Showing posts with label Sagaing စစ်ကိုင်း. Show all posts
Showing posts with label Sagaing စစ်ကိုင်း. Show all posts

Sunday, June 30, 2013

မုံရွာအနီး အလောင်းတော်ကဿပသွား တောလား

အလောင်းတော်ကဿပသွား တောလား 
 
ဒီနေ့ တပေါင်းလပြည့် အခါသမယမှာ  မြန်မာပြည်သူ ပြည်သားတွေ  ကြည်ညို သဒ္ဓါပွားများနိုင်ဖို့ ပေးပို့လာတဲ့ အလောင်းတော်ကဿပ ခရီးသွား ဆောင်းပါးနဲ့ ဓာတ်ပုံတွေကို လိုအပ်တာ ပြန်လည် ပြင်ဆင်ပြီး အမိမြန်မာပြည် အမှတ်တရ အနေနဲ့ တင်ပြပေးလိုက်ပါတယ်..။ ရောက်ဖူးသူတွေလည်း ယခုလက်ရှိ အနေအထားကို သိရှိနိုင်ဖို့နဲ့ မရောက်ဖူးသေးတဲ့ သူတွေအတွက်လည်း အမိမြန်မာပြည်က လက်ရှိမြင်ကွင်းတွေကို သိမြင်ခံစားနိုင်စေဖို့ အလောင်းတော်ကဿပ သွားတောလားပေါ့ဗျာ..။   

အလောင်းတော်ကဿပ လှိုဏ်ဂူရှိရာ ကနီမြို့နယ်ကို မုံရွာတစ်ဘက်ကမ်း ညောင်ပင်ကြီးဆိပ်ကနေ မိုင် (၈ဝ) ကျော် ခရီးလောက်သွားရပါတယ်. ။ ရန်ကုန်ကနေ ဘုရားဖူးကားစီးသွား၊ မုံရွာမြို့ရောက်ရင် မောင်းထောင်ကျောင်းတိုက် ၀င်းထဲမှာရှိတဲ့ (ဦးညိုဝင်းနှင့် ရောင်းရင်းများ) Mini Bus တွေနဲ့ အလောင်းတော်ကဿပ တောထဲကို ဆက်သွားရပါတယ်။ ကားခကတော့ တစ်ယောက်ကို အသွားအပြန် (၁၂၀၀၀ကျပ်)ပေးရပါတယ်..။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကားခပါ။ မုံရွာကနေ အလောင်းတော်အထိကို မိုင်(၈၀)ကျော်ရှိပါတယ်။ ဟိုးယခင် အခါတွေကတော့ နွားလည်း သို့မဟုတ် ဆင်တွေနဲ့ တောလမ်းခရီးကို စွန့်စွန့်စားစား သွားရပါတယ်..။ ခုခါမှာတော့ နိုင်ငံတော်အစိုးရရဲ့ စေတနာကြောင့် ... ချောမွေ့နေပြီလို့ ဆိုရမှာပေါ့ဗျာ..။ တောင်တက်လမ်း ဖြစ်တဲ့အပြင်၊ မြေသားလမ်း ဖြစ်တာကြောင့် လမ်းခရီး အတော် ကြမ်းတမ်းပါတယ်။ ဘုရားဖူးလာ ဗုဒ္ဓဘာသာဝင်များကတော့ စေတနာဇော နဲ့လာရောက် ဖူးမြှော်တာ ဖြစ်တဲ့အတွက် လမ်းခရီးမှာ အဆင်မချောမွေ့တဲ့ မည်သည့်ကိစ္စကိုမဆို အင်မတန် သည်းခံကြတာကို တွေ့ရပါတယ်..။ (ဒါကလည်းနိုင်ငံတော် အစိုးရက အနှစ်(၂၀)ကျော် လေ့ကျင့်ပေးထားတာပါ.. ဒီလိုပဲ ကျေးဇူးဆိုတာ ရှာကြံတင်ရတယ်လေ)။

