Monday, August 22, 2011

ရခိုင် မြောက်ဦးခရီး - ၂၀၁၁



မိုးစက်မှော်ရဲ့ ခရီးသွား ဆောင်းပါးကို ပြန်လည် ဝေမျှခြင်း ဖြစ်ပါတယ်။

ရန်ကုန်သား ကျွန်တော် မြောက်ဦးကို ပထမဆုံးအကြိမ် ရောက်ဖူးတာ အသက် ၃၅ နှစ်ထဲ ရောက်မှပါ။ တိတိကျကျ ပြောရရင် အခုနှစ် ၂၀၁၁ ခုနှစ် ဧပြီလထဲမှာ သင်္ကြန်မတိုင်ခင်လေးမှာ ကျွန်တော် ရောက်သွားခဲ့ပါတယ်။ အလွန်သဘောကျသွားခဲ့ပါတယ်။
စကားစပ်လို့ ပြောရရင် အခုနှစ် မတ်လနဲ့ ဧပြီလထဲမှာ မြန်မာပြည် အရှေ့၊ အနောက်၊ တောင်၊ မြောက် ကျွန်တော် သွားနိုင်ခဲ့ပါတယ်။ အရှေ့ဘက်ဆို ရှမ်းပြည် အင်းလေး၊ ပင်းတယ၊ အနောက်ဘက်ဆိုရင်တော့ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်ပေါ့။ တောင်ဘက်ဆို ထားဝယ်ဘက်ကို ရောက်ခဲ့ပြီး မြောက်ဘက်မှာတော့ မြစ်ကြီးနားအထိ တက်နိုင်ခဲ့ပါတယ်။ အလယ်ဘက်ဆို မန္တလေးနဲ့ အောက်နည်းနည်းကျတဲ့ ပြည်ကိုလည်း တခေါက်အရောက် သွားခဲ့ပါတယ်။
အဲဒီမှာ ထူးခြားတာ ဘာတွေ့သလဲဆိုတော့ အစစ်အဆေးများလွန်းတဲ့ ရန်ကုန်-ထားဝယ် ခရီးစဉ်မှာ တောထဲ တောင်ထဲ ဘတ်စ်ကား ဖြတ်မောင်းရတော့ လက်နက်ကိုင်တွေ တွေ့လေမလား ဆိုပြီး စိတ်ပူခဲ့မိပါတယ်။ မသွားခင် မိတ်ဆွေတချို့က ခြောက်လုံးလှန့်လုံးတွေ ပြောလိုက်တာကိုးဗျ…၊ ကံကောင်းလို့ ကျွန်တော် ဘာမှ မဖြစ်ခဲ့ပါဘူး။ အဲ… ဒါပေမဲ့ ပြီးခဲ့တဲ့ မေလထဲမှာလားတော့ မသိ၊ လက်နက်ကိုင်တွေက ထားဝယ်သွားတဲ့ လမ်းမှာ ခရီးသည်တင်ကားကို ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ကြားရပြန်တော့ စိတ်မကောင်းပါဘူး။
တခါ မန္တလေးနဲ့ ပြင်ဦးလွင်မှာတော့ ပြီးခဲ့တဲ့ ဇွန်လထဲမှာပဲ ဗုံးတွေကွဲပါတယ်။ ဈေးချိုဟိုတယ်၊ ဈေးချိုရှေ့… အဲဒီနေရာတွေကိုလည်း ကျွန်တော် သွားခဲ့ပါသေးတယ်။ တော်ပါသေးရဲ့… မြန်မာပြည်ကြီး အလည်အပတ် သွားရတာလည်း စိတ်ပူပန်စရာ… မတော်လို့ ကျွန်တော် သွားလာနေတုန်း ကွဲတဲ့နေရာမှာ ရှိနေမယ်ဆို အခုလို စာလေးတောင် ရေးနိုင်တော့မှာ မဟုတ်တော့ပါဘူး။
