဃနာနို့ဆွမ်း ကပ်လှူရာ နေရာ၊ နေရဉ္ဖရာမြစ်ထဲသို့ ရွှေခွက်မြှောရာ နေရာ၊ သုပ္ပိယငစင် မြက်ရှစ်ဆုပ် လှူရာ နေရာတို့ကို ရှေးဦးစွာ ဖူးမျှော် လည်ပတ်ကြပါတယ်။

ဂယာမှာ အေးအေးသက်သာ ဖူးမျှော်၊ နားနေပြီးမှ တစ်ခြားသော ဘုရားဖူးရာ နေရာတွေကို လိုက်လံ ဖူးမျှော်ကြပါတယ်။ ဗုဒ္ဓဂယာမှ ထွက်ပြီး အခြားမြို့ရွာတွေက ဘုရားဖူးရာ နေရာတွေကို သွားတဲ့အခါ မြန်မာဘုရားဖူးတွေ အခေါ် လက်ျာခရီးနှင့် လက်ဝဲခရီးလို့ နှစ်မျိုး ရှိပါတယ်။ ကားဖြင့် ဗုဒ္ဓဂယာမှသည် ဗာရာဏသီ၊ သာဝတ္ထိ စသည်အတိုင်း လှည့်လည်ပါက လက်ျာခရီးလှည့်လည်ခြင်းလို့ ဆိုကြပြီး၊ ဗုဒ္ဓဂယာမှသည် ရာဇဂြိုဟ်၊ ပါဋလိပုတ်၊ ဝေသာလီ၊ ကုသိနာရုံ၊ လုမ္ဗိနီ၊ သာဝတ္ထိ၊ ဗာရာဏသီ ခရီးစဉ်အတိုင်း လှည့်လည် ဖူးမြော်ကြတာကိုတော့ လက်ဝဲခရီးလို့ ဆိုကြပါတယ်။ အဲဒါကတော့ ဘုရားဖူးခရီးစဉ်အတွင်း ညအိပ် တည်းခိုကြမည့် နေရာ (ဘုန်းတော်ကြီးကျောင်း)ရဲ့ ခရီးသည် ရောက်ရှိ တည်းခိုနေတဲ့အပေါ် အခြေအနေကြည့်ပြီး လှည့်လည်ကြရတာလို့ ဆိုပါတယ်။ တည်းခိုတဲ့ ကျောင်းတွေမှာ ခရီးသည် ပြည့်ကြပ်နေတာမျိုး ဖြစ်မှာကို ရှောင်တဲ့ သဘောပါတဲ့။ စာရေးသူနှင့် ခရီးဖော်တွေ လှည့်လည်ခဲ့ကြတာကတော့ လက်ဝဲခရီးပါ။

စာရေးသူတို့ လှည့်လည်ခဲ့ကြတာကတော့ ရက် အလွန်နည်းလွန်းပါတယ်။ လေးညအိပ်၊ ငါးရက်ခရီးမို့ ခရီးပန်းသလို အေးအေး ဆေးဆေးကြည့်ရှု လေ့လာဖို့၊ စိတ်ကြိုက် ဘုရားအာရုံပြုဖို့ သိပ် အဆင်မပြေလှပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဒီလိုဖြစ်သွားခဲ့ရတာပါ။ ဓာတ်ပုံများများ ရိုက်ပြီး ပြီးမှ ပြန်အာရုံပြု ကြည်ညိုရပါတော့တယ်။ ကားသမားကတော့ လိုက်ပို့နေကြသူမို့ မိမိတို့အဖွဲ့က တစ်လုံးတစ်ပါဒမျှ ပြောစရာ၊ လမ်းညွှန်စရာမလိုပါဘူး။ ခရီးလမ်းစဉ်အပါအဝင်၊ ဘယ်မြို့ ဘယ်နေရာမှာ မြန်မာကျောင်း ရှိတယ်ကစလို့ အားလုံးကို နောကျေနေသူမို့ အဆင်ပြေပါတယ်။

မဟာဗောဓိ စေတီတော်အတွင်း ရုပ်ပွားတော်
ဘုရားဖူးသွားသင့်တဲ့ အဓိက နေရာများ
ဘုရားဖူးသွားသင့်တဲ့ နေရာတွေကတော့ သံဝေဂတရား ရစေတတ်တဲ့ အဓိကလေးနေရာပါ။ သံဝေဇနိယ လေးဌာနလို့ ခေါ်ကြပါတယ်။ အဲဒီ လေးနေရာကို အလွယ်တကူ မှတ်မိလွယ်အောင် “ဖွား ပွင့် ဟော စံ၊ ဤလေးတန်၊ မှတ်ရန် သံဝေဇနိယ” လို့ လင်္ကာလေး စပ်ပြီး ပြောကြပါတယ်။ အဲဒီမှာ