အလောင်းတော် ကဿပ ခရီးတ၀က်ဖြစ်တဲ့ (ကပိုင်ရွာ)မှာ ခရီးတစ်ထောက်နားကြပြီး အမောပြေကြံရည်၊ လက်ဖက်ရည်၊ အဆာပြေ ထမင်းကြော်တွေ ဝယ်စားပေါ့..။ စားသောက်ကြပြီး ခရီးဆက်သွားရင်တော့ (ကပိုင်ရွာ)ကနေ အလောင်းတော်ကို ၂၇မိုင်ကျော်ဆို ရောက်ပြီလေ..။ ဒါပေမဲ့ အလောင်းတော် ကဿပ ဘေးမဲ့ကြိုးဝိုင်း နီးလာလေ တောင်တက်လမ်းများက ကြမ်းတမ်း မတ်စောက်လာလေပါပဲ။ 
 အလောင်းတော်ကဿပ ဘေးမဲ့ကြိုးဝိုင်းအနီး ရောက်လာတဲ့ အခါမှာတော့ တောပိုင်၊ တောင်ပိုင် နတ်ကွန်းလို့ ဒေသခံတွေက ပြောကြပေမယ့် ဗုဒ္ဒဘုရားရှင် ဆင်းတုတော်(၃)ဆူ ကိုသာတွေ့ရပြီး၊ ကားဒရိုင်ဘာနှင့် ကားစပါယ်ယာတို့က ကားပေါ်မှဆင်းကာ အမွှေးနံ့သာတိုင်နှင့်၊ ဆီမီးအလင်းတိုင်တွေ ထွန်းညှိ ပူဇော်လှုဒါန်းကြပေါ့..။ ဘေးအန္တရာယ် ကင်းရှင်းပါစေကြောင်း ဆုတောင်းကြတာတွေ လုပ်ပေါ့။ ကားဒရိုင်ဘာနှင့် စပါယ်ယာတို့မှ ကားပေါ် စီးနင်းလိုက်ပါလာတဲ့ ဘုရားဖူးဓမ္မ မိတ်ဆွေများကို ဤနေရာမှ စပြီးကားပေါ်မှ တံတွေးထွေးချခြင်း၊ ညစ်ညမ်းသော စကားများပြောဆိုခြင်း၊ နောက်ပြောင် ပြောဆိုခြင်း၊ မဆင်မခြင်အပေါ့၊ အလေးသွားခြင်းတို့ကို လုံးဝမပြုလုပ်ကြပါရန် အနူးအညွတ် တောင်းပန်ကြပေါ့ ။ သူ့ရပ်ရွာ စည်းကမ်းတွေကိုတော့ လိုက်နာကြရတယ်လေ..။ အဲ့ဒီကနေနောက်ထပ် တစ်နာရီလောက် ကြာအောင်ကားကို မောင်းနှင်ပြီးရင်တော့ အလောင်းတော်ကဿပ ကိုယ်တော်မြတ်ကြီး သီတင်းသုံးရာ နယ်နိမိတ်အတွင်းသို့ ရောက်ပါပြီ.။