အဆိုးဆုံးက ကချင်ပြည်နယ်၊ မြစ်ကြီးနား…။ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်ကစပြီး အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ် KIA တို့ တိုက်ကြ၊ ခိုက်ကြ၊ ရန်စောင်ကြတာအပြင် တံတားချိုးလိုက်၊ လမ်းဖျက်လိုက် လုပ်နေကြတော့ ကျွန်တော်သာ အဲဒီရောက်နေတုန်း အခုလို ရထားလမ်း မိုင်းဗုံးခွဲ၊ တံတားချိုးနဲ့ဆို ရန်ကုန်တောင် ပြန်ရောက်ပါ့မလား မသိဘူးလို့ တွေးမိပြန်ပါတယ်။
စစ်ဖြစ်တယ်ဆိုတာ မကောင်းပါဘူးလို့ လူတိုင်းသိတာမျိုး ပြောတာထက် တခြား ကျွန်တော် ဘာများ လုပ်နိုင်ပါမလဲ။ စစ်ကို ဖန်တီးတဲ့ သူတွေ အများကြီး စဉ်းစားကြဖို့ ကောင်းပါတယ်။ ပြည်သူတွေဟာ တိရစ္ဆာန်တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ တိရစ္ဆာန်တွေကိုတောင် တန်ဖိုးထားလို့ ချစ်ကြသေးတာပဲ မဟုတ်လား။
အခုတော့ မြောက်ဦးမှာ ရေကြီးသွားခဲ့ပြီ။ ကျွန်တော် သွားခဲ့တဲ့ နေရာတွေမှာ အခုလို ဖြစ်နေတော့ စိတ်မကောင်း ဖြစ်မိတယ်။ နောက်ပြီး ငါ ကံကောင်းလို့ လို့လည်း တွေးမိသေးတယ်။ လူဆိုတာ ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင် သေသွားနိုင်တယ် မဟုတ်လား။ နောက်ပြီး အစားမတော် တလုတ်၊ အသွားမတော် တလှမ်းဆိုတာ ရှိတယ် မဟုတ်လား။ မစားဘူးလို့ စားပါတယ် အခန့်မသင့်လို့ သေ၊ မရောက်ဘူးလို့ သွားပါတယ် ဒုက္ခရောက်လို့ သေ ဆိုရင် ဘယ့်နှယ့်လုပ်မလဲ။
ကဲ မြောက်ဦးအကြောင်းလေး ဆက်ကြဦးစို့…။ မြောက်ဦးကို သွားဖို့ ရန်ကုန်ကနေ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေကို လေယာဉ်နဲ့ အရင် သွားရပါတယ်။ အဲမန္တလေး လေကြောင်းလိုင်းက လက်မှတ်လွယ်တာနဲ့ လက်မှတ်ဖြတ်တော့ အသွား ၈၀၀၀၀ ကျပ်၊ အပြန် ၈၀၀၀၀ ကျပ် ၀ယ်ရပါတယ်။ ဆန်းဖား လေယာဉ် လက်မှတ်အရောင်းဌာနမှာ ၀ယ်တာ လွယ်လွယ်ပဲ အဆင်ပြေပါတယ်။
ဧပြီလ ၁၂ ရက်
မနက် ၆ နာရီအမှီ လေယာဉ်ကွင်း အရောက်ဆင်းရတယ်၊ လေယာဉ်ပျံက မနက် ၇ နာရီ ထွက်မှာကိုး။ အဲမန္တလေးလေယာဉ် စီးတာမှာ ထူးခြားချက်ကတော့ လေယာဉ်မယ်တွေ စကားပြောတာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာစလုံးကို ပီပီသသ ကြည်ကြည်မြမြ ပြောတာပါပဲ။ စကားကို ပေါ့ပေါ့ မပြောဘူး၊ ပဲသံ မပါဘူး။ ခရီးသည် နားလည်အောင် ပြတ်ပြတ်သားသား ကြည်ကြည်လင်လင် ပြောပါတယ်။ ကျွန်တော်စီးတဲ့ လေယာဉ်က အဲဒီလေယာဉ်မယ်ပဲ အဲဒီလို ပြောသလားတော့ မသိပါဘူး။