ဖွား” ဆိုတာက ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသား ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်၊
ပွင့်” မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် အမြင့်ဆုံး အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူရာ မဟာဗောဓိ (ပုဒ္ဓဂယာ)၊
ဟော” ဆိုတာက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် အမြတ်ဆုံးသော ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူရာ မိဂဒါဝန်၊ (ခုခေတ် ဆရဏာတ်၊ ဗာရာဏသီ)
စံ” ဆိုတာက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ခန္ဓာအကြွင်းအကျန်မရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူရာ ကုသိနာရုံ တို့ ဖြစ်ပါတယ်။ ဒီလေးဌာနကို သံဝေဂရစေတတ်တဲ့ နေရာမြတ်တွေအဖြစ် ဗုဒ္ဓရှင်တော်မြတ်ကိုယ်တော်တိုင် ပရိနိဗ္ဗာန် စံလွန်တော်မူခါနီးမှာ မိန့်ကြားတော်မူခဲ့တာပါ။ (မဟာပရိနိဗ္ဗာနသုတ်)။

ဘုရားဖူး ခရီးစဉ်အတွင်း ထားရမည့် စိတ်ထား
ဘုရားဖူး ခရီးစဉ်သွားတော့မည် ဆိုလျှင် ဘယ်လိုစိတ်ထားမည် ဆိုသည်ကို ကြိုတင် ပြင်ဆင်သင့်ပါတယ်။ ပြင်မလာရင်တော့ ငွေကုန် လူပန်းသလောက် အကျိုး မရနိုင်ပါဘူး။ ကိုယ့်မိသားစုချည်း လာကြတာ မဟုတ်ရင် မပြောပလောက်တဲ့ ကိစ္စလေးတွေနှင့် စိတ်ဆိုးကြ၊ စိတ်ကောက်ကြ၊ မနာလို ဝန်တိုမှုတွေဖြစ်ကြ၊ ပြိုင်ကြ ဆိုင်ကြနှင့် “ကုသိုလ် တစ်ပဲ ငရဲတစ်ပိဿာ” ဖြစ်ကြရတတ်ပါတယ်။ ဥပမာ အတ္တကြီးသူက ဘယ်ရောက်ရောက် အကောင်းဆုံး နေရာချည်း ပြေးပြေးယူတတ်လို့ စိတ်အနှောင့်အယှက် ဖြစ်ရတတ်တာတို့၊ ကားပေါ်မှာ နေရာကောင်း လုရင်း စကားများကြရတာ ဒါမှမဟုတ် စကားမပြော ဖြစ်ကြရတတ်တာ စသည်ဖြင့်ပါပဲ။ ဒါတွေက ဖြစ်နေကျ ပြဿနာတွေလို့ ဗာရာဏသီက ဆရာတော် တစ်ပါးက ဆိုပါတယ်။

မဟာဗောဓိစေတီတော်မှာ ပူဇော်ဖို့ ပြင်နေကြသူ တစ်စု
တစ်ချို့ကလည်း ဘုရားဖူးခရီးလား ဈေးဝယ်ထွက်တဲ့ ခရီးလား မကွဲကြဘူးလို့ ဒေသခံလို ဖြစ်နေတဲ့ ဆရာတော်တစ်ပါးထံကနေ သိခဲ့ရပါတယ်။ တစ်ချို့ကြတော့လည်း ဘုရားဖူးဖို့ စိတ်က နည်းနည်း၊ နိုင်ငံခြားဆိုပြီး ထွက်ချင်ဇောကများများနှင့် ထွက်လာလိုက်တာ အိန္ဒိယ လူနေမှုကြည့်ပြီး စိတ်တစ်ပျက်ထဲ ပျက်ကြသူတွေ အကြောင်းလည်း ကြားဖူးပါတယ်။ အိန္ဒိယမှာ အစိုးရက ချမ်းလည်း ချမ်းသာ၊ တော်တော်လည်း ကောင်းပေမည့် လူဦးရေ များလွန်းတာကို နိုင်နင်းအောင် ကိုင်တွယ်နိုင်ဖို့က နှစ်ပေါင်း အများကြီး လိုဦးမှာပါ။ ဘုရားဖူးသွားရာ နေရာတွေ (အထူးသဖြင့်  ဘီဟာပြည်နယ်)ဟာ ခုခေတ်မှာတော့ အိန္ဒိယရဲ့ အဆင်းရဲဆုံး ပြည်နယ်ပါ။ ဒါကြောင့် ဘုရားဖူးစိတ်ကို သန်သန်ကြီး မွေးမထားလို့ကတော့ စိတ်ပျက်စရာ ဖြစ်ကောင်းဖြစ်မှာပါ။ စင်္ကာပူစတဲ့ နိုင်ငံတွေကို ခရီးလည် ထွက်ရတာနှင့်တော့ လုံးဝ လုံးဝ မတူနိုင်ပါဘူး။ ဘုရားဖူး ခရီးကို အလည်အပတ်ခရီးနှင့် မရောထွေးမိဖို့ အရေးကြီးကြောင်း ပြောချင်ပါတယ်။