 ဆင်အရောင်မဲ့နဲ့ အကျိုးပြုဆင် ကွာတယ်နော်...
 အသုံးဝင်တဲ့ ဆင်တွေက ဒီမှာလေ.. အသုံးမဝင်တဲ့ ဆင်အရောင်မဲ့ တွေကတော့ နေပြည်တော်မှာဆိုလားပဲ.. ဒါတောင် အဲ့ဒီ့အရောင်မဲ့ ဆင်ကိုရှိခိုး အားကိုးနေတဲ့ လူတွေရှိတယ် ဆိုပဲ.. ကြားမိတာပါ..
အလောင်းတော် သီတင်းသုံးရာ နေရာကို အဲ့ဒီကနေ နောက်ထပ် ၇ဖာလုံ(တစ်မိုင်ခန့်) ထပ်သွားရပါတယ်။ ခြေလျှင် လျှောက်သူများကလည်း ခြေလျှင်ခရီး၊ တချို့သက်ကြီးရွယ်အိုများနဲ့ ကလေးသူငယ်များ၊ ကျန်းမာရေးမကောင်းသူများကတော့ ဆင်စီးပြီး ခရီးဆက်ကြပါတယ်။ ခရီးသည်တင် ဆင်တွေကတော့ အစိုးရ သစ်တောဌာနမှ ဆင်များဖြစ်သလို၊ ကိုယ်ပိုင်ပုဂ္ဂလိက ဆင်များလည်းရှိပါတယ်။ အလောင်းတော်ကဿပ အ၀င် ဆိုင်းဘုတ်နေရာမှ အလောင်းတော် သီတင်းသုံးရာ ဂူအနားထိ ဆင်စီးခ လူတစ်ယောက်ကို(၂၀၀၀ကျပ်)ပေးရပြီး၊ ဆင်တကောင် အပေါ်မှာ လူ(၄)ယောက်သာ လိုက်ပါ စီးနင်းခွင့်ရှိပါတယ်။ အလောင်းတော် ကဿပကိုယ်တော်မြတ်ကြီး၏ ရုပ်တုတော် သီတင်းသုံးရာ စံကျောင်းတော်တွင်းကို ဘုရားဖူးတွေ ၀င်ရောက် ရှိခိုးပူဇော်ကြပြီး၊ အလောင်းတော် ရုပ်တုတော်မြတ်ကြီးအား ရွှေသင်္ကန်း ကပ်လှုပူဇော်ကြပါတယ်။ ရုပ်တုတော် သီတင်းသုံးရာ စံကျောင်းတော် ပတ်ဝန်းကျင် အနီးအနားမှာတော့ အလောင်းတော်ကဿပ သမိုင်းစာအုပ်၊ ပုံတော်၊ VCD များအပြင် ဆင်ပြီးလက်စွပ်၊ တောထွက်ဘယဆေးများ၊ မုန့်ဟင်းခါး၊ အသုပ်စုံ၊ ကော်ဖီ၊ လက်ဖက်ရည်ဆိုင်တွေလည်း ခင်းကျင်း ရောင်းချနေကြရပါတယ်။ 
 အဲ့ဒီနောက်မှာတော့ အလောင်းတော်ကဿပ ကိုယ်တော်မြတ်ကြီး နောက်ဆုံးပရိနိဗာန်ပြု အဓိဌာန်ခဲ့တဲ့ ဂူပေါက်ဝကို သွားရောက် ပူဇော်ဖို့အတွက် စတီးလှေကား နဲ့ဂူအောက် တောင်ကြားသို့ ဆင်းကြရပါတယ်။ အလောင်းတော် ကိုယ်တော်မြတ်ကြီး အဓိဌာန် ပရိနိဗာန်ပြုခဲ့တဲ့ ဂူပေါက်ဝကို ရောက်တဲ့အခါမှာ ဦးခိုက်ရှိခိုးကန်တော့ကြပြီး၊ အလောင်းတော်ကြီး သီတင်းသုံးရာ ဂူပေါက်ဝနံရံကို ရွှေသင်္ကန်းများနဲ့ ကပ်လှုပူဇော် ဆုတောင်း အဓိဌာန်ပြုကြပါတယ်။
 ဗုဒ္ဒဘာသာဝင်တွေရဲ့ စေတနာသဒ္ဒါတရား ထက်သန်မှုကို ဒီခရီးစဉ်မှာ ထင်ရှားစွာမျက်မြင် တွေ့ရှိရပါတယ်။ မြန်မာပြည်က ပြည်သူပြည်သား ဗုဒ္ဒဘာသာဝင်တွေဟာ ဘုရားဖူးရာသီ ရောက်တာနဲ့ မိမိတို့တစ်နှစ်တာ ရှာဖွေ စုဆောင်းထားတဲ့ ငွေလေးများနှင့် ကုသိုလ်ထူးရအောင် ဘုရားဖူးခရီးကို ကြိုးစားထွက်ကြရပါတယ်။ သို့ပေမဲ့ (နိုင်ငံတော် အစိုးရရဲ့ စေတနာနဲ့) ပြည်တွင်း  စီးပွါးရေး ကြပ်တည်းမှုကြောင့် အများစုဟာ ဘုရားဖူးခရီးမထွက်နိုင်ကြပဲ၊ စိတ်ရည်မှန်းကာပဲ မြန်မာပြည်တွင်းရှိ တန်ခိုးကြီးဘုရား အဆူဆူတို့ကို ဖူးမြော်ပူဇော်ကြရပါတယ်။ ဤဆောင်းပါးကို ရေးသားလိုက်ရခြင်း စေတနာကြောင့် မြန်မာပြည်သူလူထုကြီး စိတ်၏ဆောင်ရာ၊ ကိုယ်၏လွတ်မြောက်ရာ တရားဒေသနာတွေကို လွယ်ကူ လျှင်မြန်စွာ ရရှိပါစေကြောင်း ဆုတောင်းပတ္ထနာ ပြုလိုက်မိပါတော့သည်။
ပေးပို့လာသူအား ကျေးဇူးတင်ပါသည်...။