အရင်စီးဖူးတဲ့ အဲပုဂံရော၊ မြန်မာ့လေကြောင်းကပါ လေယာဉ်မယ်တွေ စကားပြောတဲ့အခါ ပေါ့ရွှတ်ရွှတ်နဲ့ ဒါမှမဟုတ် ပဲသံနဲ့ ကျွန်တော့်နားထဲ အ၀င်မချောပါဘူး။ ကျွန်တော် စဉ်းစားထားပါတယ်၊ ရည်စားထားရင်တောင် အဲဒီလို မထိတထိ ပြောတဲ့၊ လိုတာထက် ပဲသံများတဲ့ ကောင်မလေးကို မကြိုက်ဘူးလို့…၊ ပီပီပြင်ပြင် ကြည်ကြည်လင်လင် လူနားလည်အောင် ပြောနိုင်တဲ့ မိန်းကလေးမျိုးပဲ ရှာမယ်လို့…။
ဒီလိုနဲ့ တနာရီသာသာ စီးလိုက်တော့ မနက် ၈ နာရီနဲ့ မိနစ် ၂၀ မှာ စစ်တွေ လေယာဉ်ကွင်း ရောက်တယ်။ တထပ်အဆောက်အဦ လေယာဉ်ကွင်းလေးပါပဲ၊ လေယာဉ်ကွင်းထဲမှာကို သစ်ပင်တွေ ရှိနေတော့ စိမ်းစိမ်းစိုစိုလေး ဖြစ်နေတာကို သဘောကျသလို ရင်ထဲလည်း အေးချမ်းသွားပါတယ်။
စစ်တွေလေဆိပ်ကနေ လှေဆိပ်ကို တက္ကစီခက တယောက်ကို ၂၀၀၀ ကျပ်တောင် ပေးရတယ်။ ဒါတောင် လူစုစီးတာနော်…၊ တယောက်တည်း တစီးသွားတာ မဟုတ်ဘူး။ ရန်ကုန်မှာ တယောက်ထဲ တကားလုံးစီးမှ ပေးရတဲ့ဈေးကို စစ်တွေမြို့မှာ ပါပလေကာ ကားနောက်ခန်းက စီးပြီး ၂၀၀၀ ကျပ် ပေးလိုက်ရတော့… အော်… နယ်တွေမှာ ကားရှားတော့ ကားခကလည်း ဈေးကြီးသကိုးလို့ပဲ တွက်မိပါတယ်။
အဲဒီကနေ လှေဆိပ်ရောက်၊ လှေရှာလိုက်တာ လှေတစီး ရပါတယ်။ စစ်တွေကနေ မြောက်ဦးကို ကုလားတန်မြစ်ကြောင်းအတိုင်း ခုတ်မှာ…။ စကားမစပ် ကုလားတန်မြစ်ကြီးက ငယ်ငယ်က ပထ၀ီဝင် ဘာသာရပ်ထဲမှာ အော်ကျက်ခဲ့လို့ သိနေတာ… အခုလက်တွေ့ မြင်တွေ့လိုက်ရတော့ဗျာ အလွန်ချစ်မိတာပါပဲ။ ရခိုင်သားတို့ သန့်ရှင်းလှပတဲ့ ကုလားတန်ကို ပိုင်ရတာနဲ့တင် သေလို့ ရနေပါပြီ။ မြစ်ပြင်ကြီးက စိမ်းလို့လှလို့… ကျယ်ပြောလိုက်တာကလည်း မျက်စိ အတော်ကောင်းမှ တဖက်ကမ်းကို မြင်နိုင်တာကလားဗျာ။
အဲ… လှေကိုလည်း တက္ကစီလိုပဲ စပ်စီးရတာပါပဲ။ စစ်တပ်လှေကြီး တစင်းလုံး ခရီးသည် လေးယောက်၊ တယောက်ကို ၁၅၀၀၀ ကျပ်။ မှန်းခြေ စစ်တွေနဲ့ မြောက်ဦးကို ၆ နာရီလောက် ခုတ်ရတာဗျ၊ သာသာပဲ ခုတ်လို့လားတော့ မသိဘူး။ ပလက်ကုလားထိုင် တလုံးစီပေးထားတော့ ပလက်ကုလားထိုင်မှာ မှေးလိုက်၊ ချစ်လွန်လွန်းလို့ မြစ်ကြီးကို ကြည့်လိုက်၊ မနေနိုင်လောက်အောင် ဖြစ်လာရင် ဓာတ်ပုံထရိုက်လိုက်နဲ့ ကျွန်တော်တော့ တော်တော်ပျော်ခဲ့တာပါပဲ။