နောက်တစ်ခုကတော့ ဒီနေရာတွေဟာ ရှေးဟောင်းနေရာတွေချည်းပါပဲ။ ဒီတော့ ဗုဒ္ဓ သို့မဟုတ် ဗုဒ္ဓဘာသာနှင့် ပတ်သက်တဲ့ ရှေးဟောင်း အဆောက်အဦး အပြို အပျက်တွေချည်း မြင်ရမှာပါ။ ဒီတော့ ကိုယ်လာရင်း ခရီးမှာ ထားရမည့် စိတ်ထားကို မေ့နေလို့ကတော့ အုတ်ကျိုး အုတ်ပဲ့ အုတ်ပုံတွေကို လာကြည့်ရသလိုပါလို့လည်း တွေးမိတတ် မြင်မိတတ်ပါတယ်။

ဒါကြောင့် ဒီခရီးကို သွားတော့မယ်ဆိုရင် ဘုရားဂုဏ်တော် (ရတနာသုံးပါးဂုဏ်တော်) များများထုံဖို့ ပွားဖို့နှင့် မမြဲခြင်း အနိစ္စ၊ ဆင်းရဲခြင်း ဒုက္ခနှင့် အစိုးမရခြင်း အနတ္တသဘောကို များများကြီး နှလုံးသွင်းကာ သွားသင့်ကြောင်း သတိပြုပြီး စိတ်ကို ပြုပြင်ထားသင့်ပါသည်။ 

ဘုရားရှိခိုး ရွတ်ဆိုနေကြတဲ့ တိဗက်ရဟန်းတော်များနှင့် အနောက်တိုင်းမှ ဆည်းကပ်သူအချို့
တစ်ချို့ကတော့ ဘုရားဖူးခရီးသွားပြီးလျှင် သေလျှင် အပါယ်မကျကြောင်း၊ နတ်ပြည်ရောက်မည့်အကြောင်း ပြောသံကြားလို့ လာကြသူတွေလည်း နည်းလှမယ် မထင်ဘူး။ ဒါနှင့် ပတ်သက်တဲ့ မြတ်ဗုဒ္ဓရဲ့ မိန့်ကြားချက်ကို မဟာပရိနိဗ္ဗာန သုတ်တော်မှ ကောက်နှုတ်တင်ပြရလျှင် -

“အာနန္ဒာ၊ သဒ္ဓါတရားရှိသော ရဟန်း၊ ရဟန်း မိန်းမ၊ ဥပသကာ၊ ဥပါသိကာမတို့သည် “ဤအရပ်၌ မြတ်စွာဘုရား ဖွားမြင်တော်မူ၏၊”  “ဤအရပ်၌ မြတ်စွာဘုရား အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏၊ “ဤအရပ်၌ မြတ်စွာဘုရားသည် အမြတ်ဆုံးသော ဓမ္မစကြာ တရားကို ဟောတော်မူ၏၊ “ဤအရပ်၌ မြတ်စွာဘုရားသည် ခန္ဓာအကြွင်းအကျန် မရှိသော ငြိမ်းခြင်းသဘောရှိသော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏” ဟု အောက်မေ့ သတိယပြီး လာရောက်ကြကုန်လိမ့်မည်။ အာနန္ဒ၊ စေတီ ပုထိုးတို့ကို ဖူးမျှော်ရန် လှည့်လည် သွားလာသော သူတို့သည် ကြည်ညိုသော စိတ်ထားဖြင့် သေကုန်ငြားအံ့။ ထိုသူအားလုံးတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ကြရကုန်လိမ့်မည်”။ 