Friday, June 28, 2013

ဝက်သားတင်တဲ့ နတ်ပွဲ - စစ်ကိုင်း


Friday, August 10, 2012

ဓာတ်ပုံ- မျက်ရှု့ သုတ၊ ရသမဂ္ဂဇင်း

စစ်ကိုင်းမြို့နယ် သာဒွန်းကျေးရွာ၌ ၀က်သားများကို အမျိုးစုံစွာ စီရင်ပြုလုပ်ပြီး ပူဇော် ပသသော ထူးထူးခြားခြား နတ်ပွဲကို ဇွန်လ ၂၁ ရက်နေ့က အစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့သည်။

နတ်များအား ပူဇော်ပသမှုပြုလုပ်ရာတွင် ၀က်သားကိုအထူး ရှောင်ကြဉ်လေ့ရှိကြသော်လည်း စစ်ကိုင်းမြို့ အနောက်ဘက် မအူလေးရွာအုပ်စုဝင် သာဒွန်းကျေးရွာမှာ လွန်ခဲ့သည့် နှစ်ပေါင်း ရာချီကတည်းကပင် ယင်း ကဲ့သို့ ၀က်သားဟင်း အမယ် စုံနှင့် ထူးခြားစွာ ပူဇော်ဆက်သ လာကြကြောင်း သိရှိရသည်။

နတ်ပွဲမှာ မြင်းဖြူရှင်အား ပူဇော်ပသသော ပွဲဖြစ်ပြီး နှစ်စဉ် နယုန်လပြည့်ကျော် ၅ ရက်နေ့တွင် ကျင်းပလေ့ ရှိကြပြီး အဆိုပါ နေ့မှာ ဗုဒ္ဓဟူးနေ့နှင့် တိုက်ဆိုင်နေပါက( ဗုဒ္ဓဟူး နတ်ရူး တောင် မကပ်ဘူးဟုဆိုကာ) နောက် ၂ ရက် လွှဲ၍ နယုန်လပြည့် ကျော် ၇ ရက်နေ့တွင် ကျင်းပလေ့ရှိကြောင်း သိရှိရသည်။

အဆိုပါ နတ်ပွဲကျင်းပရာ သာဒွန်းရွာတောင်ဘက် အ၀င်ပေါက်ရှိ နတ်ကွန်းတွင် ညနေ ၃ နာရီ ၀န်းကျင်ခန့်၌ ဆိုင်းသံ၊ ဗုံသံ မပါဘဲ ပူဇော်ပသခြင်းလည်း ဖြစ်သည်။