သမိုင်းဝင်ရှေးဟောင်းမြို့ မြောက်ဦးက ရခိုင်ဘုရင်တွေရဲ့ ရှေးဟောင်း ဘုရားတွေ မဖူးရသေးဘူး၊ ကုလားတန်မြစ်ကြီး မြင်ရတာနဲ့တင် ကျွန်တော့်မှာတော့ ဒီ ခရီးတန်သကွာလို့ တွေးနေပြီး အားရကျေနပ်မဆုံး ဖြစ်နေပါပြီ။ ကျွန်တော်ဟာ မြစ်တစင်းကို ဒီလောက် တခါမှ မချစ်ဖူးပါဘူး၊ ပွင့်ပွင့်လင်းလင်း ပြောရရင် မိခင် ဧရာဝတီလို့ တင်စားကြတဲ့ ဧရာဝတီမြစ်ကိုတောင် ဒီလို မချစ်ခဲ့ဖူးသေးဘူး။ လှေကြီးကလည်း ခရီးသည်လေးယောက် အတွက်တော့ အတော်ကြီးတဲ့ လှေကြီးပါ၊ သစ်သားလှေကြီးပေါ့။ စက်သံကလည်း ပထမတော့ ညံလို့ဗျ၊ နောက်တော့လည်း မြစ်ပြင်ကျယ်ကြီးမှာ စက်သံဟာ ရော့ရော့သွားတာပေါ့။
မထင်ထားတာက လှေက ထမင်းကျွေးတာပါ။ ဟုတ်တာပေါ့… ကျွန်တော်မှာက အိပ်ဆောင် မုန့်လေးပဲလေး ပါပေမယ့် ထမင်းတော့ စားချင်တာပါပဲ။ အဲဒီမှာ လှေက ကပ္ပတိန် (သူကြီး) က ခင်ဗျားတို့ကို ထမင်း ကျွေးမယ်လို့ ပြောလာပါတယ်။ ဘာပြောကောင်းမလဲဗျာ… ၀မ်းသာသွားတာပေါ့။ နောက်တခုက ဒေသစာ၊ ရခိုင်စာ၊ လှေစာ စားရမှာကိုလည်း ကျွန်တော်က မြည်းစမ်းကြည့်ချင်တာကိုး…၊ ငါးဟင်းရေကျဲလေးနဲ့ (ရခိုင်တွေက ဆီလျှော့ သုံးလေသလား) ထမင်းကျွေးတာ ကျွန်တော်ကတော့ သုံးပန်ကန်လောက် အုပ်ထည့်လိုက်တာပါပဲ။ ကျွန်တော်က ငါးဟင်းဆို အဲဒီလို ရေကျဲ သိပ်ကြိုက်တာဆိုတော့ ဗိုက်ဆာဆာနဲ့ အတော် စားကောင်း သွားပါတယ်။
ထမင်းစားပြီး ပလက်ကုလားထိုင်လေးမှာ မှေး၊ ကော်ဖီမစ်ကို ဖြည်းဖြည်းချင်း အရသာခံသောက်၊ ကုလားတန်မြစ်ကြီးကို ဖြတ်သန်းတိုက်ခိုက်နေတဲ့ လေအေးအေးကို မျှင်းရှု၊ လှေကို လာရိုက်နေတဲ့ လှိုင်းသံကို အာရုံစိုက်ပြီး နားထောင်နဲ့ ကျွန်တော့်မှာ ဇိမ်ကျသလို မကျသလိုနဲ့ အတော်ကြီးကို အလုပ်ရှုပ်နေပါတော့တယ်။
ညနေစောင်း မရောက်တရောက်မှာ မြောက်ဦးမြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ ကမ်းကို ကပ်တယ်၊ ကမ်းနားမှာပဲ သင်္ကြန်နားနီးလို့လား မသိဘူး၊ ရခိုင်ကျင်ပွဲ (နပန်း) တပွဲ ကစားနေတာ တွေ့တာနဲ့ အပြေးအလွှား သွားကြည့်ပြီး ဓာတ်ပုံလေး ဘာလေး ရိုက်လိုက်သေးတယ်။ ပြီးမှ လှေဆိပ်နဲ့ သိပ်မဝေးတဲ့ နန်းမြို့တော် တည်းခိုခန်းမှာ တည်းလိုက်တယ်။ တည ၈၀၀၀ နဲ့ ၁၀၀၀၀ ကျပ် အမျိုးအစား ရှိတယ်။ ဘန်ဂလိုပုံစံ နေချင်လည်း ရတယ်။ ကျွန်တော် သွားချိန်က ဧည့်ချိန် မဟုတ်တော့ လူမရှိဘူး။