အဲဒီ ဟောကြားချက်မှာ “ကြည်ညိုသော စိတ်ထားဖြင့် သေကုန်ငြားအံ” ဆိုတဲ့ စကားရပ်ကို သတိပြုသင့်ပါတယ်။ ကြည်ညိုတဲ့ စိတ်နှင့် ကွယ်လွန်မှ နတ်ပြည်ရောက်မှာပါ။ သွားဖူးရုံ ရောက်ဖူးရုံနှင့်တော့ သို့မဟုတ် ကွယ်လွန်ခါနီး ဆဲဆဲမှာ မကောင်းတဲ့ အာရုံ၊ မကောင်းတဲ့ စိတ်တွေနှင့် ကွယ်လွန်သွားလို့ကတော့ နတ်ပြည် မရောက်နိုင်ပါဘူး။ ဒီလို အဓိပ္ပါယ်ကောက်မှလည်း အခြားသော ဗုဒ္ဓရဲ့ ဟောကြားချက်တွေနှင့် ကိုက်ညီမှာပါ။ ဒါကြောင့် ခရီးမသွားခင် ကတည်းက ခရီးစဉ်အတွင်း ထားရမည့် စိတ်ထားကို ကြိုးစားကာ ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း အကြံပြုလိုက်ချင်ပါတယ်။

ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ။

ဘုန်းဉာဏ်

ဗုဒ္ဓဂါယာ ဘုရားဖူးခရီး (၂)

လုမ္ဗိနီဥယျဉ်တော် (၁)
စာရေးသူတို့ ဘုရားဖူးခရီး လှည့်လည် ခဲ့စဉ်က ဗုဒ္ဓဂယာမှသည် ရာဇဂြိုဟ်၊ ပါဋလိပုတ်၊ ဝေသာလီ၊ ကုသိနာရုံ၊ လုမ္ဗိနီ၊ သာဝတ္ထိ၊ ဗာရာဏသီ ခရီးစဉ်အတိုင်း လှည့်လည် ဖူးမြော် ခဲ့ကြပါတယ်။ ခုတော့ အဲဒီ ခရီးစဉ်အတိုင်း မရေးတော့ပဲ ဖြစ်စဉ်အတိုင်း ရေးပါ့မယ်။ ရေးတဲ့ အခါ ဖွား ပွင့် ဟောစံ ဆိုတဲ့ သံဝေဇနိယ လေးဌာနကို အဓိက ရေးပါမယ်။ သို့သော်လည်း သံဝေဇနိယ လေးဌာနထဲ မပါပေမဲ့ ရောက်ခဲ့တဲ့ နေရာအချို့ အကြောင်းလည်း အလျှဉ်းသင့်သလို ထည့်ရေးပါဦးမယ်။ ဒါကြောင့် အခု “ဖွား၊ ပွင၊့် ဟော၊ စံ” ထဲက ပထမဆုံးဖြစ်တဲ့ အလောင်းတော်မြတ် ဖွားမြင်တော်မူရာ လုမ္ဗိနီနှင့် စကြပါစို့။

လုမ္ဗိနီကို ဟို အရင်ကတော့ ရထားတတန် ကားတစ်တန်နှင့် သွားခဲ့ကြရတယ်လို့ သိရတယ်။ ခုတော့ ကားစင်းလုံး ငှါးကြလို့ သွားလာရေး လွယ်ကူလာတယ်။ ဘုရားဖူး ခရီးစဉ်ကားတွေက သာဝတ္ထိမှ လလုမ္ဗိနီသို့ သို့မဟုတ် ကုသိနာရုံမှ လုမ္ဗိနီသို့ သွားကြပါတယ်။ သာဝတ္ထိမှ လုမ္ဗိနီသို့ ၂၂၂ ကီလိုမီတာ ဝေးပြီး ကုသိနာရုံမှ လုမ္ဗိနီသို့ ၁၃၉ ကီလိုမီတာ ဝေးပါတယ်။

လုမ္ဗိနီဆိုတာ အရေးကြီးတဲ့ ဘုရားဖူးရာ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဟို … လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်လောက်တုန်းကတော့ အပင်ချင်းဆိုင်ပြီး အကိုင်းအခက်တွေ ယှက်နွယ်နေခဲ့တဲ့ လုမ္ဗိနီသာမော အင်ကြင်းတောကြီးပေါ့။ အခုတော့ အင်ကြင်းပင် တစ်ပင်မှ မတွေ့ရပါဘူး။ ဒီနေရာဟာ ကပိလဝတ္ထုပြည်နှင့် ဒေဝဒဟပြည်တို့ရဲ့ အကြားမှာ တည်ရှိတဲ့ ဥယျာဉ်တောပါ။ ခုခေတ်မှာတော့ နီပေါနိုင်ငံ၊ Rupandehi District ထဲက ခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာတစ်ခုပေါ့။ ဒီ ဥယျာဉ်ကို မနက်စောစောပိုင်းကနေ ညနေအစောပိုင်းအထိ နိုင်ငံသားများ အပါအဝင် နိုင်ငံတကာ ဘုရားဖူးတွေ လာရောက် လည်ပတ်ကြတယ်လို့ ဆိုပါတယ်။