ပူဇော်ရာတွင် ရွာရှိအိမ်ထောင်စု တစ်စုလျှင် ယခုနှစ်၌ ငွေ ၁၅၀၀ ကျပ် ကောက် ခံ ပြီး ရရှိငွေများမှ ၀က်သား တုံး သီးသန့် ခုနစ်တုံးနှင့် အတူ ၀က်သားနှင့် ငါးရံ့ခြောက်၊ ၀က်သားနှင့် ဖရုံသီး၊ ၀က်သားနှင့် ငရုတ်သီးကြော်၊ ၀က်သား ဆန်ပြုတ် အစရှိသည့် ၀က်သားကို မျိုးစုံစီမံ ချက်ပြုတ်ကာ ကောက် ညှင်းပေါင်းအဖြူ၊ အနီ၊ အုန်းသီး စိပ်၊ ထုံးနှင့် ဆန်ကြမ်းများ ရော၍ တိရစ္ဆန်ရုပ်ပုံ သဏ္ဌာန်များ ပြုလုပ်ထားသော ထိုးမုန့်များဖြင့် ဒေသခံ လူကြီးများ က နတ်ကွန်းပေါ်သို့ တက်ရောက်ပြီး ပူဇော်ပသကာ ရွာသူ၊ ရွာသားများက နတ်ကွန်းအောက် ကွင်းပြင်မှ ပူဇော်ကန်တော့ ကြသည်။

နတ်ကွန်းတိုင်ခြေများတွင်လည်း ဆင်စာ၊ မြင်းစာအဖြစ် ထည့်သွင်းပူဇော်ကြကြောင်း တွေ့ရသည်။ လာရောက် ပူဇော်သူ များအား ဒေသအခေါ် (ဗြုန်းစပ်) ဟု ခေါ်သည့် ၀က်သားဆန်ပြုတ်တစ်အိုး၊ ထမင်း၊ ငှက်ပျောသီး ၈ လုံး၊ ကောက်ညှင်း ပေါင်း အဖြူ၊ အနီ၊ ငရုတ်သီးကြော်၊ ဖရုံသီးချက်များကို ပြန်လည်ဝေငှလေ့ ရှိကြောင်း ရွာသားတစ်ဦးကလည်း ဆိုပါသည်။


နတ်ပွဲတွင် ပြန်လည် ဝေငှသော ၀က်သားဆန်ပြုတ်(ဗြုန်း စပ်) ချက်ပြုတ်ရာတွင် ဆန် ၂ တင်း နှင့်ဝက်သား ၃၅ ပိဿာ အသုံးပြု ချက်ပြုတ်ခဲ့ရပြီး ယခုနှစ်ပူဇော်ပသသည့် ပွဲအရေအတွက်မှာ ၂၆၂ ပွဲရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အညာဒေသများတွင် မြင်းဖြူရှင်နတ်မှာ ကိုးကွယ်မှုများသော နတ်ဖြစ်ပြီး အညာဒေသ ရှိ သစ်ပင် ကြီးများ အောက်တွင် မြင်းဖြူရှင် နတ်ကွန်းများကို မြင်တွေ့နိုင်ပြီး မြင်းဖြူရှင် နတ်လေးမျိုး ရှိသည်ဟု သိရသည်။

တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း မြင်းဖြူရှင်များလည်းရှိရာ သာဒွန်း ရိုးရာ နတ်ပွဲမှာ ပျော်ပွဲ၊ ရွှင်ပွဲအဖြစ် ကျင်း ပ ပြီးစီးရပြီး ပျော်ရွှင်ဖွယ်မဖြစ်ပါက နောက် တစ်ကြိမ်ပြန်လည် ပူဇော် ဆက်သကြရကြောင်း သိရသည်။

ကိုးကွယ်ယုံကြည် မှုများအရ ရိုးရာနတ်ပွဲများကို တစ်ရွာ တစ်ပုဒ်ဆန်း ကိုယ့် အယူအဆနှင့်ကိုယ် ကျင်းပသော ဆိုင်းသံ၊ ဗုံ သံ တညံညံဖြင့် ကျင်းပလေ့ ရှိသော ရတနာ့ဂူ၊ တောင်ပြုန်း၊ ပခန်းကြီး အစရှိသည့် နတ်ပွဲကြီးများထိ နည်းမျိုးစုံနှင့် ပူဇော် ပသရာ ၀ါဆို၊ ၀ါခေါင် လများမှာ အဆိုပါပွဲတော်များ အများဆုံး ကျင်းပလေ့ရှိသောလ များ ဖြစ်သည်။

ရီရ

မျက်ရှု့သုတ ရသ မဂ္ဂဇင်းမှာ ကူးယူဖော်ပြသည်။