အဲဒီညကတော့ တခြားသွားစရာအတွက် အချိန်လည်း မဟုတ်တော့တာနဲ့ ထမင်းထွက်စားပြီး အိပ်လိုက်တယ်။ နောက်တရက်မှ မြောက်ဦးက ဘုရားစုံနဲ့ ကျောက်တော် မဟာမုနိ ဖူးမယ်လို့ တွက်လိုက်တယ်။ သဘက်ခါ မနက်ပိုင်း ရေအတက်မှာ လှေနဲ့ စစ်တွေ ပြန်ထွက်ရမှာကိုးဗျ။
နောက်နေ့မနက်ကျတော့ ကျောက်တော်နဲ့ မြောက်ဦး ဘုရားစုံဖူးဖို့ ၀ီလီဂျစ်တစီးကို တနေကုန် ငှားလိုက်တယ်။ မောင်းသူနဲ့ ဆီအပါ တရက်စာ ၆၀၀၀၀ ကျပ် ပေးရတယ်။ မနက် လက်ဖက်ရည်သောက်ပြီးတာနဲ့ ကျောက်တော် မဟာမုနိဖူးဖို့ ထွက်လာခဲ့ကြတယ်။ ကားလမ်းကတော့ ဆိုးသလား မမေးနဲ့၊ ကျွန်တော့် ဖင်ပိန်ပိန်မှာ အခုထက်ထိ နာနေသေးတယ်။
လမ်းမှာ မြောက်ဦး ရထားလမ်းဖောက်နေတာ တွေ့တယ်။ ဘူဒိုဇာကြီးတွေနဲ့ မြေတူး၊ မြေဖို့၊ လမ်းကြောင်းဖော်၊ တောင်ကြောလှီး လုပ်နေကြတယ်။ မြောက်ဦးမြို့မှာ ရထားလမ်း ဖောက်တာဖြစ်လို့ အဖိုးတန် သမိုင်းအမွေအနှစ် ယဉ်ကျေးမှု လက်ရာတွေ မပျက်စီး မထိခိုက်ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။
နောက်ပြီး စစ်တွေ-ရန်ကုန် လမ်းရဲ့ တစိတ်တပိုင်းအဖြစ် ပုဂ္ဂလိကကို တာဝန်ယူဖောက်လုပ်စေပြီး လမ်းအသုံးပြုခ ကောက်ခံခွင့်ပေးမယ့် ပုဂ္ဂလိက လမ်းပိုင်းတွေ ဖောက်နေတာကိုလည်း တွေ့တယ်။ ဖုန်တထောင်းထောင်းနဲ့ လုပ်ငန်းခွင်ဟာ ရခိုင်မုနိ ဘုရားမုခ်ဦးအ၀င်မှာ ထင်ထင်ရှားရှား တွေ့ရတယ်။
မြောက်ဦးကနေ ရခိုင်ကျောက်တော်မုနိအထိ မိုင် ၂၀ လောက်ပဲ ဝေးပေမယ့် လမ်းက ဆိုးလွန်းတော့ ဂျစ်ကားနဲ့ကို အချိန် နှစ်နာရီလောက် မောင်းရပါတယ်။ ဘုရားရောက်တော့ ရခိုင်မုနိကို ဖူးမ၀ပါပဲ။ ရွှေသင်္ကန်းတွေလည်း ကျွန်တော် ကပ်လှူပြီး ရခိုင်ပြည်အပါအ၀င် မြန်မာတပြည်လုံး တိုင်းပြည်ကြီး အေးချမ်းသာယာ ပါစေကြောင်း၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ အမြန်ဆုံး တိုးတက်ရရှိ ပါစေကြောင်း ဆုတွေတောင်းရတာပေါ့။