ဘုရားရှင်ရဲ့ မယ်တော် မဟာမာယာဒေဝီဟာ အဲဒီခေတ်က ထုံးစံအရ မီးဖွားဖို့ မိဘရပ်ထံ ပြန်ရာမှာ ခရီးဆုံးမရောက်ခင် သာယာ ကြည်နူးဖွယ်ရာ ဒီလုမ္ဗိနီ အင်ကြင်းတောမှာ ဘုရားအလောင်းတော် သားတော် သိဒ္ဓတ္ထ ဂေါတမကို ဖွားမြင်တော်မူခဲ့ပါတယ်။ သုတ္တနိပါတကျမ်းက “လုမ္ဗိနီဇနပုဒ်က သကျမျိုးနွယ်တို့ရဲ့ ရွာဖြစ်တဲ့ လုမ္ဗိနီမှာ ဘုရားလောင်းတော်ကို ဖွားမြင်တော်မူခဲ့တယ်”လို့ မှတ်တမ်းတင်ခဲ့လို့ အဲဒီနေရာ အနီးမှာ ရွာရှိတယ်လို့ ယူဆနိုင်ပါတယ်။

ဘုရားအလောင်းတော် ဖွားမြင်တော်မူတာနှင့် ပတ်သက်လို့ ကျေးဇူးတော်ရှင် လယ်တီ ဆရာတော်ဘုရားကြီးက -

သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်။ ။ နတ် လူအောင်မြို့ လမ်းပါကို။။” လို့ စပ်ဆို ပူဇော်တော်မူခဲ့ပါတယ်။

လုမ္ဗိနီ နေရာကို နီပေါ ရှေးဟောင်းသုတေသနပညာရှင်တွေ အထူးသဖြင့်တော့ Khadga Samsher Rana ရဲ့ အားထုပ်ုကိုးပမ်းမှုတွေကြောင့် (၁၈၉၆) ခုနှစ်မှာ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပြန်လည် တူးဖော်ရှာဖွေတဲ့ နေရာမှာ တရုပ်ခရီးသွား (ဘုရားဖူး ခရီးသည်)ရဟန်း ဖာဟီယမ် Fa Xian ရဲ့ မှတ်တမ်းမှတ်ရာတွေကို အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။

စကားစပ်လို့ ဆိုရလျှင် ဖာ ဟီယန် (337 – c. 422 CE) ဆိုတာ တရုပ်လူမျိုး ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါးပါ။ သူက နီပေါ၊ အိန္ဒိယနှင့် သီရိလင်္ကာ နိုင်ငံတွေကို ဗုဒ္ဓစာပေကျမ်းဂန်များ ရယူဖို့ ခရစ်သက္ကရာဇ် ၃၉၉နှင့် ၄၁၂)တွေမှာ သွားခဲ့တာပါ။ ရောက်ရာအရပ်က မှတ်သားဖွယ်ရာ ထူးခြားတာတွေကို မှတ်တမ်းတင်ထားခဲ့တာမို့ သူ့မှတ်တမ်းတွေဟာ ခုတော့ ဗုဒ္ဓဘာသာ သမိုင်းနှင့် စာပေအတွက်သာမက ရှေးဟောင်းယဉ်ကျေးမှုအတွက်ပါ များစွာ အသုံးဝင်နေပါတယ်။

အဲဒီမှာ အရေးအကြီးဆုံးကတော့ ဘုရားအလောင်းတော် ဖွားမြင်ခဲ့တဲ့ “တိကျတဲ့ နေရာ” ကို ဖူးမြင်ရခြင်းပါပဲ။ အဲဒီ နေရာကို အထိမ်းအမှတ် လုပ်ထားခဲ့ရာက နောက်ပြန်လည် တွေ့ရှိခဲတာ ဖြစ်နိုင်ပါတယ်။ ဘုရားအလောင်းတော် မင်းသားဟာ ဘုရားမဖြစ်ခင်ကတည်းကိုက သူ့ရဲ့ ကြီးမြတ်တဲ့ နှစ်လုံးသား၊ ထက်မြက်တဲ့ ဥာဏ်ပညာ၊ ပြတ်သားတဲ့ သူ့လုပ်ရပ်၊ ရဲစွမ်းတဲ့ သူ့သတ္တိ စတာတွေကြောင့် ဒီနေရာကို နန်းတွင်းသူ နန်းတွင်းသားတွေ၊ သူ့ကို ချစ်ခင် ကြည်ညိုသူတွေက သူမွေးဖွားခဲ့ရာ နေရာလို့ အမှတ်တရ အနေနှင့် မှတ်သားပြောဆိုလေ့ ရှိနေခဲ့တဲ့ နေရာ ဖြစ်နိုင်လောက်ပါတယ်။