ဆုတွေ တကယ်ပြည့်အောင်လည်း တပည့်တော် ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်း အားထုတ်ပါမယ်လို့… ဘုရားကို လျှောက်ထားရတာပေါ့။ တော်ကြာ… ဘုရားကိုပဲ တာဝန် အကုန်ပေးပြီး ကိုယ်က ဘာမှ မလုပ်ဘဲနေလို့ ဆုမပြည့်ခဲ့ရင် ဘုရားကပဲ တန်ခိုး မရှိသလိုလို ဖြစ်နေဦးမယ် မဟုတ်လား။
အဲဒီကနေ ကျောက်တော်ဈေး သွားကြည့်ဦးမလားဆိုပြီး သဘောကောင်းတဲ့ ကားဒရိုင်ဘာက မေးတော့ ကျွန်တော်တို့ သွားကြတယ်။ မင်းသား ရန်အောင်နဲ့ မင်းသမီး မေသန်းနုတို့ ကြံ့ခိုင်ရေးကား ရိုက်ခဲ့ကြတဲ့ ကစ္ဆပနဒီ တံတားကြီးကိုလည်း ဖြတ်သန်းကြတယ်။ ဒီတံတားကြီးကတော့ စစ်အစိုးရလက်ထက်မှာ ထိုးခဲ့တာပါ။ ဒါလေးတော့ ကျေးဇူးတင်စရာပါ။ တံတားကြီးက တော်တော်ကောင်းပါတယ်။
ကျောက်တော်ဈေးရှေ့မှာတော့ ရခိုင်သင်္ကြန်အတွက် မဏ္ဍပ်တွေ ထိုးလို့ ပြင်ဆင်နေကြပါပြီ။ ဈေးကလည်း နောက်ဆုံးရက်လား မသိပါဘူး၊ ရောင်းနေတုန်းပါပဲ။ ကျောက်တော်ဈေးနား ပတ်ဝန်းကျင်က ရပ်ကွက်တွေကို တပတ်ပတ်ကြည့်ပြီး ကျောက်တော်မုနိရှေ့က ထမင်းဆိုင်မှာ နေ့လယ်စာ ပြန်စားကြပါတယ်။ ထမင်းစား ပြီးတော့ ဖူးမ၀နိုင်သေးတဲ့ မဟာမုနိကို တကြော့ပြန် ဖူးကြပါတယ်။ အဲဒီလိုဖူးတော့ စစ်တိုင်းမှူးအမေ ဘုရားလာဖူးတယ်ဆိုလို့ လူတွေရှုပ်နေတာနဲ့ ခပ်သွက်သွက် ကန်တော့ပြီး မြောက်ဦးက ဘုရားတွေ ဖူးဖို့ ပြန်ခဲ့ကြပါတယ်။
အပြန်လမ်းမှာ ဝေသာလီဆုတောင်းပြည့် ဘုရားကြီးကို ၀င်ဖူးခဲ့သေးတယ်။ အဲဒီမှာလည်း တိုက်တိုက်ဆိုင်ဆိုင် “မရမာကြီး“ မိသားစုတစုနဲ့ တွေ့တယ်။ သူတို့လည်း ဘုရားကိုတော့ တော်တော် ယုံယုံကြည်ကြည် ရှိခိုးကြတာပါပဲ။ စကားစပ်လို့ မေးကြည့်တော့ သူတို့က ဘုရားအမျိုး(အနွယ်)တွေလို့ ပြောတာပါပဲ။ မှတ်ပုံတင်တောင် ထုတ်ပြလိုက်သေးတယ်။ ပဌာန်းဆက်တွေ လာတွေ့ကြာတာလို့ပဲ အောက်မေ့မိပါတယ်။
ညနေခင်းမှာတော့ ညနေဆည်းဆာ မတိုင်ခင်လေး ရခိုင်မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်က ဘုရားတွေ နိုင်သလောက် အပြေးအလွှား ဖူးကြပါတယ်။ လောကမာရ်အောင်ဘုရား၊ ဘုရားပေါ်ဘုရားကြီး၊ ရှစ်သောင်း၊ ကိုးသောင်း၊ ထုက္ကသိန်၊ ရတနာပုံဘုရားနဲ့ တခြားဘုရားတွေလည်း အများကြီးပါပဲ။ အဲဒီမှာ သင်္ကြန်မတိုင်ခင်မို့ ဘုရားကို ရေလာသပ္ပာယ်ကြတဲ့ ရခိုင်သူပျိုဖြူချောတွေလည်း တွေ့ပါတယ်။ သူတို့ကတော့ ဘုရားရေချိုးတယ်လို့ပဲ ရိုးရိုးပြောပါတယ်။ သူတို့ပြောသလိုဆို ဘုရားက ညစ်ပတ်တာပေါ့၊ တနှစ်မှတခါ သူတို့လာမှ ရေချိုးတယ်။
ဒီလိုနဲ့ ဂျစ်ကားတစင်းနဲ့ ဘုရားအပြေးအလွှားဖူးရင်း မှောင်လာတော့တယ်။ မမှောင်ခင်လေးမှာ မြောက်ဦး နန်းတော်ရာကုန်းကိုလည်း သွားကြည့်လိုက်သေးတယ်။ မြောက်ဦးက အဲဒီ ယဉ်ကျေးမှုနယ်မြေလို့ခေါ်တဲ့ ဘုရားပရိဝုဏ်တွေ အတွင်းမှာလည်း လူနေရပ်ကွက်တွေက ရှိနေတယ်။ ဘင်္ဂလားအိုးလို့ ခေါ်ကြတဲ့ ဖင်ကြီးကြီး လည်ပင်းသေးသေး ဒန်အိုးဖြူဖြူတွေနဲ့ ရေခပ်နေတဲ့ ရခိုင်လုံမငယ်တွေ၊ ဈေးသည်ဈေးဝယ်တွေ၊ ပြေးလွှား ဆော့ကစားနေတဲ့ ကလေးငယ်တွေကိုလည်း တွေ့ခဲ့ ရပါတယ်။
ဘုရားတွေလည်း ဖူး၊ ရခိုင် ယဉ်ကျေးမှုကိုလည်း နိုင်သလောက် ကြည့်ရှုလေ့လာပြီး တည်းခိုခန်း ပြန်ရောက်တော့ လူလည်း ဖလက်ပြနေပြီ။ ရေမိုးချိုးပြီးတော့မှ နည်းနည်း ပြန်လန်းသွားတယ်။ ဒါနဲ့ ထမင်း ထွက်စားပြီး အိပ်လိုက်တာ တရေးထဲနဲ့ နောက်တမနက် မိုးလင်းပါလေရောလား။
ဒါနဲ့ ရေမကျခင် (မနက်စောစောပိုင်း နေမပြင်းခင်) လှေဆိပ်ပြန်ဆင်း၊ အချိန် ခြောက်နာရီလောက် ပြန်ခုတ်လာ၊ လှေပေါ်မှာ နေ့လယ်စာ စား (ဒီတခါတော့ ကြက်သားဟင်းနဲ့ ကျွေးတယ်၊ ဆီများနေလို့ အလာတုန်းကလောက် စားမကောင်းတော့…)၊ မွန်းလွဲ နှစ်ချက်တီးကျော်လောက် စစ်တွေ ပြန်ရောက်လာကြတယ်။
တည်းခိုခန်းမှာ အထုပ်အပိုးတွေ ချပြီး၊ စစ်တွေမြို့ပေါ်က ဘုရားတွေ ဖူးဖို့ ဆိုက္ကားတစီးနဲ့ ထွက်ခဲ့တယ်။ အမှန်တော့ သင်္ကြန်ရေပက်ခံ ထွက်တယ်လို့လည်း ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တွေမှာက သင်္ကြန်ကျနေပြီ။ ကျွန်တော်က မြောက်ဦး ရောက်နေခဲ့တာကိုး။
စစ်တွေမြို့တော်ရဲ့ ဦးဥတ္တမ ပန်းခြံရှေ့က သင်္ကြန်မဏ္ဍပ်ကြီးကလည်း ဖွင့်ထားပြီဆိုတော့ လောင်းထဲရေထည့်ပြီး စစ်တွေပျိုဖြူချောတွေ ပက်နေကြပြီ။ လူပျိုကာလ သားတွေကလည်း စနေကြပြီ။ ဒီပွဲကြီးပွဲကောင်း ကျွန်တော် လက်လွှတ်ခံလို့ မသင့်ပေဘူးမို့လားဗျာ၊ ဒါကြောင့် တည်းခိုခန်းမှာ အထုပ်ပစ်ချပြီး ဆိုက္ကားတစင်းနဲ့ ချက်ချင်းကို ပြန်ထွက်လာခဲ့တာပါ။