နောင်အခါမှာ တောထွက်သွားတော့လည်း သူ့ကို ချစ်မြတ်နိုး လွမ်းဆွတ်သူတွေဟာ ဒီနေရာ ရောက်လေတိုင်း သူ့ကို သတိတရ ရှိနေခဲ့ကြပြီး တမ်းတပြောဆိုနေကြတော့မှာပါပဲ။ လောကမှာ ဘုရားလို့ ထင်ထင်ရှားရှား ဖြစ်တော်မူတဲ့ အခါမှာတော့ မှတ်သားပြောဆိုသူတွေ ပိုများလာမှာ အမှန်ပါပဲ။ ဒီနည်းနှင့်ပဲ ဒီနေရာကို အစဉ်အဆက် မှတ်သားခဲ့ကာ နောင်တစ်ချိန်မှာ အထိမ်းအမှတ်တွေ၊ နောက်တော့ ကျောင်းတော်တွေ ဖြစ်လာခ၊ဲ့ မှတ်သားခဲ့တာ ဖြစ်နိုင်တယ်လို့ တွေးကြည့်ရတာပါပဲ။

(ဆက်ပါဦးမည်)
ဘုန်းဉာဏ်

(ရိုက်ခဲ့တဲ့ ကျောက်တိုင် ဓာတ်ပုံက တင်ဖို့ အစဉ်မပြေလို့ http://en.wikipedia.org/wiki/Lumbini က ယူတင်လိုက်ပါတယ်။) 

ဗုဒ္ဓဂါယာ ဘုရားဖူးခရီး (၃)

လုမ္ဗိနီဥယျဉ်တော် (၂)

Sal tree (အင်ကြင်းပင်)
လုမ္ဗိနီနေရာဟာ ကမ္ဘာ့ အမွေ အနှစ်များဆိုင်ရာ အစီအစဉ် (World Heritage Program) အတွက် အထူးအမည်စာရင်း တင်သွင်းခံခဲ့ရတဲ့ Unesco World Heritage Site ပါ။ ဒီနေရာမှာ စိတ်ဝင်စားဖွယ်ရာ ကြည့်ရှု ဖူးမြင်စရာများအဖြစ် -

(၁) အသောက ကျောက်စာတိုင်၊
(၂) မာယာဒေဝီကျောင်းတော်၊ 
(၃) ရှေးဟောင်း ရေချိုးကန်၊ 
(၄) ဗောဓိပင်၊
(၅) ရှေးဟောင်း ကျောင်းကန် အပျက်အစီးများကို ကြည့်ရှု ဖူးမြင်စရာများအဖြစ် တွေ့မြင်နိုင်ပါတယ်။  

(၁) အသောက ကျောက်စာတိုင်
အသောက ကျောက်စာတိုင်ကို ၂၄၉ ဘီစီတွင် အသောကမင်းကြီး ဘုရားဖူးလှည့်လည်စဉ် မြတ်စွာဘုရား ဖွားမြင်တော်မူရာ အရပ်၌ စိုက်ထူထားခဲ့ပါတယ်။ ယခု မြင်တွေ့ရသော ကျောက်တိုင်၏ မမြင့်သည် ၁၃ ပေနှင့် ၆ လက်မ ရှိပြီး လုံပတ်သည် ၇ ပေ ၃ လက်မရှိပါတယ်။ မြေထဲတွင် ၁၀ ပေလောက် မြှပ်ကာ ခိုင်ခိုင် ခံ့ခံ့ စိုက်ထူထားကြောင်း သိရပါသည်။ ခုနှစ်ရာစု အေဒီလောက်တွင် ဤနေရာသို့ ဖုရားဖူးရောက်လာခဲ့သော တရုပ်ရဟန်းတော် အရှင် ဟူအင်စံက သူ၏ မှတ်တမ်းထဲတွင် ဤကျောက်တိုင်နှင့် ပတ်သက်၍ “အသောက ကျောက်တိုင်သည် နှစ်ပိုင်းကျိုးနေ၍ မြင်းရုပ်ရှိသော အထက်ပိုင်းသည် မြေပေါ်၌ လဲနေကြောင်း” ဖော်ပြခဲ့သည်။ (အရှင် ပညိန္ဒာဘိဝံသ၊ “အိန္ဒိယ မြန်မာ ဗုဒ္ဓဘာသာ”၊ တိပိဋက နိကာယ ဥပဋ္ဌာက အဖွဲ့၊ ၁၉၉၂ ။ စာ ၃၂)