ပထမဆုံးတော့ ရိုးရာမပျက် စစ်တွေမြို့ရဲ့ ရွှေတိဂုံလို့ ပြောရမယ့် လောကနန္ဒာဘုရားကြီးကို အရင်ဖူးလိုက်တယ်၊ ဒေသခံ ရခိုင်တွေက အဲဒီဘုရားကိုတောင် ဦးခင်ညွှန့် ဘုရားလို့ ခေါ်ကြတယ် မှတ်တာပဲ။ အခုတော့ ဖြုတ်ထုတ်အရေးယူခံရလို့ ဒုက္ခနဲ့လှလှတွေ့နေတဲ့ အရင် စစ်အစိုးရရဲ့ နံပါတ်သုံး ဗိုလ်ချုပ်ကြီးခင်ညွှန့် လက်ထက်က ဒီ ဘုရားကြီး ကောင်းစားခဲ့လို့ အဲဒီလို ခေါ်ကြတယ်မှတ်တယ်လို့ စိတ်ထဲက တွေးမိပါတယ်။ အဲဒီ ဘုရားဝင်းထဲမှာပဲ စကြ်ာမုနိဘုရားကို ဖူးရတယ်။ အတော် သပ္ပာယ်ပြီး ကြည်ညိုဖို့ ကောင်းတယ်။ ဘုရားဖူးပြီးမှ သင်္ကြန်မဏ္ဍပ်တွေကို ဆိုက္ကားနဲ့ လိုက်ငေးတယ်၊ သဘောကျရင် ဓာတ်ပုံရိုက်တယ်။
စစ်တွေသင်္ကြန်က ရန်ကုန်သင်္ကြန်ထက်တောင် ပိုပျော်ဖို့ ကောင်းတယ်လို့ ထင်ရတာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်သူ ရခိုင်သားတွေ တအားပျော်နေကြတာကို တွေ့ရလို့ပါ။ ကားကြီး ကားငယ် အသွယ်သွယ်နဲ့ လူတွေ အော်ဟစ် သွားလာနေကြတယ်၊ ယောက်ျားလေး မိန်းကလေး အေးဆေးပဲ။ မိုက်တယ်။ ကျွန်တော့်လို ဆိုက္ကားတွေနဲ့ သွားသူရှိသလို၊ လှည်းနဲ့ သွားသူတွေလည်း ရှိတယ်၊ ကားကတော့ အများဆုံးပေါ့။ အဲ… ထော်လာဂျီတောင် ပါသေးတယ်။ ဆောင်းဘောက်စ်ကြီး တွေလည်း တင်ထားလိုက်ကြသေးတယ်။ မိုက်တယ်… ကြိုက်တယ်… ခိုက်တယ်။
လမ်းလျှောက်အဖွဲ့တွေ၊ ထိုင်အဖွဲ့တွေလည်း ရှိသေးတယ်ဆိုတာ စစ်တွေ ရခိုင်သင်္ကြန်မှာ ကိုယ်တိုင် ကြုံခဲ့ရတာပါ။ ကာလသား ဗလမောင်တချို့က တီရှပ်ပေါ်မှာ ဗလမောင်ဓာတ်ပုံနဲ့၊ ရခိုင်ပုဆိုး ရခိုင်ခမောက်နဲ့ ခါးတောင် တကျိုက်ကျိုက်၊ ပုဆိုးတမမ သင်္ကြန်လည်ကျသလို (မော်ဒန်ပါပဲ) လူကြီးဝိုင်းလို့ ဆိုရမလား ပလက်ဖောင်းပေါ် ရိုးရာ တီးဝိုင်းလေး ထောင်၊ ခွက်ပုန်းလေး ချ၊ ဆိုတီးလေးနဲ့ သင်္ကြန်အရသာ ငြိမ့်လှပါသဗျာ။ ရန်ကုန်မှာတောင် အဲဒီ အရသာလေးတွေ ရမယ်ဆို ရွှေ့ထားလိုက်ချင်မိပါရဲ့…။
ကျွန်တော့်ရဲ့ မြန်မာပြည် အရှေ့၊ အနောက်၊ တောင်၊ မြောက် ခရီးစဉ်မှာ မြောက်ဦးအရသာကိုတော့ တော်တော်နဲ့ မေ့မှာ မဟုတ်တော့ပါဘူး…။
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်။
မွန်းလွဲ ၂ နာရီ