သိဒ္ဓတ္ထမင်းသား ဖွားတော်မူရာ အထိမ်းအမှတ် အသောက ကျောက်တိုင်
ကျောက်တိုင်ပေါ်၌ ဗြာဟ္မီ အက္ခရာဖြင့် စာကြောင်း ငါးကြောင်း ရေးထိုးထားပါတယ်။ အဲဒီ စာကြောင်းတွေကို အခုခေတ်လူတွေ နားလည်ဖို့ ပါဠိ၊ အင်္ဂလိပ်နှင့် အခြားဘာသာတစ်ခုနှင့် ကြေးပြားတစ်ခုပေါ်မှာ ဘာသာပြန် ရေးပြထားပါတယ်။ (နီပေါဘာသာနှင့် ရေးထိုးထားဟန်တူပါတယ်။ မမေးခဲ့ရလို့ အတိအကျ မသိပါဘူး။) ရေထိုးထားခဲ့တာက -

အသောကကျောက်တိုင်ပေါ်က စာ (ဘာသာပြန်)
ဒေဝါနံ ပိယဒဿီ (အသောက) မည်သော ဘုရင် မင်းမြတ်သည် အဘိသိက်ခံယူပြီးနောက် အနှစ်နှစ်ဆယ် မြောက်ကာလ၌ ကိုယ်တော်တိုင် ကြွချီတော်မူလာခဲ့ပေသည်။ ဤနေရာ၌ သကျမုနိဗုဒ္ဓ ဖွားမြင်တော်မူရကား (ဖွားမြင်တော်မူရာ) အမှတ်အသားဖြစ်သည့် ကျောက်တုံးကို ရှိခိုးပူဇော်တော်မူပြီး ကျောက်တိုင် တစ်တိုင်ကိုလည်း စိုက်ထူတော်မူခဲ့ပေသည်။ ဤနေရာ၌ ရှင်တော်မြတ် ဖွားမြင်တော်မူပြီးရကား လုမ္ဗိနီရွာ၏ အခွန်တော်ကို ရှစ်ဖို့ တစ်ဖို့သို့ လျှော့ချတော်မူသည်” လို့ ဖြစ်ပါတယ်။

(၂) မာယာဒေဝီကျောင်းတော် 
မာယာဒေဝီကျောင်းတော် ဆိုတာကတော့ ဘုရားအလောင်းတော်ကို ဖွားမြင်တော်မူခဲ့တဲ့ နေရာလို့ ပြောဆိုကြပါတယ်။ ရှေးဟောင်းကျောင်းတော်ကို ဘုရားဖူးတွေ ကြည့်လို့ အဆင်ပြေအောင် သင့်တော်သလို ပြန်လည် ဆောက်လုပ်ထားပါတယ်။ အဲဒီမှာ အခု တွေ့မြင်နိုင်တာက ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူပုံ ထွင်းထုထားသည့် ကျောက်ပြားတစ်ချပ်ကိုပါ။  ဒီပုံဟာ ကျောက်စာထဲမှာ ဖော်ပြထားသည့်အတိုင်း အသောက မင်းကြီး ထုလုပ်ပြီး စိုက်ထူခဲ့သည့် ရုပ်ပုံမှ ပုံတူ ကူးထားတဲ့ ရုပ်ပုံ ဖြစ်လေမည်လားလို့ အချို့ကလည်း တွေးကြပါတယ်။ ရှေးက ထုလုပ်ခဲ့တဲ့ ခြေရာတစ်ခုလဲ ရှိပါတယ်။ မယ်တော် မာယာရဲ့ ခြေရာ အထိမ်းအမှတ်လို့ ထင်တာပါပဲ။

(၃) ရှေးဟောင်း ရေချိုးကန်  
ရှေးဟောင်း ရေချိုးကန် (Puskarini or Holy Pond) ကတော့ အစဉ်အလာအရ မီးမဖွားမီ မယ်တော် မာယာဒေဝီ ရေနှစ် (ရေစိမ်)တဲ့ ကန်ဖြစ်ပါတယ်တဲ့။ အချို့ကလည်း အလောင်းတော်မင်းသားကို ဖွားမြင်တော်မူပြီးသည့် အခါ ရေသုံးသပ်ပေးရာ အရပ်လို့ ဆိုကြပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ တရုပ်ရဟန်းတော် အရှင် ဟူအင်စံက သူရဲ့ မှတ်တမ်းထဲမှာ ဤရေကန်ကို ကြည်လင် သန့်ရှင်းသည့် ရေရှိကြောင်း မှတ်တမ်းတင်ခဲ့ပါသေးတယ်။

ဗောဓိပင်နှင့် ဘုရား အလောင်းတော်ကို ရေသုံးသပ်ပေးရာ ရေကန်
(၄) ဗောဓိပင်
ဗောဓိပင် တစ်ပင်ကို တွေ့ရပေမဲ့ သမိုင်းကြောင်းကို စာရေးသူ မသိပါ။ အထိုက်အလျှောက် ရှာဖွေ ဖတ်ရှုကြည့်ပေမဲ့ မတွေ့မိသေးပါဘူး။ (ဒီစာတွေကို နှောင်မှာ ပြုပြင် ဖြည့်စွက်သွားဖို့ စိတ်ကူးရှိပါတယ်။ တွေ့လျှင်တော့ အဲဒီအခါမှာ ဖြည့်စွက် ဖော်ပြပေးပါ့မယ်။)

(၅) ရှေးဟောင်း ကျောင်းတော်ရာ
အလွန်တရာ ခမ်းနား ကြီးကျယ်ခဲ့ဟန်တူတဲ့ ကျောင်းတော်ကြီးရဲ့ အုတ်မြစ်ကိုလည်း အဲဒီ လုမ္ဗိနီဥယျာဉ်ထဲမှာ တွေ့ရပါတယ်။ နှစ်ရာစု ဘီစီခေတ်က ဖြစ်ကြောင်း စာတမ်းလေးတွေ ရေးချိတ်ထားတာ တွေ့ရပါတယ်။ နှစ်ရာစု ဘီစီခေတ်က စေတီတော်ခြောက်ဆူတန်း အုတ်မြစ်တွေ၊ အဲဒီခေတ်ကပဲ တည်ထားခဲ့တဲ့ လေးထောင့်စေတီတော်ကြီးရဲ့ အုတ်မြစ်၊ နှစ်ရာစု ဘီစီ - နှစ်ရာစု အေဒီခေတ်မှ ကျောင်းတော်ရာ စသည်တို့ကိုလည်း ကြည့်ရှုလေ့လာနိုင်ပါတယ်။

ဗုဒ္ဓဘာသာဝင် သူတော်စင် ဘုရားဖူး ခရီးသည် အနေနှင့်ကတော့ ဘုရားရှင်ဖွားမြင်တော်မူခဲ့ရာကို ဖူးမြော် ပြီး ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို အထပ်ထပ် ရွတ်ဆိုခြင်း သို့မဟုတ် ပွားများခြင်း၊ မမြဲတဲ့ သင်္ခါရသဘော၊ မြဲတဲ့ သေခြင်းသဘောတို့ကို သတိယကာ သံဝေဂယူခြင်း၊ ခမ်းနား ကြီးကျယ်ခဲ့တဲ့ ကျောင်း ကန် အဆောက်အဦပျက်တွေကို ကြည့်ပြီး အမြဲတဲ့ အနိစ္စသဘောကို စောကြော ဆင်ခြင် ရှုမှတ်ခြင်းဖြင့် ဘာဝနာကုသိုလ် ပွားများသင့်ကြောင်းပါ။

ဝန်ခံချက်။ ။ ဗောဓိပင်နှင့် ရေကန်ပုံကို http://en.wikipedia.org/wiki/Lumbini မှ ယူပါသည်။
 
ရည်ညွှန်း။
၁။ အရှင် ပညိန္ဒာဘိဝံသ၏ အိန္ဒိယ မြန်မာ ဗုဒ္ဓဘာသာ၊ တိပိဋက နိကာယ ဥပဋ္ဌာက အဖွဲ့၊ ၁၉၉၂ ။ စာ ၃၂။
၂။ http://en.wikipedia.org/wiki/Lumbini
(မှတ်ချက်။ ။ ဘုန်းဉာဏ် Wisdom of Dhamma ရဲ့ ခရီးသွားဆောင်းပါးကို ပြန်လည် မျှဝေသည်။)